၁၁  ဇွန်

 

အီရီကာတာကာတိုလို့ခေါ်တဲ့အမျိုးသမီးဟာ ဆယ်ကျော်သက်အရွယ်ကစလို့ ကလေးငယ်တွေ ထိန်းကျောင်းရတာကို နှစ်သက်ပါတယ်။ သူဘွဲ့ရတော့လည်း ကျောင်းနေအရွယ်မဟုတ်သေးတဲ့ ကလေးတွေကို ထိန်းကျောင်းသင်ကြားရေးဘာသာရပ်နဲ့ ဘွဲ့ရခဲ့ပါတယ်။ ဒီတော့ သူလုပ်ငန်းခွင် စဝင်တဲ့အခါမှာလည်း ဒီဘာသာရပ်နဲ့ကိုက်ညီတဲ့ အလုပ်ကိုပဲ ရွေးချယ်ခဲ့ပါတယ်။ အဲဒါကတော့ ကျောင်းနေအရွယ်မဟုတ်တဲ့ ကလေးတွေကို သင်ကြားပေးရတဲ့ အလုပ်ပါ။

 

အလုပ်ထွက်ရ

 

သူကိုယ်ဝန်ရှိလာတဲ့အခါမှာတော့ အလုပ်ကနေ နားဖို့ဖြစ်လာပါတယ်။ ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း အနားယူဖို့ အလုပ်ကိုလာပြောတဲ့အခါ သူ့အလုပ်ရှင်က မူကြိုကျောင်းကဆရာမတွေဟာ ကလေးရပြီး ကလေးအမေဖြစ်လာတဲ့အခါ အလုပ်ကနေ နုတ်ထွက်ကြတယ်လို့ သူ့ကိုပြောခဲ့ပါတယ်။ ဒီစကားဟာ တာကာတိုအတွက် ထိတ်လန့်စရာစကားပါပဲ။ ဒါပေမယ့်လည်း အလုပ်ရှင်နဲ့ အခြားသောလုပ်ဖော် ကိုင်ဖက်တွေကြောင့် စိတ်မသက်မသာဖြစ်လာရတဲ့အခါ သူအလုပ်ကနေ နုတ်ထွက်ခဲ့ပါတယ်။ လုပ်ငန်းခွင်ပြန်ဝင်ဖို့ မျှော်လင့်ချက်တွေဆုံးရှုံးသွားသလို သတ္တိလည်း ပျောက်သွားတယ်လို့ သူကပြောပါတယ်။ ဒါဟာ ဂျပန်မှာ လိုအပ်ချက်ဖြစ်နေတဲ့ အရာတစ်ခုပါပဲလို့ တာကာတိုက ပြောပါတယ်။

 

လူဦးရေကျဆင်း

 

ဂျပန်မှာ လူဦးရေကျဆင်းလာတာနဲ့အမျှ လုပ်ငန်းခွင်တွေမှာ လုပ်သားအင်အားဖြည့်နိုင်ဖို့ အမျိုးသမီးတွေ လုပ်ငန်းခွင်ဝင်ကြဖို့ အစိုးရကလိုလားပါတယ်။ အမျိုးသမီးတွေကလည်း ကြိုးစားကြတာပါပဲ။ ဂျပန်နိုင်ငံရဲ့ ကလေးမွေးဖွားမှုနှုန်းဟာ နှစ်ပေါင်း ၁၀ဝ အတွင်းမှာ အနိမ့်ဆုံးဖြစ်နေပါတယ်။ ဂျပန်မှာ ကလေးအမေတွေ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်နိုင်ဖို့ နေ့ကလေးထိန်းကျောင်းတွေ လုံလုံလောက်လောက်ရှိဖို့ရာ ကြိုးစားနေရပါတယ်။ မွေးခါစနဲ့ လမ်းလျှောက်တတ်စအရွယ် ကလေးပေါင်းနှစ်သောင်းခန့်ဟာ နေ့ကလေးထိန်းကျောင်းမှာတက်ဖို့ စောင့်ဆိုင်းစာရင်းဝင်နေပါတယ်။ အဲဒီအတွက် ဆရာအသစ်တွေလည်း ထောင်နဲ့ချီပြီးရှာဖွေဖို့ အစိုးရကကြိုးပမ်းနေပါတယ်။

 

ဖိအားပေးခံရ

 

