၁၀ ဇွန်

 

စေတနာဆိုတာ  စိတ်နဲ့အတူယှဉ်တွဲပြီး  ဖြစ်ပေါ်လာတဲ့စေတသိက်တစ်ခု ဖြစ်ပါတယ်။ သက်ရောက်မှုသဘော၊ ရည်ရွယ်တဲ့သဘော၊   စေ့ဆော်တိုက်တွန်းတဲ့သဘော လည်းဖြစ်ပါတယ်။ ဒါကြောင့်  စေတနာဟာ  ကိုယ်မှု၊ နှုတ်မှု၊   စိတ်မှုများကို ဖြစ်အောင်လှုံ့ဆော်တတ်တဲ့ “အမှုသည်၊ လက်သည်” ပဲ ဖြစ်ပါတယ်။    စေတနာ စေ့ဆော်တိုက်တွန်းသည့်အလျောက် ပြုအပ်တဲ့ အလုပ်ဟူသမျှ ထိုက်သည့်အားလျော်စွာ အကျိုးပေးပါတယ်။

 

လောကမှာရှိတဲ့လူသားတိုင်း ကံ၊ ကံ၏အကျိုး ဆိုတာကို လက်ခံကြပါတယ်။ မိမိပြုသော  ကုသိုလ်ကံ၊ အကုသိုလ်ကံသာလျှင် မိမိနောက်သို့လိုက်သော ကိုယ်ပိုင်ဥစ္စာပဲ ဖြစ်ပါတယ်။

 

တစ်ခါတလေ ကျွန်မ စဉ်းစားမိတယ်။ မျက်စိဆရာဝန်တစ်ယောက်ဖြစ်နေတော့ ကျွန်မတွေ့ကြုံရသမျှ  မျက်စိဝေဒနာရှင်တွေကိုကြည့်ပြီး အတွေးနယ်ချဲ့ ဖြစ်ခဲ့တယ်။ ဥပမာ အတွင်းတိမ်လူနာတစ်ယောက်ကို ခွဲစိတ်တော့မယ်ဆိုပါစို့။ ဒီနေရာမှာလည်း လူနာရဲ့ကံ၊ ခွဲစိတ်သူဆရာဝန်ရဲ့ကံ ဒီနှစ်ခု ကိုက်ညီတိုက်ဆိုင်ကောင်းမွန်မှ ရလဒ်ကောင်းရမယ်လို့ ယုံကြည်ထားပါတယ်။

 

လူနာဘက်ကလည်း မိမိကိုခွဲစိတ်ပေးမည့် ဆရာဝန်အပေါ် ယုံကြည်အားကိုးရပါမယ်။ ဆရာဝန်ကလည်း လူနာအပေါ်မှာ တကယ့်ကို မြင်စေလိုသောစိတ်၊ ကောင်းစေလိုသောစိတ်နဲ့ နှလုံးသားထဲမှာ ပြင်းပြတဲ့ဆန္ဒရှိရမယ်။ ရိုးသားရမယ်။ ရိုးသားရမယ်ဆိုတာက လူနာရဲ့ရောဂါနဲ့ပတ်သက်ပြီး အပို၊ အလျော့မရှိစေဘဲ အမှန်အတိုင်း ပွင့်လင်းမြင်သာစွာ ပြောဆိုရမယ်။ ရောဂါနဲ့ပတ်သက်ပြီး    လူနာနားလည်အောင် စိတ်ရှည်စွာနဲ့အသေအချာ ရှင်းလင်းပြောပြပေးရမယ်။ ကိုယ်တကယ်ကုသပေးနိုင်မှ    တာဝန်ယူရမယ်။ မျက်စိဆိုတာက လူ့ခန္ဓာကိုယ်မှာ အလွန်အရေးပါတဲ့ စက္ခုအာရုံကို ပေးစွမ်းနိုင်တဲ့ မရှိမဖြစ်အပိုင်းဆိုတော့  နည်းနည်းလေးမှ အလွဲအမှားမခံပါဘူး။

 

ဒါကြောင့် မျက်စိဝေဒနာရှင်ပေါင်းများစွာ ခွဲစိတ်ကုသပေးတဲ့၊ အတွေ့အကြုံတွေများလှတဲ့ ကျွန်မတို့ရဲ့ဆရာကြီး ဆရာမကြီးတွေကတောင် “လူနာတစ်ယောက်ခွဲစိတ်ရင်  သင်ခန်းစာတစ်ခုရတယ်” လို့ နှုတ်က တဖွဖွပြောနေကြတာဖြစ်ပါတယ်။

