၁၁ ဇွန်


မြန်မာနိုင်ငံသမိုင်းတွင် မင်းနေပြည်တော်တစ်ခုဖြစ်ခဲ့သည့် ပဲခူးမြို့သို့ လာရောက်ကြသည့် ပြည်တွင်းပြည်ပ ခရီးသွားများသည် ပဲခူးမြို့ရှိ သမိုင်းဝင် စေတီ၊ ပုထိုးများသို့ သွားရောက် ဖူးမြော်လေ့ရှိကြသကဲ့သို့ တစ်ချိန်က ဘုရင့်နန်းတော်ဖြစ်ခဲ့ သည့် ကမ္ဘောဇသာဒီနန်းတော်(ပုံတူ) အဆောက်အအုံသို့လည်း လည်ပတ်လေ့ရှိကြပေသည်။ အထူးသဖြင့် ထိုင်းနိုင်ငံမှ ခရီးသွားများသည် ယင်းတို့နိုင်ငံသမိုင်းနှင့် ဆက်စပ်ခဲ့သည့် ဘုရင့်နောင်မင်းတရား တည်ဆောက်ခဲ့သော ကမ္ဘောဇသာဒီ နန်းတော်သို့ အများဆုံး လာရောက်လေ့ရှိကြသည်။


ဘုရင့်နောင်မင်းတရားသည် အစိတ်စိတ်အမြွာမြွာ ကွဲနေခဲ့သည့် မြန်မာနိုင်ငံတော်ကို ဒုတိယအကြိမ် စည်းရုံးတည်ထောင် ခဲ့ပြီးနောက် ပဲခူးမြို့၌ ဘုရင့်နန်းတော်ကို တည်ဆောက်ခဲ့သည်။


မြန်မာ့သမိုင်းထဲမှ တောင်ငူခေတ်


တောင်ငူခေတ်တွင် မင်းကြီးညို(ခရစ်နှစ် ၁၄၈၅-၁၅၃၁)၊ တပင်ရွှေထီး (၁၅၃၁-၁၅၅၀)၊ ဘုရင့်နောင်(၁၅၅၁-၁၅၈၂)နှင့် နန္ဒဘုရင်(၁၅၈၂-၁၆၀ဝ)ဟူသည့် မင်းဆက် လေးဆက်သာ ရှိခဲ့သည်။ ပုဂံပျက်ပြီးနောက် မြန်မာနိုင်ငံသည် ဝါးအစည်းပြေ သကဲ့သို့ ပြိုကွဲကာ ရှမ်း၊ မြန်မာ၊ မွန် နှင့် ရခိုင် ပဒေသရာဇ် နိုင်ငံငယ်များ ပေါ်ပေါက်လာခဲ့ပြီး တစ်ဦးနှင့်တစ်ဦး စည်းလုံး ညီညွတ်ခြင်းမရှိဘဲ တိုက်ပွဲများ ဆင်နွှဲခဲ့ကြသည်။ ပုဂံခေတ် နောက်ပိုင်းတွင် ပေါ်ထွန်းခဲ့သည့် ပင်းယနှင့် စစ်ကိုင်း ပျက်စီး ပြီးနောက် အထက်မြန်မာနိုင်ငံသည် အဝ(အင်းဝ)ကို ဗဟိုပြု၍ ပြန်လည် စည်းရုံးလာသကဲ့သို့ အောက်မြန်မာနိုင်ငံသည် ဟံသာဝတီကို ဗဟိုပြု၍ အင်အားကောင်းလာခဲ့သည်။


၁၅၁၀ ပြည့်နှစ် အောက်တိုဘာ ၁၆ ရက်တွင် မင်းကြီးညို သည် ကေတုမတီမြို့ကို တည်ခဲ့ပြီး ၁၅၁၅ ခုနှစ် ဧပြီ ၂၈ ရက် တွင် မိဖုရား ငနွယ်ကုန်းစားသမီး ရာဇဒေဝီက သားတော် တပင်ရွှေထီးကို ဖွားမြင်ခဲ့သည်။ တပင်ရွှေထီးသည် ၁၅၃၀ ပြည့်နှစ် နိုဝင်ဘာ ၂၅ ရက်မှ ၁၅၅၀ ပြည့်နှစ် မေ ၁ ရက်အထိ နန်းစံခဲ့ပြီးနောက် ဘုရင့်နောင်သည် တောင်ငူဘုရင် ဖြစ်လာခဲ့သည်။ ဘုရင်ဖြစ်လာပြီးနောက် ဘုရင့်နောင်သည် ပဲခူးမြို့၌ ကမ္ဘောဇသာဒီနန်းတော်ကို ဆောက်လုပ်ခဲ့ပြီး ၁၅၆၇ ခုနှစ် မတ်လ ၁၃ ရက်တွင် ခေမာဒွါရတံခါးမှဝင်၍ နန်းတက်ခဲ့သည်။ (ဘုရင့်နောင်မင်းတရား နန်းတက်သည့် ရက်စွဲကို ဦးကုလား မဟာရာဇဝင်၊ မှန်နန်းရာဇဝင်နှင့် တွင်းသင်း မဟာရာဇဝင်သစ် တို့တွင် ဖော်ပြထားမှုမှာ တစ်ခုနှင့်တစ်ခု မတူညီကြသဖြင့် ဤဆောင်းပါးတွင် တွင်းသင်းမူကို ယူပါသည်။)


