နေပြည်တော် ၁၂ ဇွန်
“ကိုယ်စိတ်ကျန်းမာ လူငယ်ဘဝ၊ အနာဂတ်တောက်ပ နိုင်ငံ့အလှ” ခေါင်းစဉ်ဖြင့် ကျန်းမာရေး အဆင့်မြှင့် ကျောင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲကို ယနေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပသည်။
နှီးနှောဖလှယ်ပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးတို့က အမှာစကား ပြောကြားကြသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကျောင်းကျန်းမာရေး အဆင့်မြှင့်တင်ရေးလုပ်ငန်းများ အရှိန်အဟုန် မြှင့်တင်ရေး လုပ်ငန်းစဉ်များသည် ကျန်းမာရေးကဏ္ဍ လုပ်ငန်းစဉ်များအတွက် လမ်းပြမြေပုံကြီးဖြစ်သော အမျိုးသား ကျန်းမာရေး စီမံကိန်း ၂၀၁၇-၂၀၂၁ နှင့် တန်းတူညီစွာပင် အရေးကြီးပါကြောင်း၊ နိုင်ငံ့လူဦးရေ၏ ၂၀ ရာခိုင်နှုန်းခန့်ရှိသော နိုင်ငံ၏အနာဂတ် ကျောင်းနေအရွယ်လူငယ်များ ကျန်းမာမှုအဆင့် မြင့်မားခြင်းအားဖြင့် နိုင်ငံတော်ကြီးတစ်ခုလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်မှုအတွက် လွန်စွာအထောက်အကူပြုမည် ဖြစ်ပါကြောင်း။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် မိန့်ကြားခဲ့သော မိန့်ခွန်းတွင် ပါဝင်သည့် အချက်များသည် လုပ်ငန်းများ ချမှတ်ဆောင်ရွက်ရန်အတွက် အခြေခံသဘောတရားနှင့် လမ်းညွှန်များသဖွယ်ပင် ဖြစ်ပါကြောင်း၊ အဆိုပါအချက်များကို ကိုးကား၍ ယခုနှီးနှော ဆွေးနွေးဖလှယ်ပွဲတွင် ပညာရေး၊ ကျန်းမာရေးနှင့် အားကစားအပါအဝင် ကဏ္ဍစုံမှ ပညာရှင်များ၏ ဆွေးနွေးအကြံပြုချက်များရယူ၍ နိုင်ငံ၏ အခြေအနေနှင့် ကျောင်းကျန်းမာရေး လုပ်ငန်းဆိုင်ရာ နောက်ခံအချက်အလက်များနှင့် ကိုက်ညီပြီး လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက် နိုင်မည့် မဟာဗျူဟာများနှင့် ရှေ့လုပ်ငန်းစဉ်များ စနစ်တကျ ချမှတ်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။
အဆိုပါ မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များကိုလည်း အချိန်ကာလအလိုက် ပြောင်းလဲလာသော အခြေအနေ အကြောင်းအရာများနှင့် မွမ်းမံပြင်ဆင်၍ ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ကျောင်းကျန်းမာရေး အဆင့်မြှင့်တင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး လုပ်ငန်းအကြောင်းအရာ(၇)ရပ်ကို လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တစ်ခုတည်းမှ ဆောင်ရွက်၍ မရဘဲ ပညာရေးဝန်ကြီးဌာန၏ ဦးဆောင်မှု၊ နှီးနွှယ်ဝန်ကြီးဌာနများ၊ ပြည်တွင်းနှင့် နိုင်ငံတကာ အစိုးရ မဟုတ် သော အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ အားလုံးပါဝင်ဆောင်ရွက်မှသာ အောင်မြင်မှု ရရှိနိုင်မည် ဖြစ်ပါကြောင်း။
