၁၄  ဇွန်

 

မေလ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျင်းပသည့်ဂျယ်ဂျူးဖိုရမ် တက်ရောက်ရန် စာရေးသူ အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ မီဒီယာသမားများကို ကိုရီးယားဖောင်ဒေးရှင်းက ဖိတ်ကြားသည့်အတွက် တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်ခွင့် ရရှိခဲ့ပါသည်။ ဖိုရမ်တက်ရောက်ရမည့်ရက် မတိုင်မီ ကြိုတင်သွားရောက်ခဲ့သည့်  အတွက် The Demilitarized Zone (DMZ)သို့ ဦးစွာသွားရောက်လေ့လာခွင့်ရခဲ့သည်။

 

DMZ သို့ သွားရောက်လေ့လာရင်း စာသားနှစ်ပိုဒ်ပါ ကျောက်စာကို မျက်ရည်ဝေ့ဝဲစွာ လာရောက်ကြည့်ရှုကြသည့် တောင်ကိုရီးယားနိုင်ငံသားများကို တွေ့ရှိရသည့်အတွက် လေ့လာမေးမြန်းမိသည်။ ထိုစာသားနှစ်ပိုဒ်ပါ ကျောက်စာသည် တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံကို စည်းခြားထားသည့် The Demilitarized Zone (DMZ) မှ တောင်ကိုရီးယား နိုင်ငံဘက်ခြမ်းရှိ ခရီးသွားများ လာရောက်လေ့လာနိုင်သည့်နေရာတွင် တည်ရှိနေသည်။ စစ်၏ ဆိုးကျိုးအဖြစ်တောင်- မြောက် နှစ်နိုင်ငံ ကွဲပြားသွားမှုကြောင့် မိသားစုပေါင်းများစွာ သေကွဲ၊ ရှင်ကွဲ ဝေးကွာမှုများ၊ ဝမ်းနည်းကြေကွဲမှုများကို ယနေ့အထိ မမေ့ကြသေးပေ။

 

သိရှိခံစားမိ

 

ကိုရီးယားစာလုံးများဖြင့် ရေးသားထားသော ထိုကျောက်စာပေါ်ရှိ စာသားများကို စာရေးသူနားမလည်သော်လည်း ကျောက်စာကိုကြည့်ပြီး ဝမ်းနည်းကြေကွဲကြသော တောင်ကိုရီးယားနိုင်ငံသားများ၏ မျက်နှာအရိပ်အကဲမှတစ်ဆင့် သူတို့၏ခံစားမှုကို သိရှိခံစားမိသည်။ အာဆီယံမီဒီယာသမားများအတွက် တောင်ကိုရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဘာသာပြန်အဖြစ်ပါရှိသည့် မစ္စကင်အကူအညီဖြင့်ကျောက်စာပေါ်ရှိ စာသားအဓိပ္ပာယ်ကို သိရှိခွင့်ရခဲ့သည်။ မစ္စကင်ကိုယ်တိုင် ကျောက်စာပါစာသားကိုကိုရီးယားဘာသာမှ အင်္ဂလိပ်ဘာသာသို့ ဘာသာပြန်ဆိုပြောပြရင်းက ဝမ်းနည်းမှုကြောင့် မျက်ရည်များ ဝေ့ဝဲကျလာခဲ့သည်။

 

မိုးတွေရွာ၊ နှင်းတွေကျ၊ လေတွေတိုက်နဲ့ အချိန်ကာလတွေ ပြောင်းလဲခြင်းနဲ့အတူ ပြီးခဲ့တဲ့ နှစ်သုံးဆယ်လုံးလုံး မိသားစုနဲ့ ဝေးကွာခဲ့ရတယ်။ မှီခိုစရာမရှိ၊ တစ်ယောက်တည်း အထီးကျန်ဆန်မှုတွေကြောင့် မောင်နှမသားချင်းတွေကို တွေ့ဆုံလိုစိတ် ပြင်းပြမှုတွေနဲ့အတူ သူတို့အတွက် ချစ်ခြင်းတရားတွေကို ဘယ်တော့မှပေးခွင့်မရတော့ဘူးလား။

