၁၅  ဇွန်

ဇွန်လ ၁၃ ရက်က အိုမန်ပင်လယ်ကွေ့မှာ ကုန်တင်သင်္ဘောနှစ်စင်း တိုက်ခိုက်ခံရကာ မီးလောင်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး အီရန်ရဲ့လက်ချက်လို့ အမေရိကန်ပြည်ထောင်စုက စွပ်စွဲလိုက်ပါတယ်။ အဲဒီလိုဖြစ်ရပ်တွေကြောင့် ဒေသတွင်း တင်းမာမှုတွေ မြင့်တက်လာပြီး ကမ္ဘာ့ရေနံဈေးမြင့်တက်လာမယ့် လက္ခဏာတွေနဲ့ အရိပ်အယောင်တွေ တွေ့နေရပါတယ်။

ကင်ပွန်းတပ်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအိုက အမေရိကန်နိုင်ငံအနေနဲ့ ဒေသတွင်း သူ့ရဲ့မဟာမိတ်တွေနဲ့ တပ်ဖွဲ့တွေကို ခုခံကာကွယ်ပေးသွားမယ်ဆိုပြီး ပြောကြားခဲ့သလို ဒီကိစ္စနဲ့ပတ်သက်ပြီး အလေးအနက်ထား ဆောင်ရွက်မယ့်သဘောကို ထုတ်ဖော်ခဲ့ပါတယ်။ အဲဒီလို မဟာဗျူဟာကျတဲ့ ရေလမ်းကြောင်းမှာ အခုလိုမျိုး ရေနံတင်သင်္ဘောတိုက်ခိုက်ခံရတာ ဒုတိယ အကြိမ်လည်း ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ အီရန်နိုင်ငံအကြား တင်းမာမှုတွေ မြင့်တက်လာနေတဲ့ အခုလိုအချိန်မျိုးမှာ ဥရောပသမဂ္ဂက ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့ တိုက်တွန်းသလို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကလည်း ပင်လယ်ကွေ့ဒေသမှာ အဓိကထိပ်တိုက်တွေ့ဆုံမှုကြီး မဖြစ်ပွားဖို့နဲ့ ကမ္ဘာကြီးအနေနဲ့လည်း အဆိုပါ ထိပ်တိုက်တွေ့ဆုံမှုကြီးကို လက်မခံနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

အလည်အပတ်ခရီးလာရောက်တဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက အီရန်ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီခါမေနီကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးဖို့ စကားလမ်းကြောင်း ပေးတဲ့အပေါ်မှာလည်း သူက ခါးသီးစွာငြင်းဆိုလိုက်ပြီးတော့ ဒီတိုက်ခိုက်မှုတွေကို သံသယဖြစ်ပွားဖွယ် တိုက်ခိုက်မှုတွေအဖြစ် ကင်ပွန်းတပ်လိုက်ပါတယ်။

တခြားအဖွဲ့အစည်းက မဟုတ်နိုင်

သင်္ဘောတစ်စင်းရဲ့ ကိုယ်ထည်မှာ တွယ်ကပ်ထားတဲ့ မပေါက်ကွဲသေးတဲ့ သံလိုက်ဗုံးတစ်လုံးကို အမေရိကန်ရေတပ်က တွေ့ရှိတယ်လို့ ပြောကြားပြီးနောက်မှာတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအိုကတော့ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အီရန်ရဲ့ လက်ချက်မကင်းဘူးဆိုတဲ့ ခိုင်မာတဲ့ အထောက်အထားတွေ ရှိတယ်လို့ ပြောပါတယ် ။

အမေရိကန် ထိပ်တန်းသံတမန်တစ်ဦးက ဒီဒေသမှာ အခုလိုလုပ်နိုင်တာ အီရန်ပဲရှိတယ်လို့ ပြောခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ အခုတိုက်ခိုက်မှုမှာ အီရန်ရဲ့လက်ချက်မကင်းဘူးလို့ ဆုံးဖြတ်ကြောင်း မိုက်ပွန်ပီအိုက ကြေညာခဲ့ပါတယ်။ စုံစမ်းထောက်လှမ်းမှုတွေ၊ အသုံးပြုခဲ့တဲ့ လက်နက်ပစ္စည်းတွေ၊ ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်တွေ၊ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ အလားတူ သင်္ဘောတိုက်ခိုက်ခံရမှု စတဲ့အချက်တွေအပေါ် အခြေခံပြီး ဒီလိုမျိုး ရှုပ်ထွေးတဲ့ကိစ္စကို ပြုလုပ်တဲ့သူတွေဟာ တခြားအဖွဲ့အစည်းက လုံးဝမဟုတ်နိုင်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအိုက ပြောပါတယ်။