ဘုရင့်နောင်မင်းတရားသည် ၁၅၈၂ ခုနှစ်အောက်တိုဘာလ ၃၀ ရက်တွင် နတ်ရွာစံခဲ့ပြီးနောက် သားတော် နန္ဒမင်းသားက ထီးနန်းကို ဆက်ခံခဲ့သည်။ နန္ဒဘုရင်သည် ၁၆၀ဝ ပြည့်နှစ် နိုဝင်ဘာ ၂၀ ရက်တွင် နတ်ရှင်နောင် လုပ်ကြံသဖြင့် အနိစ္စရောက်ခဲ့ကာ တောင်ငူခေတ် အဆုံးသတ်ခဲ့သည်။


ရာဇဝင်ထဲမှ ပဲခူး


ပဲခူးမြို့သည် ရန်ကုန်မြို့မှ မိုင် ၅၀ ကွာဝေးလျက် မြေပုံအညွှန်းအရ မြောက်လတ္တီတွဒ် ၁၇ ဒီဂရီ ၁၄ မိနစ်နှင့် ၁၇ ဒီဂရီ ၅၀ မိနစ်ကြား၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၂၄ မိနစ်နှင့် ၉၆ ဒီဂရီ ၄၁ မိနစ်အကြား၌ တည်ရှိသည်။ လက်ရှိ ပဲခူးမြို့နယ်သည် ၁၁၂၁ ဒသမ ၆၆ စတုရန်းမိုင် ကျယ်ဝန်းပြီး အရှေ့ဘက်တွင် ဝေါမြို့နယ်နှင့် သနပ်ပင်မြို့နယ်၊ အနောက်ဘက်တွင် လှည်းကူးမြို့နယ်၊ တိုက်ကြီးမြို့နယ်နှင့် သာယာဝတီမြို့နယ်၊ တောင်ဘက် တွင် ကဝမြို့နယ်၊ မြောက်ဘက်၌ ဒိုက်ဦးနှင့် လက်ပံတန်းမြို့နယ်တို့နှင့် ထိဆက်နေသည်။ လက်ရှိ ပဲခူးမြို့နယ်ကို မြို့သုံးမြို့(ပဲခူး၊ ဘုရားကြီးနှင့် အင်းတကော်)၊ ရပ်ကွက် ၄၀၊ ကျေးရွာအုပ်စု ၆၅ စု၊ ကျေးရွာ ၂၁၁ ရွာဖြင့် ဖွဲ့စည်းထားသည်။


မြန်မာ့သမိုင်း၌ အလွန်ထင်ရှားခဲ့သည့် ပဲခူးမြို့နယ်တွင် ဘုရားစေတီ ၇၈ ဆူ အပါအဝင် သမိုင်းဝင် သာသနိက အဆောက်အအုံများသည် ယနေ့တိုင် တည်ရှိနေကြသည်။ ယင်းတို့အနက် ရွှေမော်ဓော၊ ကျိုက်ပွန်၊ ရွှေသာလျောင်း၊ စိန် သာလျောင်း၊ မြသာလျောင်း၊ မဟာစေတီ၊ ကိုးသိန်းကိုးသန်း၊ ဒေးစွန်ပါ စသည့် ဘုရားစေတီများသည် အလွန်ထင်ရှားကြ သည်။ ထို့အတူ ပဲခူးမြို့ နန်းတော်ရာရပ်ကွက်တွင် တည်ရှိသည့် ကမ္ဘောဇသာဒီ နန်းတော်သည်လည်း ပဲခူးမြို့၏ ထင်ရှားသော သမိုင်းဝင် အဆောက်အအုံတစ်ခု ဖြစ်ပေသည်။