 

အဖေနဲ့ အမေကိုလည်း မြင်လိုလှတယ်။ အမေ တို့၊ အဖေတို့ ဘယ်မှာလဲ။ အခုတော့ အဖေနဲ့ အမေရဲ့နာမည်တွေကိုပဲ တမ်းတရေရွတ်နေမိတယ်ဟူ၍ အဓိပ္ပာယ်ရသည့် စာသားနှစ်ပိုဒ်ပါ ကျောက်စာကို မျက်ရည်ဝေ့ဝဲစွာ လာရောက်ကြည့်ရှုကြသည့် တောင်ကိုရီးယားနိုင်ငံသားများကိုကြည့်ရင်း သူတို့၏ ဝမ်းနည်းမှုများကိုလည်း အလိုလို စာနာနားလည်မိသည်။

 

ပြန်လည်အားပေးခဲ့

 

တောင်ကိုရီးယားပြည်သူတွေကတော့ လွတ်လပ်မှု၊ ငြိမ်းချမ်းမှုကို လိုလားတယ်။ စစ်ကြောင့် ကွဲကွာခဲ့ရတဲ့ မိသားစုတွေအများကြီး ရှိခဲ့တယ်။ ဒါကြောင့်တောင်-မြောက် ပေါင်းစည်းရေးကို လိုလားတယ်။ ကွဲကွာခဲ့တဲ့ ဝမ်းနည်းစရာဇာတ်လမ်းတွေ သိသလောက်ကျွန်မပြောနေရင်တော့ ဂျယ်ဂျူးဖိုရမ်ကို ရောက်မှာမဟုတ်တော့ဘူးဟု မစ္စကင်က အရွှန်းဖောက်ရင်း သူ၏ဝမ်းနည်းမှုကိုလည်း ဖြေဖျောက်ခဲ့သည်။ အာဆီယံမီဒီယာသမားများက We hope for one Korea   ဟူ၍ ပြန်လည်အားပေးခဲ့ကြသည်။

 

ဒုတိယကမ္ဘာစစ်မတိုင်မီ ကိုရီးယားနိုင်ငံကို ဂျပန်တို့က ကိုလိုနီနယ်အဖြစ် အုပ်စိုးခဲ့ပြီး ၁၉၄၅ ခုနှစ်တွင်ဂျပန်တို့ စစ်ရှုံးခဲ့သည့် ပယောဂကြောင့် ကိုရီးယားနှစ်နိုင်ငံကွဲခဲ့ရသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ဆိုကြသည်။ ထို့ပြင် ၁၉၄၅ ခုနှစ်က ကျင်းပခဲ့သော မဟာမိတ်နိုင်ငံကြီးများညီလာခံတွင် စစ်ရေးဗျူဟာလွယ်ကူစေရန် ကိုရီးယားနိုင်ငံကို တောင်-မြောက် နယ်မြေပိုင်းခြား၍ မြောက်ပိုင်းကို ဆိုဗီယက်တပ်များ သိမ်းယူရန်နှင့်တောင်ပိုင်းကို အမေရိကန်တပ်များ သိမ်းယူရန် သဘော တူညီခဲ့ကြသည်။ ထိုမှစ၍ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးချိန်တွင်လည်း တောင်နှင့်မြောက် ကွဲပြားသွားသည်မှာ ယနေ့အထိတိုင် ဖြစ်သည်။

 

အဝါရောင်နယ်ခြားမျဉ်း

 

၁၉၅၀ ပြည့်နှစ် ဇွန်လ ၂၅ ရက်နေ့တွင် တောင်နှင့် မြောက်ကိုရီးယားအကြား ကိုရီးယားစစ်ပွဲ စတင်ခဲ့ပြီး ၁၉၅၃ ခုနှစ်ဇူလိုင်လ ၂၇ ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေး စာချုပ်ကိုနှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့ကြသည်။ ထိုသို့ လက်မှတ်ရေးထိုးခဲ့သည့် အတွက် စစ်မဲ့ဇုန်ခေါ် DMZ ဇုန်တစ်လျှောက်နှစ်နိုင်ငံ နယ်နိမိတ်ကို အဝါရောင် နယ်ခြားမျဉ်းတစ်ကြောင်းဖြင့် ခွဲခြားသတ်မှတ်ထားကြသည်။ အဝါရောင်နယ်ခြားမျဉ်း၏ တစ်ဖက်တစ်ချက်စီတွင် နှစ်ကီလိုမီတာစီ ထပ်မံ၍ စည်းတစ်ခုသတ်မှတ်ထားခဲ့သည်။

