၁၀ ဇွန်
နိုင်ငံရေးဆိုင်ရာ သို့မဟုတ် စီးပွားရေးဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းတဲ့အခါ အရေးယူပိတ်ဆို့တဲ့နည်းလမ်းကို အခါမလပ် အသုံးပြုလေ့ရှိတယ်လို့ လူပြော သူပြောများတဲ့ အမေရိကန်ဟာ အီရန်ရဲ့ ပါရှန်းပင်လယ်ကွေ့ဒေသ ရေနံဓာတု လုပ်ငန်းကုမ္ပဏီ (PGPIC) ကို အရေးယူပိတ်ဆို့မှု လုပ်ဆောင်လိုက်ပြန်ပါပြီ။အကြောင်းကတော့ အဲဒီကုမ္ပဏီဟာ အမေရိကန်က အကြမ်းဖက်အဖွဲ့အစည်းလို့ သတ်မှတ်ထားတဲ့ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) နဲ့ ပတ်သက်ဆက်ဆံ နေတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဌာနက ပြောကြားခဲ့ပါတယ်။
ငွေကြေးစီးဆင်းမှု ရပ်တန့်သွားစေဖို့
ခုလိုပိတ်ဆို့မှု ပြုလုပ်လိုက်တာဟာ အီရန်ရဲ့ အကြီးဆုံးနဲ့ အကျိုးအမြတ်အရှာဖွေ နိုင်ဆုံးဖြစ်တဲ့ ရေနံဓာတုလုပ်ငန်းစုကြီးနဲ့ ၄င်းရဲ့ လက်အောက်ခံကုမ္ပဏီ ၃၉ ခုအပြင် ပြည်ပမှာအခြေစိုက်တဲ့ အရောင်းအေးဂျင့်တွေကို ငွေကြေးထောက်ပံ့မှုတွေ ရပ်တန့် သွားစေဖို့ ရည်ရွယ်တဲ့ လုပ်ဆောင်ချက်ဖြစ်တယ်လို့ ဘဏ္ဍာရေးဌာနက ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။ ပြည်ပအခြေစိုက်တဲ့ အရောင်းကိုယ်စားလှယ်တွေဆိုရာမှာ ဗြိတိန်အခြေစိုက် NPC International နဲ့ ဖိလစ်ပိုင်အခြေစိုက်ထားတဲ့ NPC Alliance Corporation တို့ပါဝင်ပြီး ဒါတွေကို ပါရှန်းပင်လယ်ကွေ့ဒေသ ရေနံ ဓာတုကုမ္ပဏီ (PGPIC) က ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
ဆက်ထိန်းချုပ်မယ်
အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ကို ငွေကြေးဆိုင်ရာ ထောက်ပံ့မှုပေးနေတဲ့ ရေနံဓာတုလုပ်ငန်းနဲ့ တခြားလုပ်ငန်းတွေမှာ ပါဝင်နေတဲ့ အုပ်စုတွေနဲ့ကုမ္ပဏီတွေကို ဆက်ပြီးထိန်းချုပ်ဆောင်ရွက်သွားမယ်လို့ သတိပေးတဲ့အနေနဲ့ အခုလိုလုပ် ဆောင်လိုက်တာပဲဖြစ်တယ်လို့ ဘဏ္ဍာရေးဝန်ကြီး စတီဗင်မြူချင်က ဆိုပါတယ်။ PGPIC ဟာ အီရန်ရဲ့ ရေနံဓာတုလုပ်ငန်းစုအားလုံးပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားပြီး နိုင်ငံ့ရေနံဓာတုတင်ပို့မှုရဲ့ ၅၀ ရာခိုင်နှုန်းကို တာဝန်ယူဆောင်ရွက်နေတဲ့ ကုမ္ပဏီတစ်ခုပါ။ ပြီးတော့လည်း ဘဏ္ဍာရေးဌာနက PGPIC သို့မဟုတ် ၄င်းရဲ့ လက်အောက်ခံကုမ္ပဏီတွေ၊ အရောင်းအေးဂျင့်တွေနဲ့ ဆက်ပြီးလက်တွဲမယ့် နိုင်ငံတကာကုမ္ပဏီတွေဟာ အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုတွေ ခံရအောင် သူ့တို့ကိုယ်သူတို့ တွန်းပို့သလိုဖြစ်သွားလိမ့်မယ်လို့ သတိပေးထားပါသေးတယ်။
ပြည်ပကုမ္ပဏီတွေပါ ထိခိုက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အရင်ခေါင်းဆောင်တွေလက်ထက်မှာ ချုပ်ဆိုထားခဲ့တဲ့ ၂၀၁၅ နျူကလီးယားသဘောတူစာချုပ်ကို စွန့်လွှတ်ဖို့ ဆုံးဖြတ်လိုက်ပြီးတဲ့နောက်မှာ အီရန်ရဲ့ စီးပွားရေးထိခိုက်အောင် ကြိုးပမ်းခဲ့တဲ့ အရင်နှစ်က လုပ်ဆောင်ချက်တွေမှာ ပြည်ပကုမ္ပဏီတွေပါ မဆီမဆိုင် ထိခိုက်ခံစားခဲ့ရတဲ့အတွက် မဟာမိတ်တွေဟာ အတော်လေး ဒေါသထွက်နေခဲ့ပါတယ်။ နိုင်ငံတချို့ဟာဆိုရင် အီရန်ဆီကနေ တင်ပို့လာတဲ့ ရေနံတွေဝယ်ယူမှုကို ရပ်နားထားလိုက်ရပြီး ဒီအချိန်မှာ ဥရောပနိုင်ငံတွေကတော့ အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကို ချိုးဖောက်တာမရှိဘဲ အီရန်နဲ့ ဆက်လက်ကုန်သွယ်နိုင်မယ့် ယန္တရားတစ်ခု ဖန်တီးနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။
အပြစ်ပေး
ခါတမ်အယ်လ်အန်ဘီယာလို့ ခေါ်တဲ့ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ကို စီးပွားရေးအရ ကူညီပံ့ပိုးမှုပေးနေတဲ့ ကိစ္စကြောင့် ဘဏ္ဍာရေးဌာနက PGPIC ကို အပြစ်ပေးအရေးယူနေတာဖြစ်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဌာနက အကြောင်း ပြချက်ပေးထားပါတယ်။
PGPIC ဟာ ခါတမ်အယ်လ် အန်ဘီယာကို ကန်ထရိုက်ချုပ်ဆိုခွင့်တွေ ပေးခဲ့ပြီး အီရန်ရဲ့ အကြီးစားစက်ရုံလုပ်ငန်းတွေတစ်လျှောက် ခြေဆန့်ထားတဲ့ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ကို စီးပွားရေးအရ တောင့်တင်းခိုင်မာလာအောင် ဒေါ်လာသန်းပေါင်းများစွာကို ထုတ်လုပ်ပေးနေတာလို့ ဘဏ္ဍာရေးဌာနက တပ်အပ် ပြောဆိုနေပါတယ်။
ဝင်လာမစဲ