 

သမားရိုးကျ အတွင်းတိမ်လူနာကို ခွဲစိတ်ထားပေမယ့် အခန့်မသင့်ရင် အခက်အခဲတွေနဲ့ ကြုံရတတ်သလို အင်မတန်ခက်ခဲမယ်ထင်တဲ့ လူနာမျိုးက  လွယ်ကူနေတတ်တာလည်း  ရှိပါတယ်။  လူနာက  ရေဖိအားလည်း မတက်၊ ဆီးချို၊ သွေးတိုးလည်းမရှိ၊  အခြားဘာရောဂါ  ပြဿနာမှ ထွေထွေထူးထူးမရှိ၊ သာမန်အတွင်းတိမ်မျှသာ ဖြစ်ပေမယ့် အဆင်မပြေချင်ဘူးဆိုရင် ခွဲနေရင်းနဲ့ ရေတိမ်တွေ တက်လာနေတာ၊ ထုံဆေး မတိုးတာ၊ လူနာက အကြားအာရုံချို့တဲသူဖြစ်ရင် ပြောသလိုမနေတာ၊ တချို့လူနာကျပြန်တော့ အားလုံးအဆင်ပြေနေခဲ့ပြီးမှ ခွဲနေစဉ်မှာ ရုတ်တရက် ချောင်းဆိုးလိုက်၊ နှာချေလိုက်တာ၊ မျက်လုံးကို အတင်းညှစ်ချလိုက်တာ၊ ခေါင်းယမ်းလိုက်တာနဲ့  မလိုလားအပ်တဲ့  နောက်ဆက်တွဲပြဿနာတွေ ဝင်လာရတော့တာပါပဲ။

 

တစ်ခါတစ်ရံကျတော့လည်း   သူငယ်ပြန်နေမှန်း ကြိုမသိထားတဲ့ အသက်ကြီးတဲ့ အမေကြီး၊ အဘကြီးတွေဆိုရင် ၁၀ မိနစ်လောက်နဲ့ ပြီးစီးမယ့်အရေးကို မိနစ် ၄၀ လောက်ကြာအောင် အော်ရင်းဟစ်ရင်း၊ ရုန်းရင်းကန်ရင်း၊ ကိုယ်ကခွဲလိုက်၊ သူကညှစ်လိုက်၊ မေးစေ့ကိုကိုင် ခေါင်းကိုချုပ်ထားပြီး  ခွဲစိတ်ရတာဆိုတော့  ဆရာဝန်၊  ဆရာမ  ဝန်ထမ်းတွေရဲ့အသံက   ခွဲစိတ်ခန်းထဲမှာ ကျွက်ကျွက်ညံလို့ပေါ့။

 

“အမေကြီး  အောက်ကြည့်”လို့  ပြောမိပါတယ်။ “အောက်ကိုမမြင်ရဘူး”လို့ ပြန်အော်တာမျိုး၊ မျက်လုံးက အောက်ကိုမကြည့်တော့ “မဟုတ်ဘူးလေ၊ အမေကြီး ခြေထောက်ဘက်ကိုကြည့်” လည်းဆိုရော  ဝုန်းခနဲကုန်းထပြီး သူ့ခြေထောက်ကိုကြည့်ဖို့ကြိုးစားတော့ အပေါ်ကမိုက်ခရိုစကုပ်နဲ့ လူနာရဲ့မျက်နှာတိုက်မိတော့မလိုဖြစ်ရ၊ ဪ ဒုက္ခ ဒုက္ခ ငါကိုယ်က လျှာရှည်မိသကိုး။ သူကတော့ ပြောရှာသား “အမေကြီးက အသက်ကြီးပါပြီ သမီးဆရာမရယ်။ မျက်မှန်လေး၊ မျက်စဉ်းလေးနဲ့ပဲ နေပါရစေ”  ဆိုတော့အားပေးခဲ့တာက ဘယ်သူလဲ။

 

“အမေကြီး  အတွင်းတိမ်က  ရင့်မှည့်ဖြူဖွေးနေပြီ။ အခုအလင်းရောင်လေး မြင်ရတုန်းခွဲမှ အမြင်အားပြန်ရမှာ။ နောက်ကျသွားရင်   ရေတိမ်ဝင်လာပြီး   ခွဲလည်းပြန်မြင်အောင် လုပ်မပေးနိုင်တော့ဘူး”