ကွဲကွဲပြားပြားမသိသေး

ဟော်မုဇ်ရေလက်ကြားကအထွက် အီရန်တောင်ပိုင်း ကမ်းရိုးတန်းကမ်းလွန်မှာ ရေမိုင် ၂၅ မိုင်ခန့်နှုန်းနဲ့ အာရှကို ဦးတည်ခုတ်မောင်းနေတဲ့ သင်္ဘောနှစ်စင်းဟာ ဇွန် ၁၃ ရက် အစောပိုင်းက ဖောက်ခွဲတိုက်ခိုက်ခံရပါတယ်။ နော်ဝေပိုင် ဖရန့် အော်တိုင်းယားလို့ခေါ်တဲ့ အီသနောတင်သင်္ဘောဟာ သုံးကြိမ်ဖောက်ခွဲတိုက်ခိုက်ခံရပါတယ်လို့ နော်ဝေရေကြောင်း အာဏာပိုင်တွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ထို့အတူ မက်သနောတွေ တင်ဆောင်လာတဲ့ ဂျပန်ပိုင် ကိုကူကာကားရေ့စ်ဂျက်စ်သင်္ဘောလည်း တိုက်ခိုက်ခံရပါတယ်။ သို့သော်လည်း ကံကောင်းတာက သင်္ဘောပေါ်မှာ တောက်လောင်နေတဲ့ မီးတွေကို မကြာမီ ငြှိမ်းသတ်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ကမ်းလွန်မှာ သင်္ဘောနှစ်စင်း တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး ဘယ်သူ့မှာ တာဝန်ရှိသလဲ၊ ဘယ်သူ့ လက်ချက်လဲ ကွဲကွဲပြားပြားအဖြေကတော့ မထွက်ပေါ်လာသေးပါဘူး။

ခြိမ်းခြောက်မှုတစ်ခုဖြစ်

အီရန်ကတော့ မိမိရေတပ် တပ်ဖွဲ့ဝင်တွေဟာ သင်္ဘောနှစ်စင်းပေါ်မှာ လိုက်ပါလာတဲ့သင်္ဘောသား အတော်များများကို ကယ်တင်ခဲ့တယ်လို့ ဆိုပါတယ်။ တစ်ဖက်မှာလည်း အမေရိကန်ရေတပ်က သူ့အနေနဲ့ ကိုကူကာကားရေ့စ်ဂျက်စ် သင်္ဘောပေါ်က သင်္ဘောသား ၂၁ ဦးကို ကယ်တင်ခဲ့တယ်လို့ ဆိုပါတယ်။ အမေရိကန်ဟာ အခင်းဖြစ်ပွားတဲ့နေရာကို လိုအပ်တာတွေ ကူညီနိုင်ရေး အမေရိကန် ဖျက်သင်္ဘော ယူအက်စ်အက်စ်မာဆန်ကို စေလွှတ်ခဲ့တယ်လို့ အမေရိကန်က ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအိုက ဇွန် ၁၃ ရက် ကုန်တင်သင်္ဘောတိုက်ခိုက်ခံရမှုဟာ အီရန်သို့မဟုတ် သူ့ရဲ့ အေးဂျင့်တွေပြုလုပ်ခဲ့တဲ့ နောက်ဆုံးတိုက်ခိုက်မှုတွေထဲက တစ်ခုလို့ ပြောဆိုစွပ်စွဲခဲ့သလို တောင်ပိုင်းဆော်ဒီအာရေဗျလေဆိပ်ကို ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့တဲ့သူတွေဟာ ယီမင်ရှိ အီရန်မဟာမိတ် ဟူသီသူပုန်တွေရဲ့ လက်ချက်လို့လည်း ပြောပါတယ်။