လုပ်ငန်းဆောင်ရွက်မှုကို စောင့်ကြည့်ခြင်းနှင့် လေ့လာသုံးသပ်ခြင်းစနစ်ကို တစ်ပါတည်းထည့်သွင်း၍ checklist များအသုံးပြုပြီး ဗဟို၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့်အလိုက် ပုံမှန်ဆန်းစစ်သုံးသပ်မှုများ ပြုလုပ်ကာ လိုအပ်ချက်နှင့် အားနည်းချက်ရှိသည်များကို အားဖြည့်မွမ်းမံ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ထို့ အပြင် လုပ်ငန်းဆောင်ရွက်မှုများ၏ အောင်မြင်မှုနှင့် ရေတို၊ ရေရှည် အကျိုးသက်ရောက်မှုများကို အသုံးချ သုတေသန ဆန်းစစ်မှုများ ပြုလုပ်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။
“ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး” လုပ်ငန်းစဉ်များ ဆောင်ရွက်သကဲ့သို့ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင် လူမှုရေးဝန်ကြီးများ ဦးဆောင်မှုဖြင့် ပညာရေး၊ ကျန်းမာရေးနှင့် အားကစားကဏ္ဍတို့မှ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အလိုက် အကြီးအကဲများနှင့် တာဝန်ရှိသူများ၏ တက်ကြွစွာဖြင့် လုပ်ငန်းလက်တွေ့ အကောင် အထည်ဖော်မှုသည် အရေးကြီးပါကြောင်း။
ယခုဆောင်ရွက်သည့် လုပ်ငန်းစဉ်အကြောင်းအရာ ၇ ရပ်နှင့် ကျောင်းကျန်းမာရေးလုပ်ငန်းစဉ် ၉ ချက်တို့ ပေါင်းစပ်၍ လုပ်ငန်းဆောင်ရွက်မှုများ ရေရှည်တည်တံ့စေရေးအတွက် ဝန်ကြီးဌာနအသီးသီးရှိ ကျောင်း အားလုံးမှ ကျောင်းအုပ်ကြီးများနှင့် ဆရာများသာမက ကျောင်းသားမိဘများ၊ မိဘ-ဆရာအသင်း၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်များလည်း ပါဝင်နိုင်ရေးဆောင်ရွက် ရမည်ဖြစ်ပါကြောင်း။
အခြေခံပညာကျောင်းများအလိုက် လုပ်ငန်းများ ဆောင်ရွက်အောင်မြင်မှုနှင့် စွမ်းဆောင်မှုများကို စံသတ်မှတ်ချက် များနှင့်အညီ ဆန်းစစ်၍ စွမ်းဆောင်ရည်မြင့်မားသည့် ကျောင်းများကို အသိအမှတ်ပြုဆုများ ချီးမြှင့်ရမည် ဖြစ်ပါကြောင်း၊ ကိုယ်ခန္ဓာနှင့် စိတ်ကျန်းမာသော လူငယ်ဘဝများ ပိုင်ဆိုင်ကာ နိုင်ငံတော်ကြီး အတွက် တောက်ပကောင်းမွန်သော အနာဂတ်ရရှိစေရေးအတွက် မိမိဒေသနှင့် ကိုက်ညီသော လုပ်ငန်းစဉ် များကို ချမှတ်ကာ အားလုံးဝိုင်းဝန်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (၂၀၁၈-၂၀၃၀)နှင့် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁)တို့ကို အောင်မြင်စွာ ရောက်ရှိရန်အတွက် ပညာရေးဝန်ကြီးဌာန အနေဖြင့် မည်သည့်ခွဲခြားမှုမျှ မရှိဘဲ၊ တရားမျှတစွာ မည်သူတစ်ဦး တစ်ယောက်မျှ မကျန်ရစ်စေဘဲ ကျောင်းနေအရွယ် ကလေးအားလုံး အရည်အသွေးရှိ သော ပညာသင်ယူခွင့်ရရှိရေးနှင့် ကျောင်းထွက်နှုန်း ပပျောက်ရေးကို မူဝါဒချမှတ်၍ တာဝန်ယူတာဝန်ခံ၍ ပူးပေါင်းတီထွင် ဖန်တီးနိုင်စွမ်းရှိသော လူသားကောင်းများဖြစ်လာစေရန် ကြိုးပမ်းအကောင်အထည်ဖော် လျက် ရှိပါကြောင်း။
