နေပြည်တော် ၁၁ ဇွန်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းကျင်းပသည့် မြန်မာနိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်လေ့လာချက် အစီရင်ခံစာ စတင်မိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက နေပြည်တော်ရှိ Hilton Hotel ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ဒုတိယဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်နှင့်အမျိုးသား လွှတ်တော်တို့မှ ကိုယ်စားလှယ်များ၊ ကမ္ဘာ့ဘဏ် နှင့်နိုင်ငံတကာ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ INGOs, NGOs များ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
မြန်မာနိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်လေ့လာချက်အစီရင်ခံစာ စတင်မိတ်ဆက်ခြင်း အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ကမ်းရိုးတန်း ရေဝပ်ဒေသပျက်စီးခြင်း၊ ဒီရေတောနှင့် သန္တာကျောက်တန်းများ ပျက်စီးခြင်း၊ မြစ်ချောင်းများ တိမ်ကောခြင်းတို့သည် ရေနေသတ္တဝါ မျိုးစိတ်များ၏ သားပေါက်ရာနေရာများကို အဓိကကျဆင်းစေသည့် အချက်များဖြစ်ကြောင်း၊ ငါးလုပ်ငန်း၏ ပြဿနာရပ်များသည် ငါးလုပ်ငန်းကဏ္ဍ တစ်ခုထဲအတွက် သာမကဘဲ အခြားသော ကဏ္ဍများနှင့်လည်း အပြန်အလှန် ဆက်နွယ်နေ သကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင်ပြဿနာရပ်များနှင့်ပါ ဆက်နွယ်နေလျက်ရှိကြောင်း။
ငါးလုပ်ငန်းကို ဖျက်ဆီးနိုင်သော ငါးဖမ်းဆီးမှုများ၊ လွဲမှားသည့် ငါးလုပ်ငန်း စီမံခန့်ခွဲမှုများ၊ မြေပြင်အခြေပြုသည့် ရေညစ်ညမ်းမှုများ၊ တရားမဝင် ငါးမွေးမြူမှုများ၊ အန္တရာယ်ဖြစ်စေသည့် မျိုးစိတ်များ၊ လူနေမှု ထူထပ်လာမှုနှင့်အတူ ဖွံ့ဖြိုးလာမှုများ၊ ခရမ်းလွန်ရောင်ခြည် မြင့်မားလာမှုများ၊ ရာသီဥတုပြောင်းလဲမှုများနှင့် သမုဒ္ဒရာရေတို့တွင် အက်ဆစ်ဓာတ် မြင့်မားလာမှုများ စသည်တို့သည် ငါးလုပ်ငန်းကဏ္ဍကို ခြိမ်းခြောက်လျက်ရှိနေသည့် အန္တရာယ်များ ဖြစ်ကြောင်း။
ငါးသယံဇာတလျော့ကျလာမှုနှင့် ပတ်သက်၍ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ဖြစ်စဉ်အကြောင်းအရာများကို လေ့လာဆန်းစစ်မှုများ ပြုလုပ်ခဲ့ရာ ငါးလုပ်ငန်းကဏ္ဍကို ငါးအလွန်အကျွံ ဖမ်းဆီးမှုကသာ ခြိမ်းခြောက်ခြင်း မဟုတ်တော့ဘဲ ငါးထုတ်လုပ်မှု ကျဆင်းမှုကလည်း ခြိမ်းခြောက်လျက် ရှိသည်ကို လေ့လာတွေ့ရှိရကြောင်း။
ထိုစိန်ခေါ်မှုများကို တုန့်ပြန်နိုင်ရန် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အပါအဝင် ဂေဟစနစ်ကို အခြေခံသည့် ငါးလုပ်ငန်း စီမံခန့်ခွဲမှုများကို အကောင်အထည်ဖော် ဆောင်ရွက်ရန် ရေရှည်ဖွံ့ဖြိုးမှုမူဝါဒများ ချမှတ်နိုင်ရေးအတွက် အားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်း က မြန်မာနိုင်ငံသည် သဘာဝ သယံဇာတပေါများ ကြွယ်ဝပြီး ကမ္ဘာ့ဇီဝမျိုးစုံမျိုးကွဲများ အစုံလင်ဆုံး တွေ့ရှိနိုင်သည့် နေရာတစ်ခုဖြစ်သည့်အတွက် နိုင်ငံ၏ သယံဇာတများကို ရေရှည်တည်တံ့စေသော နည်းလမ်းများနှင့် စီမံခန့်ခွဲရန် အလွန်အရေးကြီးကြောင်း။
