ရန်ကုန် ၁၄ ဇွန်
ရန်ကုန်တိုင်းဒေသကြီးတွင် လူဦးရေအများဆုံးနေထိုင်ရာ လှိုင်သာယာမြို့နယ်၌ ရေစီးရေလာ ပိတ်ဆို့ခြင်းသည် လမ်းပိုင်းဆိုင်ရာရေမြောင်းပေါ်တွင် အဆောက်အဦများ ဆောက်လုပ်မှု များပြားလာခြင်းကြောင့်ဖြစ်ပြီး ပြည်သူရွေးချယ်တင်မြှောက်ထားသော စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌများ တာဝန်ယူပြီးနောက်ပိုင်း ဆောက်လုပ်သော အဆောက်အဦများ စည်ကမ်းနှင့်အညီတည် ဆောက်ထားခြင်းရှိ၊မရှိကို ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်ကြောင်း လှိုင်သာယာမြို့နယ် စည်ပင်သာယာရေး ကော်မတီရုံးမှ သိရသည်။
“ကျွန်တော်တို့ထံကို အများဆုံးတိုင်ကြားတာက အဆောက်အအုံနဲ့ ပတ်သက်ပြီး တိုင်တာများတယ်။ စည်ပင်သာယာရေး ဥပဒေကို ယခင်က မကြပ်မတ်ခဲ့တဲ့ အတိုင်းအတာတွေရှိမယ်။ စစ်ဆေးရေးအဖွဲ့တွေက ကွင်းဆင်းပြီး သေချာကြပ်မတ်ခြင်းမရှိတော့ ဥပမာသတ်မှတ်ထားတဲ့ ဥပဒေအရ အဆောက်အဦဆောက်ရင် ဘေးဘယ်ညာ ဘယ်နှစ်ပေချန်ရမယ်၊ ရေမြောင်းအကျယ် ဘယ်လိုထားပြီး နောက်ဘက် ဆားဗစ်ကျင်းကို ဘယ်လိုဆောက်ရမယ်ဆိုတာ အားနည်းခဲ့တော့ အဲ့ဒီပြဿနာတွေက ရေစီးရေလာမှာ ပြဿနာဖြစ်လာတယ်။ စဆောက်ပြီဆိုကတည်းက လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို လက်မှတ်ထိုးထားပေမယ့် ဆောက်လုပ်တဲ့အခါမှာ လိုက်နာမှုအားနည်းတယ်။ ဒါကြောင့် ဦးစားပေး တစ်ခုအနေနဲ့ လိုင်စင်ရ အဆောက်အဦတွေ စည်းကမ်းနဲ့အညီ တည်ဆောက်ထားခြင်းရှိ၊ မရှိကို စည်ပင်သာယာရေး ကော်မတီ တာဝန်ယူပြီး နောက်ပိုင်း ဆောက်လာတဲ့ အဆောက်အဦတွေကို စစ်ဆေးဖို့ရှိပါတယ်” ဟု လှိုင်သာယာမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးသိန်းအောင်က ပြောသည်။
လှိုင်သာယာတွင် လူနေအဆောက်အဦများထက် စီးပွားဖြစ်အဆောင်များ ဆောက်လုပ်မှုများ ပြားလာလျက်ရှိရာ အိမ်ရှေ့ရေမြောင်းပေါ်တွင်လည်း ဈေးဆိုင်ခန်းများဆောက်လုပ်သည့် အပြင်ပေ (၁၀×၆၀)၊ပေ(၂၀×၆၀)နှင့် ပေ(၄၀×၆၀)မြေကွက်ကို အပြည့်ဆောက်လုပ်သောကြောင့် အိမ်ရှေ့ခြံ စည်းရိုးမှ(၂) ပေ ခွာ၍ လည်းကောင်း၊ ဘယ်၊ ညာ ခြံစည်းရိုးမှ (၃) ပေ ခွာ ၍ လည်းကောင်း၊ အိမ်၏ နောက်ဘက် တွင် ဆားဗစ်ကျင်းကို သတ်မှတ်ချက်နှင့် အညီ စည်ပင်ဥပဒေအတိုင်း လိုက်နာမှုမရှိပဲဆောက်လုပ်လျက်ရှိသည်။ ယခေုအခါ အဆောင်များဆောက် လုပ်ရာတွင်ခြေရင်း၊ ခေါင်းရင်းအိမ်မှ သဘောတူညီမှုမရှိဘဲ ဆောက်လုပ်မှုကြောင့် အဆောင်များတွင် နေထိုင်သူတို့နှင့် လမ်းသူလမ်းသားတို့ လူမှုရေးပြဿနာများ ဖြစ်ပွားခြင်း၊ စည်းကမ်းမဲ့စွန့်ပစ် အမှိုက်ကြောင့် ရေစီးရေလာ ပိတ်ဆို့ခြင်း၊ ရေဆိုးမြောင်း၊ အမှိုက်နှင့်မိလ္လာတို့မှ မိုးရာသီတွင် ဆိုးရွားသော အနံ့များလွင့်ပျံ့ခြင်းတို့ဖြစ်ခြင်းနှင့် ယင်ပေါများလာမှုကို ကလေးသူငယ်များနှင့် ကျောင်းသား ကျောင်းသူတို့ကြုံတွေ့နေရလျက် ရှိသည်။