 

DMZ ဟူ၍ အများအလွယ်ခေါ်ဆိုကြသည့် တောင်-မြောက် နှစ်နိုင်ငံ စည်းခြားထားရာနေရာကို တောင်ကိုရီးယားဘက်ခြမ်းမှ ပြည်တွင်း၊ ပြည်ပ ခရီးသွားများ လာရောက်လေ့လာနိုင်ရန် တောင်ကိုရီးယား အစိုးရက ဖော်ဆောင်ထားသည်။ နှစ်နိုင်ငံ သဘောတူညီမှုအရ DMZ တွင် ငြိမ်းချမ်းမှုကို ခံစားရနိုင်သော်လည်း DMZ ၏ တစ်ဖက်တစ်ချက်စီတွင် နှစ်နိုင်ငံ စစ်အင်အားများဖြင့် လုံခြုံရေးအစောင့်အကြပ်များ တည်ရှိနေဆဲဖြစ်သည်။ စစ်ရေးအရ တင်းမာမှုရှိသည့်နေရာများလည်း တည်ရှိနေဆဲဖြစ်သည်။ သို့သော် တောင်-မြောက် ကိုရီးယားနှစ်နိုင်ငံ ပေါင်းစည်းသွားနိုင်ရေးအတွက် ကြိုးပမ်းဆွေးနွေး နေကြဆဲလည်း ဖြစ်သည်။

 

Korea Press Foundation(KPF)

 

စာရေးသူပါဝင်သော အာဆီယံမီဒီယာများအဖွဲ့သည် ဂျယ်ဂျူးဖိုရမ် မတက်ရောက်မီ DMZ အပြင် အခြားနေရာများသို့ သွားရောက်လေ့လာခွင့်ရခဲ့သည်။ မီဒီယာသမားများနှင့် သက်ဆိုင်သည့် Korea Press Foundation(KPF) သို့လည်း သွားရောက်လေ့လာခွင့်ရခဲ့သည်။ KPF သည် မီဒီယာဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် မီဒီယာအရေးကိစ္စများကို လှုပ်ရှားဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် မီဒီယာသမားများ၏ အရည်အသွေး တိုးတက်စေရန်၊ ပြည်သူတို့၏ လူမှုစီးပွားဘဝများ ထင်ဟပ်ရေးသားနိုင်ရန်၊ နိုင်ငံသားများ၏ သတင်းအချက်အလက်သိနားလည်မှု တိုးမြင့်လာစေ ရန်နှင့် သတင်းမီဒီယာလုပ်ငန်းများ ခိုင်မာအားကောင်း စေရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိသည်။

 

နည်းပညာထွန်းကားလာသည့် ယနေ့ခေတ်နှင့်လိုက်လျောညီထွေစွာ ဆောင်ရွက်နိုင်ရန်အတွက်တည်ရှိနေသော မီဒီယာ အဖွဲ့အစည်းများဖြစ်သည့် Korea Press Foundation Newspaper Com-mission for the Press နှင့် Korean Newspaper Circulation Service  တို့ကို ၂၀၁၀ ပြည့်နှစ်တွင်ပူးပေါင်းစေကာ ခေတ်သစ်ုင်္ဏ အဖြစ် တောင်ကိုရီးယားအစိုးရက ပြောင်းလဲဆောင်ရွက်စေခဲ့ကြောင်း သိရှိရသည်။ ကိုရီးယားနိုင်ငံ၏ ယဉ်ကျေးမှုသမိုင်းကြောင်းကို အာဆီယံမီဒီယာအဖွဲ့များ သိရှိနိုင်စေရန်အတွက်လည်း ကိုရီးယားအမျိုးသားပြတိုက်သို့ သွားရောက်လေ့လာစေခဲ့သည်။ ကိုရီးယားအမျိုးသားပြတိုက်သည် တောင်ကိုရီးယားနိုင်ငံ၏ အကြီးဆုံးပြတိုက်ဖြစ်သည်။ ပြတိုက်တွင် ကိုရီးယားနန်းစဉ်သုံး အသုံးအဆောင်များ၊ ရိုးရာယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်များကို ထိန်းသိမ်းပြသထားသည်။

