ဘားအံ ၁၄ ဇွန်
ကရင်ပြည်နယ်အတွင်းရှိ ခရိုင်လေးခရိုင်နှင့် မြို့နယ်(၇)မြို့နယ်တွင် ယခုနှစ်မိုးရာသီကာလအတွင်း မိုးစပါး ၄၃၆၀၃၉ ဧက စိုက်ပျိုးရန် လျာထားရာ တောင်သူအများစုမှာ မေလကုန် ဇွန်လဆန်းခန့်မှ လယ်ယာလုပ်ငန်းခွင်ကို စတင်ဝင်ရောက်ကြပြီး အောက်တိုဘာလကုန်ထိ ရာသီဥတုအခြေအနေကိုလိုက်၍ မိုးစပါးကို စိုက်ပျိုးသွားကြမည် ဖြစ်ကြောင်း သိရသည်။
ကရင်ပြည်နယ်တွင် ထူးခြားချက် တစ်ခုအနေဖြင့် ရာသီဥတုအခြေအနေအရ မိုးကောင်းသောက်လယ်နှင့် ရေကျနောက်စိုက်ဟူ၍ ကွဲလွဲမှုရှိပြီး လယ်မြေအများစုမှာ မြေအချဉ်ဓါတ်များ၍ မြေဆီလွှာအနည်းငယ်ပြုပြင် ဆောင်ရွက်ရသည့် အခြေအနေများကြောင့် ပြည်နယ်အတွင်းရှိ လယ်တစ်ဧက ပျှမ်းမျှအထွက်နှုန်းမှာ ၇၉ တင်းခန့် ထွက်ရှိကြောင်းနှင့် ကရင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ယခင်နှစ်ထက် စိုက်ဧကနှင့် တစ်ဧကအထွက်နှုန်း တိုးတက်ရရှိရန် ရည်မှန်းထားကြောင်း သိရသည်။
၂၀၁၈ ခုနှစ် ဇူလိုင်လ စတုတ္ထပတ်မှ စက်တင်ဘာလ ပထမပတ်ခန့်ထိ ကရင်ပြည်နယ်တွင် စံချိန်တင် ရေကြီး ရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး စိုက်ပျိုးပြီး မိုးစပါး ဧကငါးသောင်းကျော် ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့ရာ ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။
ယခုနှစ်မိုးစပါးစိုက်ရာသီအတွက် သဘာဝဘေး ကြိုတင်ပြင်ဆင်မှုများအနေဖြင့် ῝သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့ပါက ထိခိုက်မှု၊ ပျက်စီးမှု၊ ဆုံးရှုံးမှု နည်းနိုင်သမျှနည်းအောင် ကျွန်တော်တို့က တောင်သူတွေကို ဒီနွေရာသီကာလ တစ်လျှောက်လုံး မိုးစပါးစိုက်ရာသီ မရောက်ခင်ကတည်းက နည်းပညာပေးဆွေးနွေးပွဲတွေ လုပ်တယ်၊ ဘေးကျရောက်စဉ်မှာလည်း လယ်ယာလုပ်ငန်းခွင်က တောင်သူတွေ ဘေးအန္တရာယ်မရှိအောင် သုံးစွဲတဲ့ ပစ္စည်း၊ ကျွဲ၊ နွား တိရိစ္ဆာန်ကအစ ထိခိုက်မှုမရှိရအောင် ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာတွေကို ပညာပေးဆောင်ရွက်ခဲ့ပါတယ်၊ သဘာဝဘေးကျရောက်ပြီးတဲ့အချိန်မှာလည်း ထိခိုက်မှုတွေကို ဘယ်လိုပြန်လည် ပြုပြင်အစားထိုးရမယ် ပြည်နယ် အစိုးရအဖွဲ့ရဲ့ ကူညီမှုနဲ့အရန်ထားတဲ့ မျိုးစေ့၊ မြေသြဇာတွေကို ဘယ်လိုပံ့ပိုးကူညီမလဲ၊ သဘာဝဘေးကျပြီးတဲ့အချိန်မှာ ဖြစ်လေ့ ဖြစ်ထရှိတဲ့ ရောဂါပိုးမွှားတွေကို ဘယ်လိုကာကွယ်မလဲ စသည်ဖြင့် ကြိုတင်နည်းပညာ ပေးထားပါတယ်၊ အကူအညီ တစ်စုံတစ်ရာ လိုအပ်ရင်လည်း ပြည်နယ်ရုံး၊ ခရိုင်ရုံး၊ မြို့နယ်ရုံး ဆက်သွယ်ရမယ့် ဖုန်းနံပါတ်များကို အကျိုးဆောင်တောင်သူတွေက တစ်ဆင့်တောင်သူတွေလက်ဝယ်ကို ပေးအပ်ထားပါတယ်῍ ဟု ကရင်ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသန်းထိုက် က ပြောသည်။
ကရင်ပြည်နယ်၊ ဘားအံခရိုင်တွင် ၂၄၉၁၆၁ ဧက၊ ကော့ကရိတ်ခရိုင်တွင် ၁၅၇၇၆၇ ဧက၊ မြဝတီခရိုင်တွင် ၁၁၇၉၉ ဧက၊ ဖာပွန်ခရိုင်တွင် ၁၇၄၁၂ ဧက မိုးစပါးစိုက်ပျိုးရန် လျာထားပြီး တစ်ဧကအထွက်နှုန်း တိုးတက်ရရှိရေးနှင့် မိုးစပါးလျာထားဧက ပြည့်မီကျော်လွန်ရေးအတွက် တောင်သူများစိုက်ပျိုးလုပ်ကိုင်နိုင်စေရန် စိုက်ပျိုးရေးဦးစီးဌာနမှ ပညာရှင်များ၊ ကွင်းဝန်ထမ်းများချိတ်ဆက်၍ နှိုးဆော်ပေးလျက်ရှိကြောင်း၊ မြေယာပြင်ဆင်ခြင်း လုပ်ငန်းအတွက် စက်မှုလယ်ယာနှင့် ချိတ်ဆက်၍ လယ်ယာသုံး စက်ကိရိယာများ ငှားရမ်းပေးခြင်းနှင့် ရောင်းချပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် စိုက်ပျိုးရေးဦးစီးမှူးများ၊ ပညာရှင်များ၊ ကွင်းဝန်ထမ်းများ၊ စိုက်ပျိုးရေးမိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်း၍ ကွင်းထဲ၊ လယ်ထဲအရောက် ပညာပေး စည်းရုံးနှိုးဆော်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)