 

“အမေကြီးရေ အသက်ကြီးလည်း အိပ်ရာထဲ ထိုင်နေဦးတော့ မျက်စိလေးမြင်မှဖြစ်မှာ။ မဟုတ်ရင် သားသမီး မြေးမြစ်တွေ အားကိုးနေရတာဆိုတော့ သူတို့တွေကလည်း သူတို့အလုပ်တွေနဲ့ သူတို့၊  ကိုယ့်မျက်စိလေးမြင်တော့ အမေကြီးအတွက်   ပိုပြီးအဆင်ပြေမယ်။   ကိုယ်စားမယ့်ထမင်းကို မြင်မယ်။   အပေါ့၊  အလေး သွားတော့လည်း သူများအားမကိုးရတော့ဘူးပေါ့”လို့ အမြှုပ်ထွက်မတတ်ပြောခဲ့တာလည်း ကျွန်မပါပဲ။

 

တစ်ခါတလေ    လူနာက    ဗမာစကားနားမလည်၊ ခွဲစိတ်ခုတင်ပေါ်ကနေ ရုန်းကန်ထနေလို့ ဝိုင်းချုပ်ထားပြီး ခွဲရပြန်တော့ ဪ ဘယ်ဘဝက ဝဋ်တွေပါလိမ့်။ သူတို့အကြွေးတွေ ကိုယ်ကယူထားမိလို့ ပြန်ဆပ်နေရတာလား။ လောကီကြွေးတွေ များလားဆိုတဲ့ မဟုတ်မဟတ် အတွေးတွေက ဟိုရောက် သည်ရောက်ပေါ်လာပြန်ရော။

 

အဲဒီအချိန်    အပေါ်က  ခွဲစိတ်နေတဲ့ဆရာဝန်ခမျာ မျက်နှာလေးငယ်ငယ်၊   အဲကွန်းအခန်းထဲမှာ   ဇောချွေးပြန်ပြီး  ဘယ်လောက်များ ရင်တုန်မောပန်း စိတ်ဖိစီးခဲ့ရသလဲဆိုတာများ။ ဒီတော့လည်း လူနာတစ်ယောက်ခွဲတိုင်း အတွေ့အကြုံသစ်တစ်ခုရမြဲဆိုတဲ့စကားလုံးကို ကိုယ်တိုင်ခံစားနားလည်လာပါတော့တယ်။

 

ဒါကြောင့် မိမိကအတွေ့အကြုံ ဘယ်လောက်ပဲရှိရှိ၊ ဘယ်လိုပဲကြိုးစားပမ်းစား  စေတနာထား  ခွဲစိတ်ပေမယ့်လူနာရဲ့ အတိတ်ကံ အကျိုးပေး၊ ဆရာဝန်ရဲ့ ကံလည်းပါပါတယ်။ မတိုက်ဆိုင်ခဲ့ရင် ရလဒ်မကောင်းတတ်ဘူးရယ်လို့ အားအားရှိတိုင်း ကံကိုပဲပုံချတယ်ဆိုဆို ကျွန်မကတော့ယုံကြည်နေမိတော့တာပါပဲ။  ဒီအဆိုကို လူတိုင်းလက်ခံချင်မှ လက်ခံကြမယ်။  ကျွန်မကတော့   မြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့


“ကမ္မသတ္တေ ဝိသဇ္ဇတိ” 
“ကံသည်  သတ္တဝါတို့ကို  ခွဲခြမ်းသည်  ကွဲပြားစေသည်” ဆိုတဲ့အဆုံးအမကို ခံယူထားမိတာပါပဲ။

 