လုပ်ချိန်ကြာကြာလုပ်ရပြီး လစာနည်းနည်းသာရတဲ့ နေ့ကလေးထိန်းကျောင်း ကဆရာမတွေဟာ ကိုယ်ဝန်ရှိပြီး ကလေးရလာပြီဆိုတာနဲ့ အလုပ်ကနေထွက်ဖို့ ဖိအားပေးခံနေရပါတယ်။ ဒီလိုမျိုးပြဿနာမျိုးဟာ နေ့ကလေးထိန်းကျောင်းတွေမှာ ပဲရှိတာမဟုတ်ပါဘူး။ ကျန်းမာရေး၊ အလုပ်သမားနဲ့ လူမှုဝန်ထမ်းဝန်ကြီးဌာနရဲ့ ပြောကြားချက်အရ အမျိုးသမီးတွေကလေးရှိလာလို့၊ ဒါမဟုတ် လက်ထပ်လိုက်တဲ့အခါ အလုပ်ကနေထွက်ဖို့ ဖိအားပေးခံရတဲ့နှုန်းဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ ၂၀ ရာခိုင်နှုန်းတိုးလာတယ်လို့ သိရပါတယ်။

 

ကလေးအမေတွေအပေါ် ကြိုဆိုမှုမရှိ

 

ဂျပန်မှာဆိုရင် ကိုယ့်ရဲ့ကုမ္ပဏီကို ပြန်ပြီးဆန့်ကျင်ဖို့ဆိုတာ ခက်ခဲတဲ့အလုပ်ပါလို့ ကာဇူရာတာကီမူရာက ပြောပါတယ်။ သူကတော့ ရှေ့နေတစ်ယောက်ဖြစ်ပြီး လေယာဉ်မယ်တစ်ဦးအတွက် အမှုလိုက်နေသူလည်း ဖြစ်ပါတယ်။ သူအမှုလိုက်ပေးနေတဲ့ လေယာဉ်မယ်ရဲ့ အခက်အခဲကတော့ ကိုယ်ဝန်ရှိလာလို့ ခွင့်ယူတဲ့အခါ အလုပ်ရှင်က လစာမဲ့ခွင့် လုပ်လိုက်တာပါပဲ။ အဲဒီအမှုကို အနိုင်ရအောင် ကြိုးပမ်းပေးနေတာလည်းဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ လုပ်ငန်းခွင်ယဉ်ကျေးမှုကတော့ ကလေးအမေတွေအပေါ်မှာ ကြိုဆိုမှုမရှိပါဘူး။ အမျိုးသမီးတစ်ဦးဟာ အိမ်ထောင်ကျပြီး ကလေးမွေးပြီးပြီဆိုရင် လုပ်ငန်းခွင်ကို ပြန်ဝင်တဲ့အခါ အမျိုးသားလုပ်သား၊ ဒါမှမဟုတ် လူလွတ်အမျိုးသမီးတွေလို အဆင်ပြေဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ရှေ့နေတစ်ဦးဖြစ်တဲ့ ယူမီဟတ်ဆီဂါဝါက ပြောပါတယ်။

 

ခွဲခြားဆက်ဆံခံရ

 

ဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုရင် ကုမ္ပဏီတွေကလည်း ကလေးအမေတွေဆိုရင် လုပ်ငန်းခွင်မှာ မသုံးချင်တော့ပါဘူး။ ဒီလိုကနေ မိခင်တွေအပေါ်မှာ ခွဲခြားဆက်ဆံခံရတာမျိုး ဖြစ်လာတာပါ။ ဂျပန်နိုင်ငံ နေ့ကလေးထိန်းကျောင်းမှာ လုပ်ကိုင်ကြတဲ့သူတွေက အမျိုးသမီးတွေများပါတယ်။ ဒီလူတွေဟာ ကလေးရလာတဲ့အခါ အလုပ်ကနေ နုတ်ထွက်သွားရတာနဲ့ပဲ အဆုံးသတ်သွားရပါတယ်။ ဂျပန်အမျိုးသမီးတွေဟာ ကလေးမွေးဖွားပြီးပြီဆိုရင် နေ့ကလေးထိန်းကျောင်းကို အသည်းအသန် လိုက်လံရှာဖွေကြပါတယ်။ လူဦးရေထူထပ်တဲ့ တိုကျိုမှာဆိုရင် ကလေးမမွေးခင် ကိုယ်ဝန်ဆောင်ဘဝ ကတည်းက နေ့ကလေးထိန်းကျောင်းကို လိုက်ရှာဖွေနေကြပါပြီ။

 

အပြိုင်အဆိုင် ကြိုးစားရသည့်အရာ

 