အီရန်က လုပ်ဆောင်နေတဲ့ နျူကလီးယားနဲ့ ဒုံးကျည်ဖွံ့ ဖြိုးရေးအစီအစဉ်တွေအပြင် ဆီးရီးယား၊ အီရတ်၊ လက်ဘနွန်နဲ့ ယီမင်နိုင်ငံတွေမှာရှိတဲ့ ၄င်းရဲ့ အစွယ်အပွားတွေကို ကူညီထောက်ပံ့ပေးနေတာတွေကြောင့် အရေးယူဒဏ်ခတ်တဲ့အနေနဲ့ သမ္မတ ထရမ့်အစိုးရအဖွဲ့ဟာ အီရန်အပေါ် စီးပွားရေးနဲ့ စစ်ရေးအရ ဖိအားပေးမှုတွေကို ပိုပြီးလုပ်ဆောင်နေချိန်မှာ အရေးယူပိတ်ဆို့မှုတွေကလည်း ဝင်လာမစဲ တသဲသဲ ဆိုသလို အီရန်အပေါ် တစ်ခုပြီးတစ်ခု ကျရောက်လာနေခဲ့ပါတယ်။ အမေရိကန်ဟာ အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ပြီးခဲ့တဲ့ ဧပြီလအတွင်းက သတ်မှတ်ခဲ့တာဖြစ်ပြီး အဲဒီလိုသတ်မှတ်လိုက်တာဟာ ပြည်ပက အစိုးရရဲ့ အစိတ်အပိုင်း တစ်ခုကို ဆန့်ကျင်လိုက်တဲ့ ပထမဆုံးလုပ်ရပ်အဖြစ် တွေ့ မြင်ရ ပါတယ်။
ပြည်ပအဖွဲ့အစည်းတွေ သတိပြု
အရေးယူပိတ်ဆို့မှုအသစ်တွေအရ ပါရှန်းပင်လယ်ကွေ့ဒေသ ရေနံဓာတုလုပ်ငန်း ကုမ္ပဏီနဲ့တကွ လက်အောက်ခံကုမ္ပဏီတွေဟာ အမေရိကန်ဈေးကွက် သို့မဟုတ် ငွေကြေးစနစ်သို့ ဝင်ရောက်ခွင့်ကိုပိတ်ပင်ထားသလို ပြည်ပက တခြားကုမ္ပဏီတွေကနေတစ်ဆင့်ဝင်ရောက်ခွင့်ကိုပါ ပိတ်ပင်ထားပါတယ်။ ဒါ့အပြင် အမေရိကန်ပြည်ထောင်စု အတွင်းမှာ အဲဒီကုမ္ပဏီတွေရဲ့ ငွေကြေးနဲ့ ပိုင်ဆိုင်မှုအားလုံးကို ပိတ်ဆို့ထားဖို့ ဒါမှမဟုတ် အမေရိကန် ကုမ္ပဏီတစ်ခုက အဲဒီပိုင်ဆိုင်မှုကို ထိန်းချုပ်ဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် ပစ်မှတ်ထားတဲ့ လုပ်ငန်းစုအတွက် သိသိသာသာ ငွေကြေးဝန်ဆောင်မှုပေးအပ်နေတဲ့ သို့တည်းမဟုတ် ငွေကြေးလွှဲပြောင်းပေးမှုကို သိသိသာသာ လုပ်ဆောင်နေတဲ့ ပြည်ပ ငွေကြေးအဖွဲ့အစည်းတွေကိုပါ ဒဏ်ခတ်ပိတ်ဆို့မှုက သက်ရောက်နိုင်တယ်လို့ ဘဏ္ဍာရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ငွေကြေးစီးဆင်းမှုဖြတ်တောက်
သက်ဆိုင်ရာ ကွန်ရက်တစ်ခုလုံးကို ပစ်မှတ်ထားလိုက်ခြင်းအားဖြင့် ကျွန်ုပ်တို့အနေနဲ့ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ကို အထောက်အပံ့ပေးနေတဲ့ အီရန်ရေနံဓာတု လုပ်ငန်းစုရဲ့ အဓိကကျတဲ့ အစိတ်အပိုင်းတစ်ခုဆီ ငွေကြေးစီးဆင်းစေတာကို ဖြတ်တောက်ဖို့က ကျွန်ုပ်တို့ရဲ့ ရည်ရွယ်ချက်ဖြစ်တယ်လို့ ဘဏ္ဍာရေးဝန်ကြီးစတီဗင်မြူချင်က အတိအလင်းဆိုခဲ့ပါတယ်။