“ကျွန်မတို့ကို ရာအိမ်မှူးက လက်မှတ်ထိုးခိုင်းတော့ လူနေအိမ် တစ်ထပ်ဆောက်မယ်ဆိုပြီးထိုးခိုင်းတာ၊ တကယ်ဆောက်တော့ သံဖရိန်တွေနဲ့ နှစ်ထပ်အဆောင်ဖြစ်နေတယ်။ ရပ်ကွက်ရုံးနဲ့မြို့ နယ်စည်ပင်သာယာကို မေ(၁၆)ရက်နေ့က လူကိုယ်တိုင် ကန့်ကွက်စာ တင်ထားတာ၊ ဒီနေ့ထိ ဆောက်နေုတုန်းပဲ။ လမ်းထဲမှာ အဆောင်ကို လက်မခံဘူး။ လူများရင်ပြဿနာများတယ်။ ပိုင်ရှင်ကရန်ကုန်မြို့ထဲမှာ နေတာများတယ်။ မီးရေး ထင်းရေးဖြစ်ရင် ရပ်ကွက်ပဲ ဒုက္ခရောက်တာ။ လူပေါင်းစုံပြဿနာ ပေါင်းစုံဆိုတော့ အဆောင်ဆိုရင် လုံးဝလက်မခံလိုဘူး။ ဒါကြောင့်စာနဲ့တိုင်ကြားပေမယ့် ဒီနေ့ထိ ဆောက်နေတော့ လှိုင်သာယာမှာ အဆောင်တွေများလာတာ မဆန်းဘူးပေါ့” ဟု အမှတ်(၇)ရပ်ကွက်မှ အိမ်ရှင်တစ်ဦးဖြစ်သော ဒေါ်ဆွေဆွေက ပြောသည်။
မြို့နယ်စည်ပင်သာယာမှ ထိုဆောက်လုပ်မှု အားစာနှစ်ကြိမ်ပေး၍ တားမြစ်ထားသော်လည်း ဆက်လက်ဆောက်လုပ်မှုကြောင့် ထပ်မံသတိပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာဝန်ခံအင်ဂျင် နီယာထံမှ သိရသည်။
လှိုင်သာယာတွင် ပေ(၁၀×၆၀)နှင့် ပေ(၂၀×၆၀)မြေကွက်၌ နှစ်ထပ်အောက်အဆောက်အဦ ဆောက်လုပ်ပါက လိုင်စင်ရအင်ဂျင်နီယာ လက်မှတ်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတွင် ကျပ်(၅)သိန်းမှ(၁၀)သိန်းထိ ကုန်ကျပြီး တရားဝင် ဆောက်လုပ်ခွင့် ပုံစံအတိုင်းမဟုတ်ဘဲ အ ခြားပုံစံဖြင့် ဆောက်လုပ်မှုများ လာသောကြောင့် နှစ်ထပ်နှင့် အောက်ဆောက်လုပ်မည့် အဆောက်အအုံများကို မြို့နယ်စည်ပင် သာယာရေးကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် တည်ဆောက်ခွင့်ပြုရန် တင်ပြထားကြောင်းနှင့် (၁၀×၆၀)ပေ အဆောက်အဦ၏ ဝဲယာသုံးပေချန်၍ ဆောက်လုပ်မှုကိုလည်း ဖြေလျော့ပေးရန် တင်ပြထားကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
လိုင်စင်ရနှင့် လိုင်စင်မဲ့အဆောက်အဦများ ဆောက်လုပ်မှုကို စည်ပင်သာယာရေး ကော်မတီမှ တာဝန်ယူပြီး နောက်ပိုင်း ဆောက်လုပ်သောအဆောက်အအုံများကို စည်းကမ်းနှင့်အညီ တည်ဆောက် ထားခြင်းရှိ၊ မရှိ အား ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းထိုက်
ဓာတ်ပုံ - သစ္စာ
