နေပြည်တော် ၁၄ ဇွန်

ဥယျာဉ်/ဘေးမဲ့တောများအတွင်း တောရိုင်းတိရစ္ဆာန်များ နေရင်းဒေသပြန်လည် တည်ထောင်ခြင်း လုပ်ငန်းစီမံချက်တင်ပြခြင်း အစည်းအဝေးကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန၌ ကျင်းပခဲ့သည်။

၂၀၂၁ မှ ၂၀၃၀ အထိကို “ဂေဟစနစ် ပြန်လည်တည်ထောင်ခြင်းဆယ်စုနှစ် (UN Decade on Ecosystem Restoration 2021−2030)” အဖြစ် ကုလသမဂ္ဂက သတ်မှတ်ကြေညာထားပြီး မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ ဖြစ်သည့် အတွက် “တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသ ပြန်လည်တည်ထောင်ခြင်း လုပ်ငန်းစီမံချက်” ကို ရေးဆွဲဆောင်ရွက်ခြင်းဖြစ်သည်။

အစည်းအဝေးတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်က နိုင်ငံ၏ သဘာဝဂေဟစနစ်များနှင့် ယင်းတို့၏ ဇီဝမျိုးစုံမျိုးကွဲများကို ပြန်လည်တိုးတက် ကောင်းမွန်လာစေရေး ထိရောက်သည့် စီမံအုပ်ချုပ်မှုများ ပြုလုပ်နိုင်ရန် သဘာဝထိန်းသိမ်းရေးနယ်မြေ (၁၉)ခုမှ ရေးဆွဲထားသည့် တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသ ပြန်လည်တည်ထောင်ခြင်းလုပ်ငန်း စီမံချက်များ အကောင်အထည်ဖော်ရေး တင်ပြချက်များအပေါ် သုံးသပ်အကြံပြု ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။

နိုင်ငံတော်စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (NECC) သည် ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ် နိုင်ငံပိုင်အခန်းရင်းနှီးမြှပ်နှံမှုတွင် ထည့်သွင်းလျာထားနိုင်ရန်အတွက် Project Bank တွင် ထည့်သွင်းထားသည့် စီမံကိန်းများအနက် တောရိုင်းတိရစ္ဆာန်များ အတွက် နေရင်းဒေသ ပြန်လည်တည်ထောင်ခြင်း လုပ်ငန်းအစီအစဉ် ၂၀၁၉-၂၀၂၀ မှ ၂၀၂၈-၂၀၂၉ အထိ (Re-establishing Natural Habitats Programme - RNH) ကို ဗျူဟာမြောက်စီမံကိန်းအဖြစ် ဦးစားပေးရွေးချယ်ခဲ့ကြောင်း အစည်းအဝေးမှ သိရသည်။

RNH သည် ဥယျာဉ်/ဘေးမဲ့တော (၁၉) ခု၏ တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသပြန်လည်တည်ထောင်ခြင်း လုပ်ငန်းစီမံချက်များကို စုစည်းရေးဆွဲထားခြင်း ဖြစ်သည်။

အစည်းအဝေးတွင် လုပ်ငန်းအစီအစဉ် ပထမနှစ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ဥယျာဉ်/ဘေးမဲ့တော (၁၉) ခုတွင် ဆောင်ရွက်မည့်လုပ်ငန်းများအတွက် ကြိုတင် ပြင်ဆင်ထားမှုနှင့် ဆောင်ရွက်မည့် အစီအစဉ်များအပေါ် အစည်းအဝေးတက်ရောက်သူများက အကြံပြုဆွေးနွေးကြသည်။

(သတင်းစဉ်)