ပဲခူးကို ရှေးအခါက ပဲကူး၊ ဥဿာ၊ ဟံသာဝတီဟု ခေါ်ဆိုခဲ့ ကြသည်။ ပဲခူးမြို့တည်နေရာသည် ဟင်္သာ၊ ဝမ်းဘဲများ ကူးသန်း သည့်နေရာ ဖြစ်သဖြင့် ဝမ်းဘဲကူးဟု ခေါ်ဆိုခဲ့ကြပြီး ကာလ ရွေ့လျောလာချိန်တွင် ဝမ်းပဲကူး၊ ပဲကူး၊ ပဲခူးဟု ပြောင်းလဲခဲ့ သည်။ ပုဂံခေတ်နှောင်းပိုင်းတွင် အိန္ဒိယနိုင်ငံ ဩရိသပြည်နယ်မှ ကုန်သည်များသည် ပဲခူးသို့ လာရောက်ကုန်သွယ်ခဲ့ကြရာ ပဲခူးနယ်သည် ဩရိသပြည်နယ်နှင့် တူသည်ဟုဆိုကာ ဩရိသ ဟု ခေါ်ဆိုခဲ့ပြီး နောက်ပိုင်းတွင် ဥဿာဟု ပြောင်းလဲခဲ့သည်။


ပဲခူးမြို့နေရာသည် တစ်ချိန်က ရေများဖုံးလွှမ်းနေသည့် ရေပြင်ကျယ်ကြီးဖြစ်ခဲ့ပြီး ဟင်္သာဖိုမနှစ်ကောင်သည် ရေပြင်ကို ဖြတ်၍ ပျံသန်းခဲ့စဉ် ကုန်းမြေကွက်ငယ်တစ်ခုတွင် နားခဲ့ကြ သည်။ ယင်းကုန်းမြေငယ်သည် ယခု ဟင်္သာကုန်းနေရာဟု အဆိုရှိကာ ယင်းနေရာတွင် ပဲခူးမြို့ကို တည်ခဲ့သဖြင့် ဟင်္သာ ကျွန်း၊ ဟံသာကုန်းမှ ဟံသာဝတီဖြစ်လာခဲ့သည်။


ဟံသာဝတီခေတ် မော်ကွန်းတင်စာတမ်းများအရ ဟံသာဝတီ ခေတ်သုံးခေတ်တွင် သမလနှင့် ဝိမလ ညီနောင်မှစ၍ တိဿမင်း အုပ်စိုးခဲ့ချိန်အထိ ၃၁၂ နှစ်ကို ပထမ ဟံသာဝတီ ခေတ်၊ ဗညားဦးမှ သုရှင်တကာရွတ်ပိ အုပ်စိုးခဲ့ချိန်အထိ ၁၈၆ နှစ်ကို ဒုတိယ ဟံသာဝတီခေတ်၊ တပင်ရွှေထီးမှ နန္ဒဘုရင် အုပ်စိုးခဲ့ချိန်အထိ ၅၈ နှစ်ကို တတိယဟံသာဝတီခေတ်ဟု ပိုင်းခြားခဲ့သည်။


ကမ္ဘောဇသာဒီ


ကေတုမတီ(တောင်ငူ)တွင် နန်းစံခဲ့သည့် တပင်ရွှေထီး သည် ၁၅၃၉ ခုနှစ်တွင် ဥဿာပဲခူးကို အနိုင်ယူခဲ့ပြီးနောက် မင်းနေပြည်တော်ကို တောင်ငူမှ ပဲခူးသို့ ပြောင်းရွှေ့ခဲ့သည်။ ၁၅၅၁ ခုနှစ်တွင် ဘုရင့်နောင်သည် ဥဿာထီးနန်းကို ဆက်ခံခဲ့ ကာ ကမ္ဘောဇသာဒီနန်းတော်အနီးတွင် မြို့သစ်တည်ထောင်၍ နန်းတော်ကို စီရင်ဆောက်လုပ်ရန် မွန်အမတ် ဗညားဒလကို တာဝန်ပေးခဲ့သည်။


