ဝက်လက် ၁၅ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့၊ အမှတ်(၃) ရပ်ကွက်တွင် ဇွန် ၁၄ ရက် ည ၇ နာရီခန့်က မီးအားမြှင့်စက် အပူလွန်ကဲရာမှ ကြက်ခြံ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ရွှေဘိုခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမြင့် ထံမှ သိရသည်။
ဝက်လက်မြို့နယ်မီးသတ်စခန်း၏ အရှေ့မြောက်ဘက် သုံးဖာလုံခန့် ကွာဝေးသည့် အမှတ်(၃) ရပ်ကွက်ရှိ ဦးအောင်မြင့် ၏ ကြက်ခြံ မီးလောင်မှုဖြစ်ပွားနေကြောင်း သတင်းရသဖြင့် ဝက်လက်မြို့နယ် မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးမောင်းနိန် ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၈ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၃၀ ဦး၊ ရပ်ကွက်နေပြည်သူ ၇၀ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၁၅ ဦးတို့က မီးငြိမ်းသတ်ယာဉ်သုံးစီး၊ ရေသယ်ယာဉ်တစ်စီးတို့ဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ည ၇ နာရီ ၄၅ မိနစ်တွင် မီးထိန်းနိုင်၍ ည ၈ နာရီ ၁၀ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။
မီးလောင်မှုကြောင့် ဦးအောင်မြင့် ၏ (၂၅၀ × ၂၀ × ၁၅ ) ပေရှိ ကြက်ခြံဆုံးရှုံးခဲ့သော်လည်း ယင်းကြက်ခြံတွင် ကြက်များမွေးမြူခြင်း မရှိတော့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်စပ်လျဉ်း၍ မီးပေါ့ဆသူ ဦးအောင်မြင့် (ဘ) ဦးဝါးမောင် ဝက်လက်မြို့နေသူအား ဝက်လက် မြို့မ ရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုးသောက် (ရွှေဘို)