မျက်စိဆေးရုံ အရေးပေါ်ဌာနမှာ တာဝန်ကျတော့မျက်စိကို ဗျိုင်းဆိတ်လို့၊  ကြက်ဆိတ်လို့ရောက်လာတဲ့ ကလေးလူနာ၊ မျက်လုံးအိမ်တည့်တည့်ကို လောက်စာလုံးမှန်ပြီး မျက်လုံးထဲမှာ မျက်စိမရှိတော့ဘဲ ပေါက်ထွက်ပြီး လောက်စာလုံးတစ်လုံးလုံး ဝင်သွားတဲ့လူနာတွေနဲ့ ၊ အချင်းချင်းရန်ဖြစ်ကြ၊ ရိုက်နှက်ကြရင်း မျက်လုံးအိမ်ကွဲထွက်သွားလို့ မျက်စိထုတ်ပစ်လိုက်ရတဲ့ လူနာမျိုးတွေကို တွေ့ရတဲ့အခါ လူနာနဲ့  ထပ်တူခံစားမိပြီး  ဆုံးရှုံးသွားတဲ့  သူတို့ရဲ့မျက်စိအတွက်  ယူကျုံးမရဖြစ်မိပါတယ်။ အဲဒီလိုအခါမျိုးမှာ ကျွန်မတို့ငယ်စဉ်က  ကျွန်မရဲ့ဖေဖေ အမြဲပြောပြခဲ့တဲ့ပုံဝတ္ထုလေးတွေကို ပြန်လည်ကြားယောင်မိတယ်။

 

မြတ်စွာဘုရား ဇေတဝန်ကျောင်းမှာ တရားဟောနေတုန်း ထူးခြားတဲ့အဖြစ်အပျက်သုံးခု  တစ်ပြိုင်နက်ဖြစ်ခဲ့တဲ့အကြောင်းပါ။

 

သာဝတ္ထိပြည်ရဲ့ ရွာတစ်ရွာကို မီးလောင်တော မီးကွင်းတစ်ခုဟာ  အထက်ကိုလွင့်စဉ်တက်သွားခိုက်မှာ ပျံသန်းလာတဲ့  ကျီးတစ်ကောင်ရဲ့  လည်ပင်းကိုစွပ်မိပြီး အဲဒီကျီးဟာ မီးလောင်ပြုတ်ကျသေခဲ့ရပါတယ်။

 

နောက် သာဓကတစ်ခုက ရဟန်းတော်ခုနစ်ပါးဟာ တောင်ခြေရင်းမှာရှိတဲ့ လိုဏ်ဂူအတွင်းရှိနေတုန်း တောင်ပြိုကျပြီး လိုဏ်ဂူပိတ်မိသွားလို့ ခုနစ်ရက်တိတိအစာရေစာ ငတ်မွတ်ခဲ့ရတယ်။ နောက်တစ်ခုကတော့  မဟာသမုဒ္ဒရာအတွင်းမှာ သင်္ဘောတစ်စင်းဟာ ခရီးဆက်မသွားနိုင်ဘဲရပ်တန့်နေလို့ သင်္ဘောပေါ်မှာ သူယုတ်မာတစ်ဦးပါရှိနေလို့ ဖြစ်ရတာပဲလို့  ဆုံးဖြတ်ပြီး  မဲချပါတယ်။ သုံးကြိမ်တိတိမဲချတဲ့အခါ သင်္ဘောသူကြီးရဲ့ဇနီးကပဲ မဲပေါက်တာကြောင့်သူမရဲ့လည်ပင်းကို သဲအိုးဖွဲ့ချည်ပြီး  သမုဒ္ဒရာ ထဲကို ပစ်ချစေခဲ့မှ သင်္ဘောဟာ တစ်ဟုန်ထိုးထွက်ခွာပါတော့တယ်ဆိုတဲ့ ဇာတ်ကြောင်းတွေပါ။

 

ဒီဇာတ်ကြောင်းတွေက အကြောင်းမဲ့ ဖြစ်ပေါ်လာတာ မဟုတ်ကြပါဘူး။    ကျီးဟာ    အတိတ်ဘဝ  လယ်သမား ဖြစ်တုန်းက  ခိုင်းမရတဲ့  နွားဆိုးတစ်ကောင်ကို   လည်ပင်းကောက်ရိုးပတ်ပြီး မီးရှို့သတ်ခဲ့လို့ပါ။

 

ရဟန်းတော် ခုနစ်ပါးကတော့ အတိတ်ဘဝက နွားကျောင်းသားသူငယ်ချင်း ခုနစ်ယောက်ဖြစ်တုန်းက ဖွတ်တစ်ကောင်နေတဲ့ တောင်ပို့ကို   ခုနစ်ရက်တိတိပိတ်ထားခဲ့ကြလို့ပါ။

 