ဘုရင့်နောင်မင်းတရားသည် အရှေ့အနောက် ၄၇၂ တာ၊ တောင်မြောက် ၅၂၈ တာ (မြို့ဝန်း တာ ၂၀ဝ၀)ရှိသည့် မြို့သစ် ကိုတည်၍ မြို့ရိုးတစ်မျက်နှာ၌ တံခါးပေါက် ငါးပေါက်စီ ပြုလုပ် ကာ မြို့တံခါး ၂၀ ကို မြို့အမည်များ ပေးခဲ့သည်။ အရှေ့ဘက် မြို့ရိုးတွင် ပြည်၊ အဝ၊ တောင်ငူ၊ လင်းဇင်းနှင့် ဒလ တံခါး၊ အနောက်ဘက်မြို့ရိုးတွင် ကလေး၊ မိုးနဲ၊ ညောင်ရွှေ၊ သာယာ ဝတီနှင့် သိန္နီတံခါး၊ တောင်ဘက်မြို့ရိုး၌ ဇင်းမယ်၊ အုန်းဘောင်၊ မိုးညှင်း၊ မိုးကောင်းနှင့် ထားဝယ်တံခါး၊ မြောက်ဘက်မြို့ရိုးတွင် တနင်္သာရီ၊ ယိုးဒယား၊ မုတ္တမ၊ ပုခန်းနှင့် ပုသိမ်တံခါးတို့ ရှိခဲ့သည်။ (အလောင်းမင်းတရား ဦးအောင်ဇေယျသည် ၁၇၅၇ ခုနှစ် မေ ၁၂ ရက်တွင် ဟံသာဝတီကို အောင်ခဲ့ရာ တောင်ဘက် မိုးညှင်းတံခါးမှဝင်၍ မြို့ကိုသိမ်းခဲ့သည်။)


ဘုရင့်နောင်မင်းတရားသည် ၁၅၆၆ ခုနှစ် အောက်တိုဘာ ၂၂ ရက်မှစ၍ အိမ်တစ်အိမ်လျှင် လူတစ်ယောက် ဆင့်ခေါ်ကာ ဟံသာဝတီမြို့ကို စတင်တည်လုပ်၍ နိုဝင်ဘာ ၁၆ ရက်တွင် ဟံသာဝတီမြို့၊ ရွှေမော်ဓောနှင့် ပိဋကတ်တိုက် သုံးဌာနကို တစ်ပြိုင်တည်း တည်ခဲ့သည်။ မြို့တော် တည်ဆောက်ချိန်သည် ငါးနှစ် ကြာမြင့်ခဲ့ကာ ၁၅၇၁ ခုနှစ် ဒီဇင်ဘာလ ၄ ရက်တွင် လွှတ်တော်သိမ်းပြီးမှ မင်းနေပြည်တော်စစ်စစ် ဖြစ်လာခဲ့သည်။


ကမ္ဘောဇသာဒီ နန်းတော်ကို တည်ခဲ့စဉ်က မှူးမတ်များက သစ်လုံးတစ်လုံးစီ ထည့်ပေးခဲ့ရကာ မြို့စားများက မိဖုရားများနှင့် ကိုယ်လုပ်တော်များအတွက် အဆောင်များ တည်ဆောက် ပေးခဲ့ကြရသည်။ ဘုရင့်နောင်မင်းတရား၏ မိဖုရားငါးပါးအတွက် စကြာသုံးထပ်အဆောင်များ ဆောက်လုပ်ခဲ့သည်။


မဇ္ဈိမဒေသ မင်းဧကရာဇ်များ၏ နန်းတော်ပုံကိုမှီး၍ သမိုင်း ပညာရှင် ဒေါက်တာသန်းထွန်း မှန်းဆရေးဆွဲခဲ့သည့် ကမ္ဘောဇ သာဒီနန်းတော်၏ ပုံတွင် လည်ပေါ်နှစ်ဆင့်၊ ရွှေနန်းဆောင် ခြောက်ဆောင်၊ ဘုံခုနစ်ဆင့် ရွှေနန်းပြာသာဒ်ဆောင်နှင့် လည်ပေါ်တစ်ဆင့် ကန္နားကြီးဆောင်တို့ ပါဝင်ခဲ့သည်။


ကမ္ဘောဇသာဒီ နန်းတော်ကြီးကို တည်ဆောက်ခဲ့သည့် ဘုရင့်နောင်မင်းတရားသည် ၁၅၈၂ ခုနှစ် အောက်တိုဘာ ၃၀ ရက်တွင် နတ်ရွာလားခဲ့ပြီး သားတော် နန္ဒမင်းသားက ထီးနန်းကို ဆက်ခံခဲ့သည်။ နန္ဒဘုရင်လက်ထက် ၁၅၉၈ ခုနှစ်တွင် တောင်ငူဘုရင်နှင့် ရခိုင်ဘုရင် ပူးပေါင်း၍ ဟံသာဝတီကို တိုက်ခိုက်အောင်မြင်ခဲ့ကြပြီးနောက် ဟံသာဝတီ မင်းနေပြည် ကို မီးရှို့ခဲ့သဖြင့် ကမ္ဘောဇသာဒီ နန်းတော်ကြီးသည် မီးလောင် ပျက်စီးကာ ကွယ်ပျောက်သွားခဲ့သည်။