 

သမိုင်းကြောင်းအစဉ်အလာ ကြီးမားစွာဖြင့်ရပ်တည်နိုင်ခဲ့သော တောင်ကိုရီးယားနိုင်ငံသည် စစ်၏ဆိုးကျိုးများစွာ ခံစားခဲ့ရသော်လည်း ယနေ့ဖွံ့ဖြိုးသည့်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိသည်။ စာရေးသူတို့မီဒီယာအဖွဲ့ကို မစ္စကင်က ကိုရီးယားနိုင်ငံအကြောင်း ပြောပြရင်း ကိုရီးယားကင်ချီကို သိကြပါသလားဟုမေးမြန်းပါသည်။ အားလုံးက သိကြပါသည်ဟု ပြောကြသည်။ မစ္စကင်က စစ်၏ဆိုးကျိုးကြောင့် ပြည်သူများ ပြေးကြလွှားကြနှင့် ဒုက္ခများသောကြောင့် မွေးကင်းစ ကလေးများကို ကင်ချီ ၁ ၊ ၂ ၊ ၃ အစရှိသဖြင့် နံပါတ်ဖြင့် ခေါ်ဆိုခဲ့ကြရသည်ကို ကင်ချီလူသိများပုံနှင့်နှိုင်း၍ ပြောပြပါသည်။

 

တောင်ကိုရီးယားနိုင်ငံတွင် ကျောင်းသား ကျောင်းသူများ အင်္ဂလိပ်ဘာသာစကား တိုးတက်စေရန် ဆောင်ရွက်ထားသည့် နည်းလမ်းတစ်ခုကိုလည်း စာရေးသူကိုယ်တိုင် တွေ့မြင်ခဲ့ရသည်။ စာရေးသူတို့ မီဒီယာအဖွဲ့ ခေတ္တတည်းခိုနေထိုင်သည့် ဆိုးလ်မြို့ရှိ he Plaza ဟိုတယ်အနီးတွင် Deoksugung နန်းတော်ဟောင်းရှိပါသည်။ ထို့ကြောင့်နန်းတော်သို့ သွားရောက်လေ့လာခဲ့သည်။

 

ကိုယ်တိုင်လေ့လာပါဝင်စေသည့် နည်းစနစ်

 

နန်းတော်ရှေ့သို့ စာရေးသူရောက်ရောက်ချင်းပင် ကိုရီးယားအလယ်တန်းကျောင်းသူတစ်ဦးက လာရောက်ပြီး မိတ်ဆက်သည်။ သူက အလယ်တန်းကျောင်းသူတစ်ဦးဖြစ်ပြီး နန်းတော်အကြောင်းကို အခမဲ့ရှင်းပြလိုကြောင်း ပြောပြလာပါသည်။ သူကဲ့သို့ အင်္ကျီဆင်တူဝတ်ထားသည့် ကျောင်းသား ကျောင်းသူများကလည်း လာရောက်လေ့လာသူများကို ရှင်းပြလိုကြောင်း မိတ်ဆက်နေသည်ကို တွေ့ရပါသည်။ စာရေးသူကိုလည်း သူကပင် လိုက်လံရှင်းပြပါသည်။ ဆိုလိုချင်သည်မှာ ဘာသာစကားတစ်ခု တတ်ကျွမ်းရန် ကလေးငယ်များကို ကိုယ်တိုင်လေ့လာပါဝင်စေသည့် နည်းစနစ်ကို နှစ်သက်မိခြင်းဖြစ်သည်။ သူက နန်းတော်အကြောင်းကို သိသမျှ ကြိုးစားပြောပြသည်။ မသိ၍ မေးလျှင်လည်း တတ်အားသမျှ ကြိုးစားဖြေပေးသည်။ ရှင်းပြပြီးသည့်အခါ သူ၏ အင်္ဂလိပ်ဘာသာစကား သင်ယူတတ်မြောက်မှုနှုန်းကိုသိရှိနိုင်မည့် ဖောင်တစ်ခုကို ပြန်ဖြည့်ပေးရပါသည်။ စေတနာထားကာ ရှင်းပြပေးသလို သူရှင်းလင်းပြောပြသည်ကို နားလည်သိရှိခဲ့သည့်အတွက် မှတ်ချက်အကောင်းများသာ ပေးခဲ့မိပါသည်။