အမျိုးသမီးတစ်ဦးရဲ့ဘဝမှာ အပြိုင်အဆိုင်များပြီး ကြိုးစားရတဲ့အရာလေးခု ရှိပါတယ်။ အဲဒါကတော့ တက္ကသိုလ်ဝင်ခွင့်အတွက် စာမေးပွဲဖြေဆိုတာရယ်၊ အလုပ်ရှာဖွေရတာရယ်၊ ဘဝလက်တွဲဖော်ကောင်းကို ရှာရတာနဲ့ နောက်ဆုံးတစ်ခုကတော့ နေ့ကလေးထိန်းကျောင်းရှာရတဲ့ ကိစ္စပါပဲလို့ ဟတ်တိုနေ့ကလေးထိန်းကျောင်းက ကျောင်းအုပ်ကြီး မီကီကိုအီတိုက ပြောပါတယ်။ လွန်ခဲ့တဲ့နှစ်က ကလေးမွေးဖွားနှုန်းကတော့ တစ်သန်းအောက်သာ ရှိခဲ့ပါတယ်။ ၁၈၉၉ ခုနှစ်ကစလို့ အနိမ့်ဆုံးကလေး မွေးဖွားမှုနှုန်းပါပဲ။ ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ကလေးမွေးဖွားမှုနှုန်း အနိမ့်ဆုံးနိုင်ငံတွေထဲမှာ တစ်ခုအပါအဝင်ပါပဲ။ ဂျပန်အမျိုးသမီးတွေဟာ အိမ်ထောင်ကျပြီး ကလေးရလာပြီဆိုရင် အလုပ်ကနေ နုတ်ထွက်ဖို့ ဖြစ်လာရပါတယ်။ ယနေ့ခေတ် အခါမှာတော့ အိမ်ထောင်ကျပြီးလည်း အမျိုးသမီးတွေဟာ အလုပ်ဆက်လုပ်ကြပါ တယ်။ ၂၀၁၇ ခုနှစ်မှာတော့ အသက် ၂၅ နှစ်နဲ့ အသက် ၅၄ နှစ်ကြား အိမ်ထောင်သည် အမျိုးသမီး ၇၂ ရာခိုင်နှုန်းဟာ လုပ်ငန်းခွင်ပြန်ဝင်ကြဆဲပဲလို့ ဟယ်မီတန် စီမံကိန်းအရ သိရပါတယ်။

 

လုပ်ငန်းခွင်ပြန်ဝင်ဖို့ကူညီမယ်

 

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ ၂၀၁၂ ခုနှစ်မှာ ဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီး နေ့ကလေးထိန်းကျောင်းနဲ့ ပတ်သက်ကာ စိုးရိမ်စရာမရှိဘဲ လုပ်ငန်းခွင်ပြန်ဝင်နိုင်ဖို့ ကူညီပေးမယ်လို့ ကတိပြုခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်ကစလို့ အစိုးရကထောက်ပံ့ပေးတဲ့ မြူနီစီပယ် နေ့ကလေးထိန်းကျောင်း ၅၃၅၅၀ဝ ခန့်ကို ဖွင့်လှစ်ပေးဖို့ လုပ်ဆောင်ခဲ့ပြီး သုံးနှစ်ကနေ ငါးနှစ်အထိ အခမဲ့ထားနိုင်ဖို့ ကြိုးပမ်းပေးခဲ့ပါတယ်။ ဒါပေမယ့် အစိုးရဘက်က အလိုရှိတာကတော့ အမျိုးသမီးလုပ်သားအချိုးကို ၈၀ ရာခိုင်နှုန်းအထိ ရှိလာစေချင်ပါတယ်။ ဒီလိုဖြစ်လာဖို့ဆိ်ုရင် ၂၀၂၁ ခုနှစ်မှာနေ့ ကလေးထိန်းကျောင်း ၃၂၀ဝ၀ဝ ခန့် ဖန်တီးပေးရမှာဖြစ်ပြီး တာဝန်ထမ်းဆောင်မယ့် ဆရာမပေါင်းကတော့ ၇၇၀ဝ၀ ခန့် လိုအပ်မှာပါ။

 

စံနှုန်းမမီမှာ စိုးရိမ်

 

နေ့ကလေးထိန်းကျောင်းတွေ အလျင်အမြန်ဆောက်လုပ်ရတဲ့အတွက် ပြည်နယ်အစိုးရတွေဟာ တချို့သောနေရာတွေ စံနှုန်းနိမ့်လိုက်တာမို့ နေ့ကလေးထိန်းကျောင်းတွေမှာ အရည်အသွေးမမီမှာတွေ ဖြစ်လာမှာကိုလည်း မိဘတွေကကြောက်ကြပါတယ်။ အစိုးရကထောက်ပံ့ပေးထားတဲ့ နေ့ကလေးထိန်း ကျောင်းတွေက ဆရာမတွေဟာ အနည်းဆုံးတော့ ကောလိပ်မှာ နှစ်နှစ်တက်ပြီးသား ဒါမှမဟုတ်ရင် နည်းပညာကျောင်းက ဘွဲ့ရပြီးသားတွေပါ။ သူတို့ဟာ ဂျပန်မှာလုပ်ခ အနည်းဆုံးရတဲ့ ဘွဲ့ရတွေပါပဲ။ အလုပ်ချိန် ကြာတဲ့မိဘတွေအတွက် အဆင်ပြေစေဖို့ရာ အချို့သော နေ့ကလေးထိန်းကျောင်းတွေဟာ တစ်နေ့မှာ ၁၁ နာရီခန့် ဖွင့်ပေးရပြီး အဲဒီထက် အချိန်ကြာတာမျိုးလည်း ရှိပါတယ်။