ရှေးဟောင်းသုတေသန တူးဖော်မှုများ


ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန (ယခု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန)သည် (၁)မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် ဖြစ်သော ဒုတိယမြန်မာနိုင်ငံတော် ထူထောင်ခဲ့သူ ဘုရင့်နောင် မင်းတရားကြီး၏ နန်းတော်ဆောင်နေရာများကို ပြန်လည် ဖော်ထုတ် သုတေသနပြုရန်၊ (၂)တူးဖော်မှုမှ တွေ့ရှိရသော အဆောက်အအုံ ပန္နက်ပုံ အထောက်အထားများ၊ ရှေးဟောင်း ပစ္စည်းများကို ရှာဖွေစုဆောင်း ထိန်းသိမ်းထားရှိရန်၊ (၃)တူး ဖော်တွေ့ရှိမှုမှ ရရှိသော အကြွင်းအကျန် အထောက်အထား များကို အမှီပြု၍ ဗိသုကာပုံစံထုတ် ပြန်လည်တည်ဆောက်ခြင်း အားဖြင့် ရှေးတစ်ခေတ်က မြန်မာတို့၏ ကိုယ့်ထီးကိုယ့်နန်းဖြင့် တင့်တယ်စွာ နေထိုင်ခဲ့ကြပုံကို နောင်လာနောက်သားတို့ သိရှိစေရန်နှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရေး၊ ဇာတိသွေး ဇာတိမာန် တက်ကြွစေရေးကို အထောက်အကူပြုရန် ဟူသည့် ရည်ရွယ်ချက် သုံးရပ်ဖြင့် ကမ္ဘောဇသာဒီ နန်းတော် တူးဖော်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။


ရှေးဟောင်းသုတေသန ဦးစီးဌာနသည် ကမ္ဘောဇသာဒီ နန်းတော်ရာနေရာ မြေပြင်ကွင်းဆင်းလေ့လာမှု(Explora-tion)လုပ်ငန်းများကို ၁၉၉၀ ပြည့်နှစ် အစောပိုင်းတွင် စတင် ဆောင်ရွက်ခဲ့ပြီးနောက် ၁၉၉၁ ဧပြီ ၂၅ ရက်တွင် နန်းတော်ရာ တူးဖော်မှုများကို စတင်ဆောင်ရွက်ခဲ့သည်။ ကမ္ဘောဇသာဒီ နန်းတော်ရာ ပြန်လည်တူးဖော်ခြင်းလုပ်ငန်းကို ၁၉၉၇ ခုနှစ်အထိ နှစ်အလိုက် ဆောင်ရွက်ခဲ့ပြီး ၂၀ဝ၁ ခုနှစ်အထိ သုတေသန ပြုခဲ့သည့် ကာလအတွင်း အုတ်ပန္နက်ခုံ အကြွင်းအကျန်များ၊ မီးသင့်ထားသည့် ကျွန်းတိုင်လုံးများ၊ ဗုဒ္ဓဆင်းတုတော်များနှင့် ရှေးဟောင်းပစ္စည်းများကို ရရှိခဲ့သည်။


ရှေးဟောင်းသုတေသနဆိုင်ရာ လေ့လာတွေ့ရှိချက်များ အရ အချို့နန်းဆောင် အဆောက်အအုံများ၏ အုတ်ပန္နက်ခုံ များသည် ဘုရင့်နောင်မင်းတရား တည်ဆောက်ခဲ့သည့် အဆောက်အအုံများ၏ အုတ်ရိုးများဟု ယူဆရသကဲ့သို့ အချို့ အုတ်ရိုးများသည် ဘုရင့်နောင်မင်းတရားကြီးခေတ် နောက် ပိုင်းတွင် တည်ဆောက်ခဲ့သည့် အဆောက်အအုံများ၏ ပန္နက် များဟု ယူဆနိုင်ခဲ့သည်။ တူးဖော်တွေ့ရှိခဲ့သည့် ကျွန်းတိုင်လုံး များ၏ အခြေတွင် သစ်ထွင်းစာများ ပါရှိခဲ့ရာ လက်ရေးစာ များ၏ ပုံသ္ဌာန်အရ ၁၆ ရာစုက ရေးသားခဲ့သည့် စာများဖြစ် ကြောင်း သုံးသပ်နိုင်ခဲ့သည်။ ထို့အပြင် ယင်းသစ်လုံးများတွင် ရေးထွင်းထားသည့် နေမျိုးကျော်ထင်၊ လက်ယာရ္တသူ၊ လက်ယာရ္တမိတ် စသည့် အမည်များသည် ထိုခေတ်က မင်းမှု ထမ်းခဲ့သည့် အမတ်ကြီးများ၏ အမည်များဖြစ်ကြောင်း တွေ့ရှိ ခဲ့ကြရပေသည်။