 

မီဒီယာအဖွဲ့ဖြစ်သည့်အတွက် သိချင်သည်၊ လေ့လာချင်သည်ကများများ ဖြစ်နေသည်။ ဆိုးလ်ရောက်ရင် ဆိုးလ်တာဝါရောက်မှ ခေတ်မီမည်ဖြစ်သည့်အတွက်သွားရောက်ခဲ့ကြသေးသည်။ ထိုသို့လည်ပတ်လေ့လာရင်းဖြင့် ဂျယ်ဂျူးဖိုရမ် တက်ရောက်ရန် ဆိုးလ်မှ ဂျယ်ဂျူးသို့အဖွဲ့လိုက် ချီတက်ရပါသည်။ ဖိုရမ်မတက်ရောက်ခင် နံနက်စောစောတွင် ဂျယ်ဂျူးကျွန်းပေါ်ရှိ လက်ဖက်ခင်းများဆီသို့ ဦးစွာလေ့လာရေးထွက်ကြသေးသည်။ လက်ဖက်ခင်းများနှင့်အတူ Osulloc Tea Museum  ကိုလည်း ဝင်ရောက်လေ့လာရင်း ဂျယ်ဂျူးကျွန်းထွက် လက်ဖက်ရည်ကြမ်းကိုလည်း မြည်းစမ်းခဲ့ကြသေးသည်။ Osulloc Tea Museum  သည် ဂျယ်ဂျူးကျွန်းပေါ်ရှိထင်ရှားသည့် လေ့လာလည်ပတ်စရာ နေရာတစ်ခုဖြစ်ပြီး နှစ်စဉ် လာရောက်လည်ပတ်လေ့လာသူ ၁ ဒသမ ၅ သန်း ရှိကြောင်း သိရသည်။

 

နိုင်ငံတကာမီဒီယာ၏ အခန်းကဏ္ဍ

 

လက်ဖက်ခင်းများဆီမှတစ်ဆင့် ဖိုရမ်သို့ စာရေးသူတို့အဖွဲ့ ချီတက်ကြပါသည်။ ဂျယ်ဂျူးဖိုရမ်မှာ မေလ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့အထိဖြစ်သည်။ ဖိုရမ်ကို ကဏ္ဍအလိုက်ခေါင်းစဉ်များခွဲကာ ဆွေးနွေးကြပါသည်။ သို့သော် အာဆီယံ မီဒီယာအဖွဲ့သည် ကိုရီးယားကျွန်းဆွယ်ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေး ဆောင်ရွက်ရာတွင် နိုင်ငံတကာမီဒီယာ၏ အခန်းကဏ္ဍခေါင်းစဉ် ဆွေးနွေးသည့် မေလ ၃၁ ရက်နေ့တွင်မှ ပါဝင်တက်ရောက်ရခြင်း ဖြစ်သည်။ အဆိုပါ ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲသို့ နိုင်ငံပေါင်း ၂၀ ကျော်မှ မီဒီယာသမားများ တက်ရောက်ကြပါသည်။ ဦးဆောင်ဆွေးနွေးသူများက ကိုရီးယား ကျွန်းဆွယ်အရေးကိစ္စသည် ပထဝီနိုင်ငံရေးအခြေအနေများကြောင့် ခန့်မှန်းရခက်ခဲသည့်အခြေအနေတွင် တည်ရှိနေသည့်အတွက် မီဒီယာကဏ္ဍမှ ရေးသားဖော်ပြမှုများကို ၎င်းတို့၏ အတွေ့အကြုံနှင့် ယှဉ်၍သာ ဆွေးနွေးကြပါ သည်။ တစ်နာရီကျော်ကျော်သာရရှိသည့် အချိန်အတွင်း ဆွေးနွေးသူ ငါးဦးပါဝင်သည့်အတွက် ကျယ်ပြန့်စွာ ဆွေးနွေးခွင့် မရခဲ့ကြပါ။