ယခုအစီရင်ခံစားတွင် ဥပဒေကြောင်းအရ၊ အဖွဲ့အစည်းပိုင်းဆိုင်ရာ အခြေအနေများအရ ရင်ဆိုင်ကြုံတွေ့နေရသည့် ပြဿနာများ၊ စိန်ခေါ်မှုများကို ရှာဖွေဖော်ထုတ်ထားပါကြောင်း၊ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း(EIA) ဆောင်ရွက်ခြင်းသည် ကြီးမားသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၏ ဖြစ်နိုင်ခြေရှိသည့် ဆိုးကျိုးသက်ရောက်မှုများကို သတ်မှတ်ဖော်ထုတ်ပြီး စီမံခန့်ခွဲနိုင်ရန်အတွက် အရေးပါသည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လူမှုရေး စုပေါင်းပါဝင်မှုတို့ကိုလည်း ဟန်ချက်ညီစေမှာဖြစ်ကြောင်း။
သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်၍ ပြည့်စုံလုံလောက်သည့် စီမံဆောင်ရွက်မှုများ မရှိပါကသယံဇာတ ယိုယွင်းပျက်စီးခြင်း၊ ရေ၊ လေ၊ မြေညစ်ညမ်းမှု အပါအဝင် ပတ်ဝန်းကျင် ပြဿနာများ ဖြစ်ပေါ်စေနိုင်သကဲ့သို့ မြို့ပြများ လျင်မြန်စွာ ကြီးထွားလာခြင်းနှင့် စက်မှုလုပ်ငန်းများ တိုးတက်လာခြင်းတို့ကြောင့် ပတ်ဝန်းကျင်ဆိုင်ရာ ကျန်းမာရေးပြဿနာများ ပေါ်ပေါက်လာ စေနိုင်ပါကြောင်း။
ထို့ကြောင့် စွန့်ပစ်ပစ္စည်းနှင့် ပတ်သက်ပြီး မကြာမီ ထုတ်ပြန်နိုင်ရန် စီစဉ်နေသည့် မြန်မာနိုင်ငံ အမျိုးသား စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်များဖြစ်သော နိုင်ငံသားများ အားလုံးအတွက် ကောင်းမွန်သော စွန့်ပစ်ပစ္စည်း သိမ်းဆည်းသည့် ဝန်ဆောင်မှုစနစ် ဆောင်ရွက်ပေးခြင်း၊ မြို့ကြီးများတွင် စည်းကမ်းမဲ့ စွန့်ပစ်ခြင်းနှင့် မီးရှို့ခြင်းများကို လျှော့ချပြီး ပတ်ဝန်းကျင်ကို ထိခိုက်မှုမဖြစ်စေသည့် စွန့်ပစ်ခြင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများအား သတ်မှတ်ပြဌာန်းခြင်းစသည့် အချက်များကို ရည်မှန်းချက်အဖြစ် ထားရှိဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် The World Bank Environment and Natural Resources Program မှတာဝန်ရှိသူတစ်ဦးက မြန်မာနိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်လေ့လာချက် အစီရင်ခံစာ ဆောင်ရွက်ခဲ့မှုများအား ရှင်းလင်းပြောကြားပြီး ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်လေ့လာချက် မှတ်တမ်းတင်ဗီဒီယိုကို ပြသသည်။
ယနေ့ မိတ်ဆက်တင်ပြသည့် မြန်မာနိုင်ငံပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်လေ့လာချက် အစီရင်ခံစာတွင် သစ်တောကဏ္ဍ၊ ငါးလုပ်ငန်းကဏ္ဍ၊ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းစနစ်နှင့် အစိုင်အခဲ စွန့်ပစ်ပစ္စည်း၊ ပလတ်စတစ်နှင့် လေထုညစ်ညမ်းခြင်းစသည့် ကဏ္ဍများ၏ အခြေအနေကို ဘက်စုံထောင့်စုံမှ ရှုမြင်သုံးသပ်ထားပြီး ပတ်ဝန်းကျင် စီမံခန့်ခွဲမှု ပိုမိုကောင်းမွန်လာစေရေးအတွက် လုပ်ဆောင်ရန်လိုအပ်သည့် သီးခြားလုပ်ငန်းစဉ်များ၊ အကြံပြုချက်များနှင့် လမ်းပြမြေပုံတို့ကို ဖော်ထုတ်တင်ပြထားသည်။
အဆိုပါအစီရင်ခံစာသည် မြန်မာနိုင်ငံရှိ ပတ်ဝန်းကျင်နှင့် သဘာဝသယံဇာတများ၏ ဦးတည်ရာ အလားအလာများကို ပိုမိုသိရှိနားစေခြင်း၊ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် လိုက်နာဆောင်ရွက်စေခြင်း အပါအဝင် ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ စနစ်ပိုမိုအားကောင်းလာစေရန် အထောက်အကူ ပြုနိုင်မည်ဖြစ်သည်။ ထို့အပြင် အစိုင်အခဲ စွန့်ပစ်ပစ္စည်းနှင့် လေထုညစ်ညမ်းမှုများကို စောင့်ကြပ်ကြည့်ရှုမှု၊ စီမံခန့်ခွဲမှုများ၏ အရေးပါပုံတို့ကို ကောင်းစွာသိရှိနားလည်သဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)