နန်းတော်ပုံစံတူ ပြန်လည်ဆောက်လုပ်ခြင်း


ကမ္ဘောဇသာဒီ နန်းတော်ဟောင်းနေရာတွင် နန်းတော်ကြီးကို ရှေးမူမပျက် ပြန်လည်တည်ဆောက်နိုင်ရန် ရှေးဟောင်း နန်းတော် ပန္နက်ပုံစံများ၊ စာပေ အထောက်အထားများနှင့် ဗိသုကာလက်ရာများကို ရှာဖွေစုဆောင်းခဲ့ကြသည်။ ၁၆ ရာစု ဗိသုကာလက်ရာများ ကျန်ရှိနေသည့် ကလျာဏီသိမ်၊ ရွှေဂူကြီး၊ ရွှေမော်ဓော အစရှိသည့် နေရာများသို့ သွားရောက်လေ့လာ မှတ်ယူခဲ့ကာ ဆရာကြီး ဦးမောင်မောင်တင်(မဟာဝိဇ္ဇာ)၏ မှတ်တမ်းများ၊ ဆရာကြီး တမ္ပဝတီ ဦးဝင်းမောင်၏ မြန်မာမှု မှတ်တမ်း ဆောင်းပါးများ အပါအဝင် သမိုင်းအထောက်အထား များနှင့် တိုက်ဆိုင်ညှိနှိုင်းကာ ပညာရှင်များနှင့်ဆွေးနွေး၍ မူလ နန်းတော်နှင့် အနီးစပ်ဆုံးဖြစ်ဖွယ်ရှိသည့်ပုံစံကို ရေးဆွဲခဲ့သည်။


ကမ္ဘောဇသာဒီနန်းတော် ပြန်လည်တည်ဆောက်ခြင်း လုပ်ငန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်သူ့ဆောက်လုပ်ရေးက တာဝန်ယူတည်ဆောက်၍ မြန်မာမှုလုပ်ငန်းများကို မြန်မာမှုပညာရှင် တမ္ပဝတီဦးဝင်းမောင်က ဦးစီးဆောင်ရွက်ခဲ့သည်။


ဘမရာသန ပလ္လင်ဆောင်ကို ၁၉၉၄ ခုနှစ် ဇူလိုင် ၂၈ ရက် တွင် အုတ်မြစ်ချ၍ ဩဂုတ် ၅ ရက်တွင် စတင်တည်ဆောက်ခဲ့ရာ ၁၉၉၇ ခုနှစ်တွင် ပြီးစီးခဲ့သည်။ အချင်းသုံးပေရှိသည့် ကွန်ကရစ်တိုင် ၆၄ တိုင်ဖြင့် တည်ဆောက်ထားပြီး အမြင့် ၁၃၃ ပေရှိသည့် ယင်းအဆောင်၏ အောက်ခြေအုတ်ခုံသည် ၉၂ ပေပတ်လည်ဖြစ်၍ ပြာသာဒ်ဘုံ ခုနစ်ဆင့် တင်ခဲ့သည်။ ဘမရာသန ပလ္လင်ဆောင်တွင် ပလ္လင်တော်ထားရှိသည့်အခန်း နှင့် သလွန်တော်ထားရှိသည့်အခန်းတို့ ပါဝင်သည်။


မြေနန်းပြာသာဒ်ဆောင်ကို ၁၉၉၅ ခုနှစ် မတ် ၁၉ ရက်တွင် အုတ်မြစ်ချခဲ့ကာ အောက်ခံအုတ်မြစ်သည် ၈၇ ပေ ၆ လက်မ ပတ်လည်ရှိ၍ အချင်းသုံးပေရှိသည့် ကွန်ကရစ်တိုင် ၄၀ ဖြင့် တည်ဆောက်ခဲ့သည်။ အဆောင်၏ အရပ်လေးမျက်နှာ၌ ဘုံ ငါးဆင့်ပါ ပြာသာဒ်ငယ်လေးခု ရံလျက် အလယ်တွင် ဘုံ ခုနစ် ဆင့်ပါ ပြာသာဒ်ကို ထည့်သွင်းတည်ဆောက်ခဲ့ရာ ၁၉၈ ပေ မြင့်သည်။