သင်္ဘောသူကြီးရဲ့ဇနီးကတော့ အတိတ်ဘဝက သူဌေးကတော်ဖြစ်တုန်းက မိမိနောက် တကောက်ကောက်လိုက်နေတဲ့ ခွေးလေးကို လည်ပင်းသဲအိုးဆွဲပြီး ရေထဲပစ်ချ သတ်မိခဲ့တဲ့အတွက်ကြောင့်ပါပဲ။

 

ဒါတွေဟာ အတိတ်ဘဝတွေက ပြုခဲ့တဲ့အကုသိုလ်ကံအကျိုးပေးအလှည့်ကြုံလို့သာ လက်ရှိ ပစ္စက္ခဘဝမှာခံစားရခြင်း ဖြစ်ပါတယ်။ အတိတ်က ပြုခဲ့ဖူးတဲ့ကုသိုလ်ကံ၊ အကုသိုလ်ကံက အရိပ်လိုလိုက်ပါနေခဲ့တာလို့ဆိုရပါမယ်။

 

ဒါပေမယ့် မိုးကုတ်ဆရာတော်ဘုရားကြီးကတော့ “ကုသိုလ်ကံ၊ အကုသိုလ်ကံတွေက အရိပ်ပမာ နောက်က လိုက်တယ်ဆိုတာ နည်းနည်းမှားနေပါတယ်တဲ့။ ရုပ်အစု နာမ်အစုတွေဟာ ဖြစ်ပြီးရင် ပျက်ကုန်တာမို့ ဘာတစ်ခုမျှ မကျန်တော့လို့ လိုက်စရာမရှိပါဘူး။ ဒါပေမယ့်အကျိုးပေးဖို့ရာ သတ္တိလေးတော့ ကျန်ရစ်ပါတယ်တဲ့။ အဲဒီအရှိန်အဝါ  သတ္တိလေးတွေက  အကျိုးပေးတာ”လို့မိန့်ဆိုထားပါတယ်။

 

သတ္တဝါတွေဆိုတာ  ရှေးကံစီမံတဲ့အတိုင်း  အမျိုး၊ စည်းစိမ်၊ ရုပ်ဆင်းအင်္ဂါ၊ ကျန်းမာခြင်း၊ ဂုဏ်သတင်း စတဲ့အရာတွေဟာ စေတနာအလျောက် ပေါ်ပေါက်လာကြရတယ်။ ဘဝပေါင်းများစွာ ကျင်လည်ခဲ့ရပြီး ဖြစ်တာမို့လူတစ်ယောက်မှာဆိုရင်   ကောင်းကံ၊  ဆိုးကံတွေက အမြောက်အမြား     ဒွန်တွဲရှိနေကြပါတယ်။    အဲဒီလိုကောင်းကံ၊ ဆိုးကံတွေ    ရောနှောနေခဲ့တာကြောင့်ကုသိုလ်၊ အကုသိုလ်တွေ ဒွန်တွဲရှိနေခဲ့လို့ ယခုလက်ရှိလူ့ဘဝကို   ရရှိခဲ့ခြင်းဖြစ်ပါတယ်။  ကောင်းကံတွေချည်းသာရှိနေခဲ့ရင် အထက်ဗြဟ္မာ့ပြည်ကို ရောက်နေမှာ ဖြစ်ပြီး  ဆိုးကံတွေချည်း ရှိခဲ့ရင်လည်း ငရဲဘုံကိုသွားကြရပါတယ်။ အတိတ်ကံဟောင်းတွေမှာ   အကျိုးပေးမယ့်ဘဝတစ်ခုခုက  ကောင်းကံ၊  ဆိုးကံတွေဟာ  မုချဧကန်ရှိခဲ့တာပဲဖြစ်ပါတယ်။

 

အဲဒီကောင်းကံ၊ ဆိုးကံတွေက အခုလက်ရှိဘဝမရမီမိမိတို့မမှတ်မိခဲ့တဲ့ အချို့ဘဝတွေမှာ အကျိုးပေးပြီးသွားတဲ့ကံတွေရှိခဲ့သလို   အကျိုးမပေးရသေးတဲ့   ကံကြွင်း ကံဟောင်းများလည်း  ကျန်ရှိနေဦးမှာပဲ  ဖြစ်ပါတယ်။ အကျိုးပေးခွင့်သာတဲ့ကံတွေက   အကျိုးပေးမှာဖြစ်ပြီး အကျိုးပေးခွင့်မသာသေးတဲ့ကံတွေက       ဘဝတစ်ခုမှာ အကျိုးပေးနိုင်ဖို့     ဆက်လက်ကြွင်းကျန်ရှိနေမှာပဲဖြစ်ပါတယ်။

