၁၅  ဇွန်

တိုင်းရင်းဆေးပညာနဲ့ ရောဂါတွေကို ခွဲခြားပိုင်းဖြတ်တဲ့အခါမှာ အပူနာနဲ့အအေးနာ (သီတနဲ့ ဥဏှ) လို့ ပြောကြပါတယ်။ ဒီလိုပဲ အနောက်တိုင်းဆေးပညာမှာလည်း ကူးစက်နဲ့ မကူးစက်ဆိုပြီး ရှိပါတယ်။ အရင်ကတော့တီဘီ၊ ငှက်ဖျား၊ ဝမ်းရောဂါတို့လို ကူးစက်တဲ့ရောဂါတွေက ခေါင်းထောင်နေကြပြီး ကမ္ဘာတစ်လွှားဖွံ့ဖြိုးတိုးတက်လာလေလေ သွေးတိုး၊ ဆီးချိုတို့လို မကူးစက်တဲ့ရောဂါတွေက ပိုဆိုးလာလေလို့ ပြောပါတယ်။ ဘာကြောင့်လဲဆိုရင် နေထိုင်စားသောက်မှုပုံစံတွေ ပြောင်းလဲလာလို့ ဖြစ်ပါတယ်။ ဒီတော့ဘာတွေက ဘာကြောင့် ဘယ်လိုဖြစ်သလဲဆိုတဲ့ ရောဂါကွင်းဆက်တွေကို လေ့လာကြည့်ကြရအောင်။

၂၀၁၇ ခုနှစ် စက်တင်ဘာလထုတ် မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားမှုအခြေအနေ၊ ဖြစ်ပွားစေသည့် အကြောင်းရင်းများနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အသိပေးရှင်းလင်းခြင်းဆိုတဲ့ စာအုပ်ထဲမှာ မကူးစက်နိုင်သော ရောဂါများကို ဒီလိုအဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။ လူတစ်ဦးမှတစ်ဦးသို့ ရောဂါကူးစက်ခြင်းကြောင့် မဟုတ်ဘဲ ကျန်းမာရေးနှင့် မညီညွတ်သော အစားအစာများ စားသောက်ခြင်းနှင့် ကျန်းမာရေးနှင့် မညီညွတ်သော လူမှုဘဝ နေထိုင်မှုပုံစံများတွင် ကြာရှည်စွာ စားသောက်နေထိုင် ထိတွေ့နေရခြင်းကြောင့် ဖြစ်ပေါ်လာသော ရောဂါအစုအဝေးကို ခေါ်ပါသည်။

မကူးစက်နိုင်တဲ့ရောဂါတွေထဲမှာ သွေးတိုးနဲ့ နှလုံးသွေးကြောကျဉ်း ရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ ကင်ဆာရောဂါနဲ့ နာတာရှည်အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေကတော့ အဓိကရောဂါတွေ ဖြစ်ပါတယ်။

အရင်တုန်းကဆိုရင် မကြားဖူးတဲ့ရောဂါတွေပါ။ အသက် ၈၀ ကျော်၊ ၉၀ ကျော် အဘိုး၊ အဘွားတွေဆိုရင် ပိုမကြားဖူးမှာပေါ့။ အခုတော့ ရပ်ကွက်ထဲမသင်္ကာလို့ သွေးပေါင်ချိန်၊ ဆီးချိုစစ်ကြည့်ရင် သွေးတိုးနဲ့၊ ဆီးချိုနဲ့၊ အစားအသောက် ဆင်ခြင်ဖို့ တံဆိပ်ကပ်ပေးလိုက်ရပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုရောဂါတွေဖြစ်ရ၊ ခံစားရတာဟာ တကယ်ကို လူဖြစ်ရှုံးတယ်လို့ ပြောနိုင်ပါတယ်။ စားချင်တာမစားရ၊ သွားချင်တာမသွားရကိုး။ လုပ်ချင်ရာ လုပ်လိုက်မယ်ဆိုရင်တော့ အသက်အန္တရာယ်ပေးနိုင်၊ လေဖြတ်၊ မျက်မမြင်စတဲ့ လူစဉ်မမီတာတွေ ဖြစ်နိုင်ပါတယ်။