မြေနန်းဆောင်၏ ဝဲယာရှိ ဝင်းဆောင်နှစ်ဆောင်သည် အလျား ၁၄၄ ပေ၊ အနံ ၅၆ ပေနှင့် အမြင့် ပေ ၄၀ စီရှိကာ အဆောင်တစ်ခုစီကို တိုင် ၅၂ လုံးစီဖြင့် တည်ဆောက်ခဲ့သည်။ စမုတ်ဆောင်ကို အချင်း နှစ်ပေခွဲရှိသည့် ကွန်ကရစ်တိုင် ၁၆ တိုင်ဖြင့် တည်ဆောက်ထားပြီး အလျား ၄၆ ပေ၊ အနံ ၃၈ ပေ နှင့် အမြင့် ပေ ၄၀ ရှိသည်။ မြေနန်းပြာသာဒ်ဆောင် ပြန်လည် တည်ဆောက်မှုသည် ၂၀ဝ၂ ခုနှစ်တွင် ပြီးစီးခဲ့ကာ မြေနန်း ပြာသာဒ်ဆောင်တွင် ခြင်္သေ့ခံပလ္လင်နှင့် လက်ဝဲ လက်ယာ မင်းခမ်းတော်များကို ပြသထားသည်။


လက်ဝဲနှင့် လက်ယာ ဝင်းဆောင်များတွင် နန်းတော်ရာ တူးဖော်စဉ်က ရရှိခဲ့သည့် မီးသင့်ထားသော ကျွန်းတိုင်လုံးများ ကို တူးဖော်စဉ်က တွေ့ရှိရသည့်အတိုင်း ခင်းကျင်းပြသထား သည်။ စာများပါသည့် ကျွန်းတိုင်နှင့် ပန်းပုရုပ်များပါရှိသည့် ကျွန်းပြားကြီး၊ ဥဿာကန်တူးဖော်ရာမှ ရရှိခဲ့သော သစ်တစ်လုံး ထွင်းလှေ၊ မြင်း ၁၆ ကောင်ဆွဲသည့် ရထားလှည်း၏ ပုံစံတူနှင့် နန်းတော်ရာတူးဖော်မှု မှတ်တမ်းဓာတ်ပုံများ ပြသထားသည်။


ဟံသာဝတီ ရှေးဟောင်းသုတေသန ပြတိုက်


ပဲခူးမြို့ နန်းတော်ကုန်း (၉)လမ်းနှင့် (၁၀)လမ်းအကြားတွင် တည်ရှိသည့် ဟံသာဝတီ ရှေးဟောင်းသုတေသန ပြတိုက် သည် ၃၆၀ဝ စတုရန်းပေ ကျယ်ဝန်း၍ ရှစ်မြှောင့်ပုံ တစ်ထပ် ကွန်ကရစ်အဆောက်အအုံဖြစ်သည်။ ပြတိုက်ကို ၁၉၉၃ ခုနှစ် တွင် အသင်းအဖွဲ့များကို သတ်မှတ်ချက်ဖြင့် ဖွင့်လှစ်ပြသခဲ့ပြီး ၁၉၉၆ ခုနှစ် အောက်တိုဘာလမှ စတင်ကာ ပြည်ပဧည့်သည် များအား ဝင်ကြေးကောက်ခံ၍ ပြသခဲ့သည်။ ၁၉၉၇ ခုနှစ် မေလတွင် ပြည်တွင်းဧည့်သည်များကိုပါ ဝင်ကြေးကောက်ခံ၍ ပြသခဲ့သည်။


ဟံသာဝတီ ရှေးဟောင်းသုတေသန ပြတိုက်တွင် ကမ္ဘောဇသာဒီနန်းတော်ရာ တူးဖော်မှုမှ တွေ့ရှိခဲ့သည့် ရှေးဟောင်းအမွေ အနှစ် ပစ္စည်းများနှင့် ပဲခူးတိုင်းအတွင်းမှ ရှာဖွေစုဆောင်းနိုင်ခဲ့သည့် ရှေးဟောင်းရုပ်ဝတ္ထုပစ္စည်းများ စုစုပေါင်း ၃၄၅ ခုကို အခန်း ခုနစ်ခန်းခွဲကာ ပြသထားပေသည်။