 

အခုလက်ရှိဘဝမှာ အတိတ်ကပြုခဲ့တဲ့ ကောင်းကံတွေအကျိုးပေးခွင့် မြန်မြန်ရချင်ရင်  ပစ္စုပ္ပန်ဘဝရဲ့ကောင်းသောကံ ကောင်းသောအလုပ်များနဲ့ ချူယူတတ်ဖို့ လိုပါတယ်။

 

ဒါကြောင့်လည်း ကျွန်မတွေးမိပါတယ်။ အတိတ်မပြောနဲ့။  လက်ရှိဘဝမှာ ငယ်စဉ်က စာကလေးတွေ၊ ငှက်ကလေးတွေကို လောက်စာလုံးနဲ့ထုတာ၊ တိရစ္ဆာန်လေးတွေရဲ့  ခြေလက်တွေချိုးပြီး  နှိပ်စက်ညှဉ်းပန်းတာ တွေက အခုဘဝမှာပဲ ချက်ချင်းပြန်လည်ပေးဆပ်ကြရပါတယ်။  တချို့ကံတွေက  နောက်ဘဝအထိတောင်မစောင့်ပါဘူး။ ဗျိုင်းဆိတ်ခံရတဲ့ ကလေးကိုပဲကြည့်ပါ။ ကလေးဖခင်က ဗျိုင်းကိုဖမ်းလာပြီး ခြင်းအုပ်ဆောင်းနဲ့အုပ်ထားတယ်။ သားဖြစ်တဲ့ကလေးက ခြင်းကြားပေါက်ထဲကနေ ဗျိုင်းကို ချောင်းကြည့်တယ်။ ခြင်းကြားထဲမှာ လှောင်ခံထားရလို့ စိတ်ဆိုးနေတဲ့ဗျိုင်းက  ကလေးရဲ့မျက်လုံး လက်လက်ပြောင်ပြောင်လေးကို ထိုးဆိတ်ချ လိုက်တာပါပဲ။ ကလေးရဲ့ အတိတ်ကံအကုသိုလ်နဲ့အတူ ဖခင်ရဲ့အကုသိုလ်က    ကလေးကို    ရိုက်ခတ်သွားတဲ့သာဓကပါပဲ။

 

ဒါကြောင့် မဟာဂန္ဓာရုံဆရာတော်ကြီးရဲ့ နံနက်ခင်း ဩဝါဒတစ်ခုမှာ  ကိုရင်ကလေးတွေကို ဆုံးမပါတယ်။ ကိုရင်ငယ်လေးတွေက ခွေးတွေကိုသိပ်ရိုက်တော့ “သိပ်မရိုက်ကြနဲ့ကွယ်  ကြောက်ရုံ၊  လန့်ရုံ၊  မာန်ရုံ၊  ခြောက်လည်း  ပြေးတာပါပဲ၊  ကံက  ပြန်အကျိုးပေးရင်  မင်းတို့ပြန်ပြီး အရိုက်ခံနေရမယ်နော်၊ မင်းတို့လူ့ဘဝပြန်ရောက်သည်အထိ အဲဒီခွေးလေးတွေကို ရိုက်တဲ့ကံအရှိန် မကုန်သေးဘူးဆိုရင်လေ    ထန်းပလက်ပြားကြီးနဲ့  နာနာဆော်တဲ့ တောဘုန်းကြီးထံ ရောက်သွားမယ်၊ ဝဋ်ကြွေးဆိုတာ လည်တတ်တယ်” လို့ ဆုံးမခဲ့ဖူးပါတယ်။

 

ဒါကြောင့် ကျွန်မကတော့ လူတိုင်း လူတိုင်း ကုသိုလ်ကံရဲ့ အကျိုးနဲ့ အကုသိုလ်ကံရဲ့ ဆိုးပြစ်တွေကိုသိနားလည်ပြီး မေတ္တာ၊ ကရုဏာ၊ ကိုယ်ချင်းစာတရားတွေနဲ့ ထုံမွမ်းနေတဲ့လောကကြီးမှာ    လူဖြစ်ရကျိုးနပ်ချင်မိတော့တာပါပဲ။      ။

 

ဒေါက်တာနီလာသိန်း(လင်းရောင်သစ်)