၂၀၁၅ ခုနှစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကမ္ဘာတစ်ဝန်းမှာ မကူးစက်နိုင်တဲ့ ရောဂါတွေကြောင့် တစ်နှစ်ကို ၃၈ သန်း သေဆုံးရတယ်လို့ ပြောပါတယ်။ သေဆုံးမှုတွေရဲ့ ၁၈ သန်းလောက်က ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဖြစ်ပါတယ်။ ၁၆ သန်း လောက်က အရွယ်မတိုင်မီ သေဆုံးသူတွေပါတဲ့။ သေဆုံးရတဲ့ အကြောင်းရင်းများကတော့ သွေးတိုးနဲ့ နှလုံးသွေးကြောကျဉ်း ရောဂါကြောင့်က ၁၇ ဒသမ ၅ သန်း၊ ကင်ဆာရောဂါကြောင့်က ၈ ဒသမ ၂ သန်း၊ နာတာရှည် အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါကြောင့်က လေးသန်းနဲ့ ဆီးချိုသွေးချိုရောဂါကြောင့်က ၁ ဒသမ ၅ သန်းလို့ ဆိုပါတယ်။

ဒေသတွင်းသေဆုံးမှုတွေကို ကြည့်တဲ့အခါမှာ ၂၀၁၂ ခုနှစ်ကိန်းဂဏန်းများအရ မြန်မာနိုင်ငံမှာ မကူးစက်ရောဂါတွေကြောင့်က ၅၉ ရာခိုင်နှုန်း၊ ကူးစက်ရောဂါတွေကြောင့်က ၃၀ ရာခိုင်နှုန်းနဲ့ ထိခိုက်ဒဏ်ရာတွေကြောင့်က ၁၁ ရာခိုင်နှုန်း ရှိပါတယ်။ မကူးစက်ရောဂါတွေကို ထပ်ခွဲခြားကြည့်မယ်ဆိုရင် နှလုံးသွေးကြောကျဉ်း ရောဂါကြောင့်၂၅ ရာခိုင်နှုန်း၊ ကင်ဆာတွေကြောင့် ၁၁ ရာခိုင်နှုန်း၊ နာတာရှည်အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကြောင့်က ကိုးရာခိုင်နှုန်း၊ ဆီးချိုသွေးချိုကြောင့် သုံးရာခိုင်နှုန်းနဲ့ အခြားနာတာရှည် ရောဂါများကြောင့် ၁၁ ရာခိုင်နှုန်း သေဆုံးရတယ်လို့ သိရပါတယ်။

ရောဂါအလိုက် သေဆုံးမှုတွေကို ကြည့်တဲ့အခါမှာလည်း သေဆုံးမှုအားလုံးရဲ့ ၄၈ ရာခိုင်နှုန်းဟာ မကူးစက်နိုင်တဲ့ ရောဂါများကြောင့်ပဲဖြစ်ပါတယ်

မြန်မာနိုင်ငံမှာ အဖြစ်အများဆုံး ကင်ဆာ ၁၀ မျိုးကတော့ အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ အစာအိမ်ကင်ဆာ၊ အသည်းကင်ဆာ၊ အူမကြီးကင်ဆာ၊ အစာရေမျိုပြွန်ကင်ဆာ၊ ခံတွင်းကင်ဆာ၊ လည်မျိုကင်ဆာ၊ သွေးကင်ဆာတို့ပဲ ဖြစ်ကြပါတယ်။ မတူညီတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့ နေထိုင်စားသောက်မှုတွေအရ အမျိုးသားတွေမှာ အဆုတ်ကင်ဆာ၊ အသည်းကင်ဆာ၊ အစာအိမ်ကင်ဆာတွေ အဖြစ်များပြီး အမျိုးသမီးတွေမှာ ရင်သားကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ အဆုတ်ကင်ဆာတွေ အဖြစ်များတယ်လို့ခွဲခြား သိရပါတယ်။

ဘာကြောင့်များ ဒီလိုမကူးစက်တဲ့ရောဂါတွေ ဖြစ်ပွားရသလဲလို့ဆန်းစစ်ကြည့်တော့ ၂၀၁၄ ခုနှစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ လေ့လာချက်များအရ လက်ရှိဆေးလိပ်သောက်မှု အခြေအနေ ၂၆ ဒသမ ၁ ရာခိုင်နှုန်း၊ လက်ရှိဆေးရွက်ကြီးသုံးစွဲသူ ၄၃ ဒသမ ၂ ရာခိုင်နှုန်း၊ ကိုယ်အလေးချိန်လွန်ကဲမှု (BMI25kg/m2) ၂၂ ဒသမ ၄ ရာခိုင်နှုန်း၊ အဝလွန်ကဲမှု(BMI30kg/m2) ၅ ဒသမ ၅ ရာခိုင်နှုန်း၊ အရွယ်ရောက်ပြီးသူများမှာ သွေးတွင်းအချိုဓာတ် လွန်ကဲမှု ၁၀ ဒသမ ၅ ရာခိုင်နှုန်း၊ အရွယ်ရောက်ပြီးသူများမှာ သွေးတိုးရောဂါဖြစ်ပွားမှု ၂၆ ဒသမ ၄ ရာခိုင်နှုန်း၊ အရွယ်ရောက်ပြီးသူများမှာ သွေးတွင်းအဆီဓာတ်များသူ ၃၆ ဒသမ ၇ ရာခိုင်နှုန်းနဲ့ လက်ရှိအရက်သောက်သုံးမှု အခြေအနေက ၁၉ ဒသမ ၈ ရာခိုင်နှုန်း တွေ့ရပါတယ်။

