ရန်ကုန်  ၁၅   ဇွန် 

 

အရိုးရောဂါပညာနှင့် ခွဲစိတ်ပညာဘာသာရပ်များ အဆင့်မြှင့်တင်ရေးညှိနှိုင်း အစည်း အဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ Training Center ၌ ကျင်းပသည်။

 

ရှေးဦးစွာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက အဖွင့်အမှာစကားပြောကြားရာတွင် ဗဟိုအဆင့်ဆေးရုံကြီးများတွင်သာမက တိုင်းဒေသကြီး/ပြည်နယ်၊ အထူးသဖြင့် မြို့နယ်နှင့် တိုက်နယ်အဆင့် ဆေးရုံများရှိ ဆရာ ဝန်များပါ အရိုးရောဂါပညာရပ်နှင့် ခွဲစိတ်ကုပညာရပ်တို့ကဲ့သို့ ဆေးလက်တွေ့ပညာရပ် များဆိုင်ရာ စွမ်းရည်များပိုမိုမြင့်မားတိုးတက်စေရေးမှာအထူး အရေးကြီးပါကြောင်း၊ ထိုသို့ စွမ်းရည်များ ပိုမိုမြင့်မားလာခြင်းဖြင့် ဗဟိုအဆင့်ဆေးရုံကြီးများတွင် လူနာများ စုပြုံများ ပြားနေခြင်းကို လျှော့ချနိုင်မည်ဖြစ်သဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးသူများ၏ အလုပ်ဝန်ပိမှုလျော့ကျခြင်းနှင့် ပြည်သူများအနေဖြင့်လည်း မိမိတို့နေရာ ဒေသတွင်ပင် အရည်အသွေးပိုမိုမြင့်မားသည့် ကျန်းမာရေးစောင့်ရှောက်မှုကို ရရှိနိုင်မည်ဖြစ်ပါကြောင်း။

 

သက်ဆိုင်ရာဆေးပညာဘာသာရပ်အလိုက် ဆေးတက္ကသိုလ် (၅)ခုမှ ပါမောက္ခကြီး များ၊ တွဲဖက်ပါမောက္ခများ၊ ပညာရှင်ကြီးများနှင့် အဖွဲ့များဖွဲ့စည်း တာဝန်ပေးသွားမည် ဖြစ်ပြီး သက်ဆိုင်ရာဘာသာရပ်ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆွေးနွေးညှိနှိုင်းပြီး လက်တွေ့ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကိုဝန်ကြီးဌာနသို့ ဦးစားပေးအလိုက် အကြံပြု ပေးပို့ ရမည်ဖြစ်ပါကြောင်း၊သက်ဆိုင်ရာ ဆေးလက်တွေ့ပညာရပ်များအတွက် လိုအပ်သည့် ဆေးနှင့်ဆေးပစ္စည်းကိရိယာများ ဝယ်ယူရာတွင်လည်း အဆိုပါ သက်ဆိုင်ရာဘာသာ ရပ်ဆိုင်ရာအဖွဲ့များနှင့် တိုင်ပင်၍ အဖွဲ့များ၏ အကြံပြုချက်များဖြင့်သာ ဆောင်ရွက်သွာ းမည် ဖြစ်ပါကြောင်း၊ အဆိုပါအကြံပြုချက်များကို ဝန်ကြီးဌာနမှ အလေးအနက်ထားကာ အတတ်နိုင်ဆုံး ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

 

ဆေးပညာဘာသာရပ်များ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် သက်ဆိုင်ရာ ဆေး    ပညာရပ် ပါမောက္ခကြီးများ၊ ပညာရှင်ကြီးများမှ တက်ကြွစွာ အားထုတ်ကြိုးပမ်း ဆောင်ရွက် ရမည်ဖြစ်ပါကြောင်းနှင့် ဝန်ကြီးဌာနမှ အတတ်နိုင်ဆုံးပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ပါ ကြောင်းပြောကြားသည်။

 