အားလုံးကို ခြုံကြည့်မယ်ဆိုရင် ဒီလိုမျိုး အကြောင်းမဲ့သက်သက် တိုက်ခိုက်တာတွေဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ခြိမ်းခြောက်မှုတစ်ခု ဖြစ်တယ်လို့ ပြသနေသလိုပါပဲ။ လွတ်လပ်စွာ ကုန်သွယ်ရေကြောင်း သွားလာဖောက်ကားမှုမှာလည်း ဗြောင်ကျကျ တိုက်ခိုက်တာတွေ၊ လက်မခံနိုင်စရာ အီရန်ရဲ့ တင်းမာမှု မြင့်တက်လာတဲ့ လှုပ်ရှားဆောင်ရွက်မှုတွေဟာလည်း အလားတူ ခြိမ်းခြောက်မှုတွေပဲဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအို က ပြောခဲ့ပါတယ်။

အစည်းအဝေးကျင်းပမယ်

ဟော်မုဇ်ရေလက်ကြား အဝင်ဝနား အာရပ်စော်ဘွားများ ပြည်ထောင်စုရဲ့ ဖူဂျာရာဆိပ်ကမ်းကမ်းလွန်မှာ ကျောက်ချရပ်နားထားတဲ့ ကုန်တင်သင်္ဘောလေးစင်းကို မေ ၁၂ ရက်က တိုက်ခိုက်ခံရမှုမှာလည်း အီရန်ရဲ့ လက်ချက်ပဲလို့ အမေရိကန်က စွပ်စွဲထားပါတယ်။ အီရန်ဟာ အမေရိကန်နဲ့ နိုင်ငံတကာ ပိတ်ဆို့ မှုတွေကြောင့် ဒေါသထွက်နေရာမှ အခုလို အပြစ်မရှိ အရပ်သားတွေကို တိုက်ခိုက်နေတာဟာ မှန်ကန်တဲ့လုပ်ရပ်မဟုတ်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအိုက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ သူ့ရဲ့ တပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ အကျိုးစီးပွားကို ခုခံကာကွယ်ပေးသွားမှာဖြစ်ကာ မဟာမိတ်တွေနဲ့အတူ ရပ်တည်သွားမှာဖြစ်ပြီး ကမ္ဘာ့ကုန်သွယ်ရေးနဲ့ ဒေသတွင်းတည်ငြိမ်အေးချမ်းမှု ရရှိရေး လုပ်ဆောင်သွားမှာဖြစ်ကြောင်း မိုက်ပွန်ပီအိုက ဆက်လက်ပြောကြားခဲ့ပါတယ်။

အီရန်ရဲ့ သိသာလှတဲ့ ခြိမ်းခြောက်မှုကို ဖြေရှင်းပေးဖို့လည်း အမေရိကန်ပြည်ထောင်စုဟာ ဇွန် ၁၃ ရက်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တိုက်တွန်းခဲ့ပါတယ်။ သင်္ဘောတွေ တိုက်ခိုက်ခံရမှုအတွက် တီဟီရန်မှာ တာဝန်ရှိကြောင်း အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ချမှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီက တံခါးပိတ် အစည်းအဝေးကျင်းပမှာ ဖြစ်ပါတယ်။

ထိပ်တိုက်တွေ့ဆုံမှုတွေ ဖြစ်ပေါ်လာစေနိုင်

ဟော်မုဇ်ရေလက်ကြား ပြဿနာကြောင့် ရေနံဈေးတွေဟာလည်း မြင့်တက်လာခဲ့ပါတယ်။ လန်ဒန်နဲ့ နယူးယောက်မှာဆိုရင် ရေနံဈေးတွေ အနည်းငယ် မြင့်တက်လာခဲ့ပါတယ်။ အခုလို ကိစ္စရပ်တွေ ဖြစ်ပွားခဲ့တာကြောင့် ဒေသတွင်းမှာ အန္တရာယ်ရှိတဲ့အနေအထား ရောက်နေပြီလို့ အပြည်ပြည်ဆိုင်ရာ ပဋိပက္ခလေ့လာရေးပညာရှင် အဲလိဇဘတ် ဒစ်ကင်ဆန်က ပြောပါတယ်။ တွက်ချက်မှု အမှားတွေ၊ နားလည်မှု မှားတာတွေက အန္တရာယ်ကြီးမားမှုတွေကို ဖြစ်ပေါ် စေနိုင်တဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေကို ဖြစ်ပေါ်စေနိုင်တယ်လို့ သူကဆက်လက်ပြောကြားပါတယ်။ ။

ထွန်းသစ်စ

ကိုးကား- အေအက်ဖ်ပီ