အခု ကျွန်တော်ရေးပြခဲ့တဲ့ ဆေးလိပ်သောက်၊ ဆေးရွက်ကြီးကို နည်းအမျိုးမျိုးနဲ့ သုံးစွဲ၊ အရက်သောက်၊ ကိုယ်လက်လှုပ်ရှားမှုနည်း၊ အသီးအနှံ၊ ဟင်းသီးဟင်းရွက်အစားနည်း၊ ဝခြင်း၊ အဝလွန်ခြင်း၊ သွေးပေါင်ချိန်တက်ခြင်း (BP 140/90 mmHg)၊ သွေးတွင်းအချိုဓာတ်များခြင်း(FBS 7mmol/ L or 126mg/dl, 2HPP 11.1mmol/L or 200mg/dl)၊ သွေးတွင်းအဆီဓာတ်များခြင်း 5.0 mmol/L or 190 mg/dl) တွေဟာ မကူးစက်တတ်တဲ့ ရောဂါတွေရဲ့ မူလအစ၊ မြစ်ဖျားခံရာတွေပဲ ဖြစ်ပါတယ်။

လူမှု-စီးပွားရေးရာအခြေအနေများ၊ မြို့ပြအင်္ဂါရပ် ဖွံ့ဖြိုးတိုးတက်လာမှု၊ ကမ္ဘာတစ်ဝန်း ဖွံ့ဖြိုးလာမှုတွေကြောင့် လူသားတွေဟာ သင့်တင့်မျှတတဲ့ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊ အငန်၊ အချို၊ အဆီဓာတ် စားသုံးမှုများခြင်းနဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံစားသုံးမှုနည်းခြင်းစတဲ့ ကျန်းမာရေးနဲ့မညီညွတ်တဲ့ စားသောက်မှု၊ ဆေးလိပ်နဲ့ ဆေးရွက်ကြီးသုံးစွဲမှု၊ အရက်အလွန်အကျွံ သောက်သုံးမှုတွေ ရှိလာပါတယ်။ ဒီလိုရောဂါဖြစ်စေတဲ့ မူလအကြောင်း ရင်းခံများ၊ ပြုမူနေထိုင်မှုပုံစံများကြောင့် သွေးပေါင်ချိန်များလာ၊ သွေးတွင်း အချိုဓာတ်များလာ၊ သွေးတွင်း အဆီဓာတ်များလာ၊ ကိုယ်အလေးချိန်များလာ၊ အဝလွန်လာပါတယ်။ ဒီလိုရောဂါဖြစ်စေတဲ့ ဇီဝကမ္မဖြစ်စဉ်တွေကြောင့် သွေးတိုး စတဲ့ မကူးစက်နိုင်တဲ့ရောဂါတွေ ဖြစ်လာရပါတယ်။

ကူးစက်ရောဂါတွေကို ကာကွယ်ဆေးထိုးနှံခြင်း စတာတွေနဲ့ ကာကွယ်နိုင်သလို မကူးစက်နိုင်တဲ့ ရောဂါတွေကိုလည်း ကျန်းမာရေးအထောက်အကူပြု နေထိုင်မှုပုံစံ(Healthy Life Style)တွေနဲ့ ကာကွယ်ထားနိုင်ပါတယ်။

ကာကွယ်ရေးနည်းလမ်းများ

(၁) ကျန်းမာရေးနှင့်ညီညွတ်စွာ စားသုံးပါ။

ချိုလွန်း၊ ငန်လွန်း၊ အဆီများလွန်းသော အစားအစာများကိုလျှော့စားပါ။ အဆီဆိုရာမှာ အဓိကကတော့ အမဲဆီ၊ ဝက်ဆီ၊ စားအုန်းဆီနဲ့ ပြန်ကြော်ဆီတို့လို ပြည့်ဝဆီ(Saturated Oil)တွေကို ပြောတာပါ။ အမျှင်ဓာတ်ပါတဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေကို များများစားပေးရ ပါမယ်။ သူတို့က ရောဂါကာကွယ်တဲ့ ဗီတာမင်ဓာတ်တွေလည်း ပါတယ်မဟုတ်ပါလား။