ဆက်လက်၍ မြန်မာနိုင်ငံဆရာဝန်အသင်း၊ အရိုးရောဂါပညာအဖွဲ့ (Orthopaedic Society) ဥက္ကဋ္ဌပါမောက္ခ/ ဌာနမှူး (ငြိမ်း) ပါမောက္ခဒေါက်တာမြင့်သောင်းက “Future Orthopaedic Profession” ခေါင်းစဉ် ၊ ဆေးတက္ကသိုလ် (၁) ရန်ကုန်၊အရိုး၊ အကြောနှင့် ထိခိုက်ဒဏ်ရာကုဌာနမှ ပါမောက္ခ/ဌာနမှူးပါမောက္ခ ဒေါက်တာ ခင်မောင်မြင့်က “Promotion of Orthopaedic Service and Training in Strategic Areas” ခေါင်းစဉ်နှင့် ဆေးတက္ကသိုလ် (မန္တလေး)၊ အရိုး၊ အကြောနှင့် ထိခိုက်ဒဏ်ရာကုဌာနမှ ပါမောက္ခ/ဌာနမှူး ပါမောက္ခဒေါက်တာမောင်မောင်ထွေးက “Discussion on Orthopaedic Speciality Fellowship Training Program”ခေါင်းစဉ်တို့ကို အသီးသီးဆွေးနွေးတင်ပြကြသည်။

 

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာန၊ ဆေးတက္ကသိုလ် (၅) ခုမှ အရိုး၊ အကြောနှင့် ထိခိုက်ဒဏ်ရာကုဌာန များနှင့် ခွဲစိတ်ကု ပညာဌာန များမှ ပါမောက္ခ/ ဌာနမှူးများနှင့် တက်ရောက်လာကြသူများက အရိုးရောဂါ ပညာရပ်သင်ကြားသင်ယူမှု၊  ဆေးပညာစဉ်ဆက်မပြတ်သင်ကြားသင်ယူမှု ဆိုင်ရာကိစ္စ ရပ်များ၊အရိုးရောဂါ ပညာရပ်ဆိုင်ရာအထူးကု Fellowship Program ဖြင့် ဆောင်ရွက် နိုင်ရေးကိစ္စရပ်များ၊ လူဦးရေများပြားပြီးအချက်အခြာကျသည့်မြို့ကြီးများ ရှိခုတင်(၅၀ဝ) ဆံ့ဆေးရုံများတွင်အရိုးရောဂါပညာရပ် အထူးကုဆရာဝန်ကြီး များအစု အဖွဲ့ဖြင့် စွမ်းဆောင် ရည်မြင့်မားစွာကုသပေးနိုင်ခြင်းဖြင့် ဗဟိုအဆင့် ဆေးရုံကြီးများသို့ လွှဲပြောင်း ကုသပေးရ မှုနည်းပါးသွားစေရန်အတွက်လူအင်အားနှင့် စက်ပစ္စည်းကိရိယာများ ဖြည့်ဆည်းပေးရေး ကိစ္စရပ်များ၊ အဆင့်လိုက် အပိုင်းလိုက် ရေတိုရေရှည်ဆောင်ရွက်သွား မည့် ကိစ္စရပ်များ၊ တိုက်နယ်နှင့် မြို့နယ်ဆရာဝန်များထိခိုက်ဒဏ်ရာနှင့် ခွဲစိတ်ကုသမှု ဆိုင်ရာ အခြေခံမရှိမဖြစ် ပညာရပ်များကျွမ်းကျင်တတ်မြောက်မှုရှိရန် လေ့ကျင့်သင်ကြား ပေးနိုင်ရေးကိစ္စရပ်များ၊ ဒဏ်ရာပြုစုကုသမှုဌာနများ (wound care center) တည်ထောင်သွားရန် ကိစ္စရပ်များ၊ ပညာရှင်များပေါင်းစပ်ကုသသောထိခိုက်ဒဏ်ရာ လူနာ ဆောင် (integrated trauma care ward)တည်ထောင်သွားရန် ကိစ္စရပ်များကို အကြံပြု ဆွေးနွေးကြသည်။ 

 

(သတင်းစဉ်)