 

ဂျယ်ဂျူးဖိုရမ်ကို ၂၀ဝ၉ ခုနှစ် မတိုင်မီက နှစ်နှစ်လျှင်တစ်ကြိမ် ဂျယ်ဂျူးငြိမ်းချမ်းရေးဖိုရမ်အဖြစ် ကျင်းပလာရာမှ ၂၀၁၁ ခုနှစ်တွင် ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် ဂျယ်ဂျူးဖိုရမ်ဟူ၍ အမည်ပြောင်းလဲ ကျင်းပလာခဲ့သည်။ ဖိုရမ်ကို နှစ်စဉ် မေလတိုင်းတွင် ကျင်းပလေ့ရှိပြီး အာရှဒေသ စဉ်ဆက်မပြတ်ငြိမ်းချမ်းရေးနှင့် သာယာဝပြောမှုရှိစေရန်အတွက် တွေ့ဆုံဆွေးနွေးမှုများစွာ ဆောင်ရွက်နိုင်သည့်နေရာ တစ်ခုဖြစ်လာစေရန် ရည်မှန်းထားသည်။ ဖိုရမ်ကိုမျက်နှာစုံညီ အစည်းအဝေးများအပါအဝင် ခေါင်းစဉ်အလိုက် ဆွေးနွေးမှုပေါင်း ၆၀ ကျော်ဖြင့် ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ဂျယ်ဂျူးကျွန်းကို sland of World Peace ကျွန်းတစ်ခုအဖြစ် ၂၀ဝ၅ ခုနှစ်မှစတင်ကာ တောင်ကိုရီးယားအစိုးရက ရည်မှန်းဆောင်ရွက်လျက်ရှိသည်။

 

အထက်မှာ ဆိုခဲ့သလိုပင် မီဒီယာသမားများဖြစ်သည့်အတွက် လေ့လာစူးစမ်းမှု အားကောင်းကြသည်။ ခရီးစဉ်အတွင်းမှာလည်း အာဆီယံဒေသတွင်း မီဒီယာအချင်းချင်း အတွေ့အကြုံ၊ အသိပညာဖလှယ်ခွင့် ရရှိခဲ့ပါသည်။ ကိုရီးယားကင်ချီမှအစ အာဆီယံမှ လူကြိုက်များသည့် သင်္ဘောသီးထောင်းပါမကျန် ပြောကြဆိုကြသည်။ အာဆီယံမီဒီယာအဖွဲ့၏ တောင်ကိုရီးယား နိုင်ငံခရီးစဉ်တွင် လေ့လာစရာနေရာများ အများကြီး ကျန်ရှိနေသေးသော်လည်း ဖိုရမ်ကိုဦးတည်လာသည့်အတွက် ဖိုရမ်တက်ရောက်ပြီးပါက အချိန်တန် အိမ်ပြန်ရမည်သာ ဖြစ်သည်။ စာရေးသူကိုယ်တိုင် ဘူဆန်ဘက်ခြေဆန့်ချင်သော်လည်း အိမ်ပြန်ရမည့်ရက် ရောက်ရှိပြီဖြစ်သည့်အတွက် ဂျယ်ဂျူးမှ ဆိုးလ်၊ ဆိုးလ်မှ အမိမြေသို့ပြန်လာခဲ့ရပါတော့သည်။ ။

 

ရှင်မင်း