 

လုပ်သားအစားထိုးဖို့ခက်ခဲ

 

ဒါပေမယ့် နေ့ကလေးထိန်းကျောင်းက ဆရာမတွေမှာ ကိုယ်ပိုင်ကလေးရှိလာပြီဆိုရင် အလုပ်က ထွက်လိုက်ရတာက များပါတယ်။ ကျောင်းအုပ်ချုပ်သူအကြီးအကဲတွေ ပြောတာကတော့ ဆရာမတစ်ယောက် မီးဖွားခွင့်သွားပြီဆိုရင် ကျန်တဲ့လူတွေအပေါ်မှာ ဝန်ထုပ်ဝန်ပိုးပိတာပါပဲ။ အလုပ်သမားဈေးကွက်က ကျပ်ကျပ်တည်းတဲ့အတွက် အစားထိုးငှားဖို့လည်း ခက်ခဲပါတယ်လို့ ပြောပါတယ်။

 

မင်သက်သွားရ

 

ကလေးရှိလာလို့ အလုပ်ကနေထွက်လိ်ုက်ရတဲ့ နေ့ကလေးထိန်းကျောင်းက ဆရာမဖြစ်သူ အီရီကာတာကာတို ကတော့ သူအလုပ်ကနေထွက်လိုက်ရတဲ့အဖြစ်ကို စိတ်မကောင်းစွာပဲပြောပြပါတယ်။ သူကိုယ်ဝန်ရှိစဉ်က ဆရာဝန်က ကလေးပျက်ကျနိုင်တဲ့အတွက် အန္တရာယ်ရှိလို့ အနားယူပါဆိုပြီး ပြောခဲ့ပါတယ်။ အဲဒီအတွက် လုပ်ငန်းခွင်မှာ ခွင့်ရဖို့သွားပြောတဲ့အခါ ကျောင်းအုပ်ကြီးရဲ့ တုံ့ပြန်မှုကြောင့် သူမင်သက်သွားခဲ့ရပါတယ်။ ကိ်ုယ်ဝန်ရှိလာတဲ့ဆရာမတွေကို ခွင့်မယူခင်တည်းက နုတ်ထွက်ဖို့ ခွင့်ပြုတယ်လို့ ပြောလိုက်လို့ပါပဲ။ နောက်ပြီး တာကာတိုဟာ သူ့အစား တာဝန်ယူပေးရမယ့် လုပ်ဖော်ကိုင်ဖက်ဆရာမတွေကိုလည်း အားနာတာကြောင့် အလုပ်ကနေပဲ ထွက်လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ ပြောပါတယ်။ အခုအခါမှာတော့ တာကာတိုဟာ အွန်လိုင်းကအလုပ်တွေကိုပဲ လုပ်ကိုင်နေပါတယ်။ ဘလော့မှာ တည်းဖြတ်ပေးတာ၊ နေ့စဉ်ကလေးစောင့်ရှောက်မှုအတွက် ပြောပြတာတွေ လုပ်ကိုင်ပါတယ်။ ခင်ပွန်းသည် ဖြစ်သူရဲ့ အလုပ်ချိန်ဟာလည်း များတာကြောင့် အိမ်မှာကလေး ထိန်းဖို့အတွက် တာကာတိုကတော့ လုပ်ငန်းခွင်ပြန်ဝင်ဖို့ မလွယ်ကူပါဘူး။ တာကာတိုက ဆရာမဖြစ်ဖို့ အရည်အချင်းပြည့်မီရင်တောင် ကျောင်းတုန်းကကြားခဲ့ဖူးတဲ့ မင်းတို့လုပ်ရတဲ့အလုပ်ဟာ လုံခြုံစိတ်ချရတယ်ဆိုတဲ့စကားဟာ ဒဏ္ဍာရီလိုပါပဲ။ လက်တွေ့ဘဝမှာ ဒါဟာ မဖြစ်နိ်ုင်ပါဘူးလို့ သူ့အဖြစ်အပျက်ကို ရှင်းပြခဲ့ပါတယ်။

 

ခြူးစန္ဒီနွေး

 

ကိုးကား -နယူးယောက်တိုင်းမ်