ဝါရှင်တန်နဲ့ တီဟီရန်အကြား တင်းမာမှုတွေကတော့ အများသိကြတဲ့အတိုင်းပါပဲ။ ပြီးခဲ့တဲ့လအတွင်း သမ္မတထရမ့်က အကူတပ်ဖွဲ့ဝင်တွေကို အရှေ့အလယ်ပိုင်း ဒေသဆီ စေလွှတ်ခဲ့ပြီး မမျှော်လင့်ဘဲ တိုက်ခိုက်မှုလုပ်ဆောင်လာနိုင်တဲ့ အန္တရာယ်ကို ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ဆော်ဒီအာရေဗျဆီ လက်နက်တွေ ရောင်းချဖို့ စီစဉ်ခဲ့တဲ့ အချိန်ကစပြီး နှစ်နိုင်ငံတင်းမာမှုတွေက အမြင့်ဆုံးအခြေအနေ ဖြစ်လာပါတယ်။
ခေါင်းထဲမရှိ
သမ္မတ ထရမ့်ကတော့ အီရန်ဘက်က နျူကလီးယားလက်နက်တွေကို စွန့်လွှတ်ဖို့ သဘောမတူမချင်း ဆွေးနွေးပွဲတွေပြန်စသွားဖို့ ဆန္ဒရှိတယ်လို့ ဆိုနေတုန်းပါပဲ။ထရမ့်ဘက်က မလျှော့သောဇွဲနဲ့ ကြိုးပမ်းနေပေမယ့် အီရန်ကတော့ အမေရိကန်အနေနဲ့ ပုံမှန်အခြေအနေဆီပြန်ရောက်ဖို့ အဆင်သင့်မဖြစ်မချင်း အီရန်ဘက်ကလည်း ဆွေးနွေးဖို့ ခေါင်းထဲမရှိဘူးလို့ ဆိုထားပြီဖြစ်ပါတယ်။
လက်ရှိပိတ်ဆို့ထားတာတွေကြောင့် အီရန်ရဲ့ ရေနံဓာတုလုပ်ငန်းစုနဲ့ ဘယ်အမေရိကန်ကုမ္ပဏီကမှ လုပ်ငန်းအတူမလုပ်ဘဲ ရှောင်ဖယ်နေပြီးသားဖြစ်တာမို့ ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေက တော်သင့်ရုံလောက်ပဲ အလုပ်ဖြစ်နိုင်လိမ့်မယ်လို့ စီးပွားရေးကျွမ်းကျင်သူအချို့က သုံးသပ်ပြခဲ့ပါတယ်။
ကန့်သတ်ချက်ကျော်လွန်
ဘရွတ်ကင်း နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာအကြံပေးအဖွဲ့မှ စူဇာနီမာလိုနီက အခုထပ်မံလုပ်ဆောင်လာတဲ့ အမေရိကန်ရဲ့ပိတ်ဆို့မှုနဲ့ပတ်သက်လို့ မိမိရဲ့ထင်မြင်ချက်ကို ပြောရမယ်ဆိုရင် အစိုးရအဖွဲ့ဟာ အီရန်နိုင်ငံသားတွေအပေါ်မှာ ဖိအားတွေ စုပြုံလာစေဖို့နဲ့ နိုင်ငံ့စီးပွားရေးတစ်ရပ်လုံးဟာ ကန့်သတ်ချက်ကို ကျော်လွန်နေပြီဆိုတဲ့ အသိတစ်ခုကိုဖန်တီးဖို့ အချက်အလက်တည်ဆောက်တဲ့ အာဏာပိ်ုင်အဖွဲ့ အစည်းတွေနဲ့ အနှောင့်အယှက်အဆီးအတားတွေကို စုဆောင်းနေတယ်လို့ ဆိုရမှာဖြစ်တယ်လို့ ၄င်းက ပြောကြားခဲ့ပါတယ်။ ။
ကိုးကား - သည်ဂါဒီယန်
ကလျာမိုးမြင့်