(၂) ကိုယ်ကာယလှုပ်ရှားမှု လေ့ကျင့်ခန်းများကို မှန်မှန်ပြုလုပ်ပါ။

တစ်နေ့ အနည်းဆုံး နာရီဝက်၊ တစ်ပတ် ငါးရက်လောက် လမ်းလျှောက်၊ ရေကူး၊ စက်ဘီးစီး၊ အလေးမ စတဲ့ မိမိနဲ့သင့်လျော်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ ပြုလုပ်ရမယ်လို့ ဆိုပါတယ်။ အထိုင်များခြင်း၊ လှုပ်ရှားမှုနည်းခြင်း၊ တီဗွီ၊ တီဗွီဂိမ်းရှေ့ အကြာကြီးထိုင်တာ၊ အင်တာနက်အကြာကြီး သုံးတာတွေကိုရှောင်ပြီး သွက်လက်တက်ကြွစွာ နေထိုင်သင့်ပါတယ်။

(၃) ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲမှုကို ရှောင်ကြဉ်ပါ။

ဆေးလိပ်မသောက်ရင် နှလုံးသွေးကြောရောဂါဖြစ်ပွားမှုကို ထက်ဝက်လျှော့ချနိုင်ပါတယ်။ အများပြည်သူတွေ စုဝေးရာနေရာတွေမှာ ဆေးလိပ်မသောက်သင့်ပါဘူး။ နှစ်စဉ် ဆေးလိပ်သောက်လို့ လူဦးရေ ခြောက်သန်းလောက် သေဆုံးနေပြီး အဲဒီသေဆုံးမှုရဲ့ ငါးသန်းက ဆေးလိပ်ကိုယ်တိုင်သောက်လို့၊ ခြောက်သိန်းခန့်ကတော့ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူရှိုက်မိလို့(Second Smoker) ဖြစ်ရတာပါ။ ကွမ်းယာ၊ ဆေးရွက်ကြီးသုံးစွဲမှုကို ရှောင်ကြဉ်ပါ။

(၄) အရက်အလွန်အကျွံသောက်သုံးမှုကို ရှောင်ကြဉ်ပါ။

အရက်သောက်ခြင်းဟာ သွေးပေါင်တက်တာ၊ နှလုံးရောဂါနဲ့ ဦးနှောက်လေဖြတ်ခြင်းကို ဖြစ်စေပါတယ်။ ကိုယ်အလေးချိန် တိုးစေပါတယ်။ အသက်၂၀ မှ ၂၉န ှစ်အတွင်း သေဆုံးခြင်းများရဲ့ လေးပုံတစ်ပုံခန့်မှာ အရက်နဲ့ ဆက်နွှယ်နေတယ်လို့ သိရပါတယ်။ နောက်ပြီး စိတ်ပိုင်းဆိုင်ရာရောဂါမျိုးစုံ၊ စိတ်ဖောက်ပြန်ခြင်းနဲ့ မိမိကိုယ်ကို သတ်သေခြင်းတွေ ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် အရက်သောက်သုံးမှုနှုန်းကို အကန့်အသတ်ထားပါ။ မသောက်တတ်တဲ့သူကို အရက်သောက်ဖို့ မတိုက်တွန်းပါနဲ့။

(၅) ကိုယ်ခန္ဓာအရပ်အမောင်းနဲ့ ရှိသင့်သည်ထက် ပိုဝမလာအောင်ထိန်းသိမ်းပါ။

(၆) ရေဆာလျှင် အချိုရည်အစား +ရေကိုသာသောက်ပါ။

(၇) စိတ်သောကများကို လျော့နိုင်သမျှလျော့အောင် ကြိုးစားနေထိုင်ပါ။

အထက်ပါ အချက်ခုနစ်ချက်ဖြင့် မကူးစက်နိုင်တဲ့ရောဂါတွေကို တားဆီးကြပါစို့။ ရောဂါရှိနေတဲ့သူများကလည်း အဲဒီအချက်တွေကိုလိုက်နာ ကျင့်သုံးကြပြီး လူတန်းစေ့ သက်တမ်းစေ့နေထိုင်သွားကြဖို့ နှိုးဆော်လိုက်ရပါ တယ်ခင်ဗျား။ ။

ဇော်သစ်ကြည်