ပွင့်ဖြူ    ၉  ဇွန်

မြန်မာပြည်၏ ဗုဒ္ဓဂါယာဟု အမှတ်သညာပြုကြသည့် ပွင့်ဖြူမြို့နယ် စန္ဒကူးနံ့သာ ကျောင်းတော်ရာစေတီကြီးကို ပုဂံခေတ်လက်ရာများ ဖြည့်စွက်ကာ  ဒေါက်တာခင်ရွှေနှင့် ဇနီး ဒေါ်စန်းစန်းကြွယ် (ဇေကမ္ဘာမိသားစု)မှ ဦးဆောင်ဦးရွက်ပြုပြီး  ကျိုက်ထီးဆောင်း ငါးသုံးလီမိသားစုနှင့် ခုနှစ်ရက်သားသမီးတို့၏ အလှူမှုတို့ဖြင့် ဘက်စုံပြုပြင်မွမ်းမံလျက်ရှိကြောင်း မင်းဘူးခရိုင် အုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။    

 

73748

 

ရတနာစိန်ဖူးတော်၊ ရတနာငှက်မြတ်နားတော်၊ မကိုဋ်သုံးဆင့် ရွှေထီးတော်သစ် ဆပ်ကပ်ခြင်း၊ ထီးတော်ဟောင်းကို ထီးစေတီအသစ် တည်ထားကိုးကွယ်ခြင်းနှင့် လုံးတော်ပြည့် ရွှေရောင်စတီးသင်္ကန်း ကပ်လှူခြင်းများကို လတ်တလော လုပ်ဆောင်နေပြီး ဇူလိုင် ၁၃ ရက်တွင် ရေစက်ချအခမ်းအနား ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

7404


    
“ တောင်ဘက်မုခ်မှာ မနှစ်က ပုဂံခေတ်လက်ရာ မုခ်ဦးကြီးနဲ့ ကားပါကင်တွေ လုပ်ခဲ့ပါတယ်။ ရေစက်ချပွဲမှာ သာသနာရေးဝန်ကြီးကို ရွှေသင်္ကန်းကပ်ဖို့ ရှိတဲ့အကြောင်း တင်ပြလိုက်ပါတယ်။ ဝန်ကြီးက မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓ ဘာသာအဖွဲ့ချုပ်နဲ့ နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း(ဗဟို) ဥက္ကဋ္ဌဖြစ်တဲ့ ဒေါက်တာခင်ရွှေကို ဖိတ်ကြားပြသပြီး တဲ့နောက်မှာ ဒီလိုဘက်စုံ လှူဒါန်းမှုတွေ ဖြစ်လာတာပါ ” ဟု မင်းဘူးခရိုင် အုပ်ချုပ်ရေးမှူး ဦးစန်းဌေးက ပြောသည်။

 

4518

 

ဘုရားရှင်၏ မုဒြာအစုံပါဝင်သည့် ပုဂံခေတ်လက်ရာ ကျောက်ခွက်ဘုရား အဆူ(၅၀)ကို  ဖြည့်စွက်တည်ထားခြင်းများလည်း လုပ်ဆောင်နေပြီး ဒီဇင်ဘာလ၌ ဘက်စုံပြုပြင်မှုများပြီးစီးပါက အလှူရှင်များ၏ လှူဒါန်းမှုတန်ဖိုးကို တွက်ချက်နိုင်မည် ဖြစ်ကြောင်း၊ ဘုရားကြီး၏ နဝကမ္မငွေကျပ် သိန်းတစ်ထောင်ကို အသုံးပြု၍ ဘုရားပတ်လည်တွင် မီးကြိုးများသွယ်တန်းခြင်း၊ ထရန်စဖော်များထိုင်ခြင်း၊ အများသုံး သန့်စင်ခန်းများ တည်ဆောက်ခြင်းတို့ကိုလည်း လုပ်ဆောင်နေကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးက ပြောသည်။

“ ဒီလိုကိုးကွယ်ခွင့်ရတာကို သူတစ်ပါးကျေးဇူး ဖော်ထုတ်ရမယ်ဆိုရင် နံပါတ်တစ် မဟာပုဏ္ဍရဟန္တာ၊ နံပါတ်နှစ် သိကြားမင်း၊ နံပါတ်သုံး မဏိစည်သူမင်းကြီး၊ နံပါတ်လေး သာသနာ့နယ်မြေ ကျောက်တိုင်တွေစိုက်ခဲ့တဲ့ မင်းတုန်းမင်းတို့ပဲ ဖြစ်ပါတယ်။ ကျောက်စာတိုင် (၈)တိုင်အတွင်းမှာ လယ်ယာကိုင်းကျွန်းတွေအပါအဝင် ဘုရားဝတ္တကမြေဧက ၂၃၅၀၉ ဧကနဲ့ အပူဇော်ခံ ကျေးရွာပေါင်း ၉၉ ရွာ ရှိပါတယ် ” ဟု သက်တော် ၈၆ နှစ်ရှိ ကျောင်းတော်ရာ ဆရာတော်ဘုရားကြီး အရှင်ဓမ္မာစာရ (သာသနာ့ဓဇ ဓမ္မာစရိယ) က မိန့်ကြားသည်။

အဆိုပါ ကျောင်းတော်ရာကို နတ်ဘီလူးများ၏ စန္ဒကူးကျွန်းမှရသည့် နံ့သာသစ်တို့ဖြင့် စူဠပုဏ္ဍားအမှူးရှိသော ကုန်သည် (၅၀ဝ)တို့က ဆောက်လုပ်လှူဒါန်းခဲ့ပြီး မဟာသက္ကရာဇ် ၁၂၄ ခုနှစ်တွင် နောက်ပါရဟန္တာ(၅၀ဝ)နှင့် ဗုဒ္ဓဘုရားရှင် သီတင်းသုံးကာ (၇)ရက်တိုင် တရားဟောခဲ့ခြင်းကြောင့် နေ့စဉ် ပရိတ်သတ် ၈၄၀ဝ၀ ကျွတ်တမ်းဝင်ခဲ့ကြောင်း၊ ဘုရားရှင် သီတင်းသုံးခဲ့သော စန္ဒကူးနံ့သာ ကျောင်းတော်ရာကို နှောင်းလူတို့ ဖျက်ဆီးယူငင်ပါက အပြစ်သင့်မည်စိုး၍ မဟာပုဏ္ဍရဟန္တာက အဓိဌာန်ဖြင့် ကွယ်ပစေခဲ့ပြီး ပေါ်ထွက်လာသော သေလာမယကျောက်စေတီကို ဌာပနာပြုကာ မဏိစည်သူမင်းကြီးက စေတီတည်ခဲ့သဖြင့် ယနေ့တိုင် ဖူးမြင်နေရခြင်းဖြစ်ကြောင်း သိရသည်။

ဇေယျတု(မကွေး)