ပညာရေးဝန်ကြီးဌာနသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ကျောင်းကျန်းမာရေး အဆင့်မြှင့်တင်ရေး၊ ကျန်းမာရေး အသိပညာပေးရေး၊ ပတ်ဝန်းကျင်ဆိုင်ရာ ကျန်းမာရေး၊ သန့်ရှင်းသော ရေသုံးစွဲရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် စနစ်တကျ စွန့်ပစ်ရေး၊ ကူးစက်တတ်သော မကူးစက်တတ်သော ရောဂါများ ကာကွယ်ရေး၊ စိတ်ပိုင်း၊ ဦးနှောက်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးတို့ကို အလေးပေးလျက် ကျောင်းကျန်းမာရေးဆိုင်ရာ အစီအစဉ်များကို ကြိုးပမ်းအကောင်အထည် ဖော်လျက်ရှိပါကြောင်း။
၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင်လည်း ပထမတန်း(Grade-1)၊ ဒုတိယတန်း (Grade-2)၊ တတိယတန်း (Grade-3)၊ ဆဋ္ဌမတန်း(Grade-6) ကျောင်းသုံးဖတ်စာအုပ်များ၊ ဆရာလမ်းညွှန် စာအုပ်များတွင် စာရိတ္တနှင့် ပြည်သူ့နီတိ၊ ဘဝတွက်တာ ကျွမ်းကျင်စရာတို့ကိုလည်း အခမဲ့ ဖြန့်ဝေပြီး သင်ကြားသင်ယူ လေ့ကျင့်ပေး လျက်ရှိပါကြောင်း။
ယခုဆွေးနွေးပွဲတွင် နိုင်ငံတော်အဆင့် ကျောင်းကျန်းမာရေး လှုပ်ရှားမှုအသွင်ဖြင့် "ကိုယ်စိတ်၊ ကျန်းမာ လူငယ်ဘဝ၊ အနာဂတ်တောက်ပ နိုင်ငံအလှ" အတွက် တက်ကြွစွာ ဆွေးနွေးပြီး ပညာရေးဝန်ကြီးဌာနမှ ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ၊ ကျောင်းအုပ်များ၊ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများ၊ လုပ်အားပေး လူငယ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဝန်ကြီးဌာနများနှင့် အကောင်းဆုံး ပူးပေါင်း၍ နိုင်ငံ့လူဦးရေ၏ ၂၀ ရာခိုင်နှုန်းခန့်ရှိသော ကျောင်းသား ကျောင်းသူများ၊ သင်ယူသူများ၊ လူငယ်များအားလုံးအတွက် စေတနာ၊ ဝါသနာ၊ အနစ်နာ၊ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာ၊ စိတ်ဓာတ်ဖြင့် ကြံ့ကြံ့ခံရင်ဆိုင်ပြီး မူးယစ်ဆေးဝါး ကင်းစင်ရေး၊ အရက်ဘီယာကင်းစင်ရေး၊ ဆေးလိပ်ကင်းစင်ရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း လိုက်နာရေး၊ ကျန်းမာသော နေထိုင်မှုပုံစံ အသိပညာပေးရေး၊ မျိုးဆက်ပွား ကျန်းမာရေး အသိပညာပေးရေးနှင့် ဂိမ်းစွဲလန်းမှု လျော့ချရေးတို့ကို ပူးပေါင်းပါဝင် အကောင်အထည်ဖော် ဆောင်ရွက် သွားကြရန် မေတ္တာရပ်ခံပါကြောင်း ပြောကြားသည်။
ထို့နောက် ကဏ္ဍအလိုက် ဆွေးနွေးကြရာတွင် ဆေးလိပ်၊ ဆေးရွက်ကြီး ကင်းစင် ပပျောက်ရေး၊ ဆေးလိပ်၊ ဆေးရွက်ကြီး တိုက်ဖျက်ရေး၊ အရက်အလွန်အကျွံ သောက်သုံးခြင်းနှင့် နောက်ဆက်တွဲ အန္တရာယ်များ လျော့ချရေး ခေါင်းစဉ်ဖြင့် ဆွေးနွေးကြရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်၊ ပညာရေးသုတေသန စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်း တို့က သဘာပတိအဖြစ် ဆောင်ရွက်ကြပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီး ဌာနတို့မှ ပညာရှင်များက ကဏ္ဍအလိုက် အလှည့်ကျ တင်ပြဆွေးနွေးကြသည်။
ထို့နောက် နှီးနှောဖလှယ်ပွဲ တက်ရောက်လာကြသူများက တင်ပြဆွေးနွေးမှုများနှင့် စပ်လျဉ်း၍ မေးမြန်း ဆွေးနွေးကြသည်။
ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ဇွန် ၁၂ရက်နှင့် ၁၃ ရက် နှစ်ရက်တာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်