ပြတိုက်တွင် ထူးခြားချက်တစ်ရပ်အဖြစ် မြေနန်းပြာသာဒ် ဆောင် လက်ဝဲဝင်းမှ ရရှိခဲ့သည့် စာပါသော ကျွန်းတိုင်တစ်လုံး နှင့် စာမပါသော ကျွန်းတိုင်တစ်လုံးတို့ကို သစ်တောဦးစီးဌာနက သက်တမ်းတွက်ချက်ထားပုံကို ပြသထားသည်။ ယင်း ကျွန်းတိုင်များ၏ သက်တမ်းသည် အလယ်အူတိုင် ခုနစ်နှစ်၊ အကာ သုံးနှစ်၊ သစ်ရစ်ရေတွက်မှုအရ နှစ် ၁၇၀၊ စုစုပေါင်း နှစ် ၁၈၀ ဖြစ်ကြောင်း သိရှိခဲ့ရပေသည်။


ပုဂံ ရွှေစည်းခုံစေတီ အရှေ့ဘက်မုခ်တွင် ချိတ်ဆွဲထားသည့် ကမ္ဘာ့ မှတ်တမ်းအမွေအနှစ်တစ်ခုဖြစ်သော ဘုရင့်နောင်မင်း ခေါင်းလောင်းစာ၌ ဘုရင့်နောင်မင်းတရားကြီးသည် သက္ကရာဇ် ၉၁၂ ခု တပို့တွဲလဆန်း ၅ ရက် (ခရစ်နှစ် ၁၅၅၁ ခုနှစ် ဇန်နဝါရီ ၁၁ ရက်) တနင်္ဂနွေနေ့တွင် ကေတုမတီကို အောင်မြင်ခဲ့ကာ သက္ကရာဇ် ၉၁၃ ခုနှစ် တော်သလင်းလကွယ်နေ့(ခရစ်နှစ် ၁၅၅၁ ခုနှစ် ဩဂုတ်လ ၃၀ ရက်) စနေနေ့တွင် သရေခေတ္တရာကို အောင်နိုင်ခဲ့သည်။  သက္ကရာဇ် ၉၁၃ ခုနှစ် တန်ခူးလဆုတ် ၃ ရက်(ခရစ်နှစ် ၁၅၅၂ ခုနှစ် မတ်လ ၁၂ ရက်) စနေနေ့တွင် ရေကြောင်း၊ ကြည်းကြောင်းဖြင့် ဟံသာဝတီသို့ ချီခဲ့ပြီး ဟံသာ ဝတီကို အောင်နိုင်ခဲ့ကာ သက္ကရာဇ် ၉၁၅ ခုနှစ် တပို့တွဲလဆန်း ၁၀ ရက် (ခရစ်နှစ် ၁၅၅၄ ဇန်နဝါရီ ၁၂ ရက်) သောကြာနေ့တွင် မင်းမိဖုရားနှစ်ပါးသည် ဘိသိက်မင်္ဂလာခံတော်မူ၍ ကမ္ဘောဇ သာဒီနန်း၌ စံမြန်းခဲ့သည်ဟု ရေးထိုးထားသည်။ တွင်းသင်းရာဇဝင်တွင် ရေးသားထားသည့် ရက်စွဲများနှင့် ခေါင်းလောင်း စာတွင် ပါရှိသည့် ရက်စွဲများ ကွဲလွဲလျက်ရှိရာ ခေါင်းလောင်းစာ ကိုသာ အမှန်ယူရမည်ဖြစ်ပေသည်။


မြန်မာ့သမိုင်းတွင် ထင်ရှားစွာ တည်ရှိခဲ့သည့် ကမ္ဘောဇ သာဒီ နန်းတော်သည် မီးလောင်ပျက်စီးခဲ့သည့်တိုင် မူလပုံစံ နှင့် အနီးစပ်ဆုံး ပြန်လည်တည်ဆောက်ထားသည့် လက်ရှိ နန်းတော်ကြီးသည်ပင် ပြည်တွင်းပြည်ပခရီးသွားများ ပဲခူးမြို့သို့ သွားရောက်လေ့လာကြရသည့် သမိုင်းဝင် အဆောက် အအုံတစ်ခုအဖြစ် ထင်ရှားစွာ တည်ရှိနေပေသည်။ ။


မောင်သာ(ရှေးဟောင်းသုတေသန)