သတင်းဆောင်းပါး - မောင်သန်းဝင်းရွှေ
မျက်မှောက်ခေတ်ကာလသည် တစ်ခေတ်ဆန်းသစ်လာသော မြန်မာ့စီးပွားရေးဖွံ့ ဖြိုးမှုအတွက် အရှိန်အဟုန်ယူစ အခြေခံကာလဖြစ်သည်။ စီးပွားရေးလုပ်ငန်းဆိုင်ရာ ဖွဲ့စည်းမှုပုံစံသစ်ဖြစ်သော ၂၀၁၇ ခုနှစ် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေဖြင့် စတင်ချိန်ဖြစ်သည့်နည်းတူ အစုစပ်လုပ်ငန်းဥပဒေကို လည်း ခေတ်နှင့်အညီဖြစ်စေရေးကို ရေးဆွဲလျက်ရှိသည်။ အဆင့်ဆင့်ပြောင်းလဲလာသော ရင်းနှီး မြှုပ်နှံမှုဥပဒေများကို တစ်ခုတည်းသော ပြည်ထောင်စုမြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ (၂၀၁၆) အဖြစ်ဖြင့် စတင်လည်ပတ်၍ စီးပွားရေးဖွံ့ ဖြိုးမှုအရှိန်အဟုန်ကို နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမှု (Foreign Direct Investment) ဖြင့် ထိုးဖောက်ဆွဲဆောင်လျက်ရှိသည့် ကာလလည်းဖြစ်သည်။
စီးပွားရေးမဟာဗျူဟာအရ အထူးအရေးပါမှုမှာ ၂၀၁၆ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံအပေါ် လှိုက်လှိုက်လှဲလှဲပျူငှာစွာ ဆက်ဆံမှုရှိလာသည့် နိုင်ငံတကာ၏ဆက်ဆံမှု (Interna-tional Relation) ဖြစ်သည်။ ဤသည်ကို အကြောင်းပြု၍ နိုင်ငံခြားဘဏ်လုပ်ငန်း၊ နိုင်ငံတကာအာမခံလုပ်ငန်းများက အခြေချနေရာယူရန်အထိ တက်လှမ်းလာသဖြင့် မြန်မာ့ စီးပွားရေး စန်းပွင့်ချိန်၏ အကြိုကာလဟုပင်ဆိုရမည်။ အပြည်ပြည်ဆိုင်ရာ ငွေလုံးငွေရင်း(ရင်းနှီးမြှုပ်နှံမှု)ပြောင်းရွှေ့ လာမှုအထိ တက်လှမ်းရန် အလားအလာကောင်းနှင့်လည်း ကြုံတွေ့နိုင်မည်ဟု ယူဆနိုင်သည်။
ရုပ်လုံးဖော်မည့်စီမံကိန်းများ
မြန်မာနိုင်ငံသည် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (၂၀၁၈-၂၀၃၀) (Myan-mar Substainable Development Plan -MSDP) ၏ မဟာဗျူဟာနှင့်အညီ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်ရှိသည့် လုပ်ငန်းစဉ်များပါ၊ အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုပုံစံ၊ နိုင်ငံတော်ဘဏ္ဍာဖြင့် ဆောင်ရွက်မည့်ပုံစံ၊ ဖွံ့ဖြိုးမှုအကူအညီအရ ဆောင်ရွက် မည့်ပုံစံ၊ အခြားထောက်ပံ့မှုပုံစံများဖြင့် ရုပ်လုံးဖော်မည့်စီမံကိန်းများသည် အဓိကကဏ္ဍမှ ပါဝင်နေ သည်။
အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (PPP) ဟူသည် အစိုးရအဖွဲ့အစည်းများနှင့် ပုဂ္ဂလိက အဖွဲ့အစည်းတို့အကြား နိုင်ငံပိုင်ပစ္စည်းများအတွက်သော်လည်းကောင်း၊ အခြေခံဆောက်လုပ်မှု အတွက်လည်းကောင်း၊ ပြည်သူ့ရေးရာ ဝန်ဆောင်မှုများအတွက်သော်လည်းကောင်း သဘော တူညီချက်စာချုပ်ချုပ်ဆို၍ ပူးပေါင်းလုပ်ဆောင်သည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းစဉ်ဖြစ်ပါသည်။ အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်နိုင်မှု နည်းလမ်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(၁) Build-Own-Operate (BOO) နည်းလမ်းမှာ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူမှ အဆောက်အအုံတစ်ခုကို ဆောက်လုပ်ပြီးနောက် ပိုင်ဆိုင်ခွင့်နှင့် လုပ်ငန်း လည်ပတ်ခွင့်ရှိစေမည့် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်း မှုပုံစံဖြစ်သည်။ ထို့အတူ စာချုပ်သတ်မှတ်ချိန်ကာလ အတွင်း အစိုးရက ပြန်လည်ဝယ်ယူရန် နှစ်ဖက် သဘောတူညီမှုမရှိပါက ယင်းအဆောက်အအုံကို ပုဂ္ဂလိကအနေဖြင့် အချိန်အကန့်အသတ်မရှိ ပိုင်ဆိုင် နိုင်၍ အကျိုးအမြတ်ရယူကာ လုပ်ငန်း လည်ပတ်ခွင့် ရှိစေမည့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းမှုပုံစံမျိုးလည်း ရှိပါသည်။
(၂) Build-Operate-Transfer(BOT) နည်းလမ်းမှာ နိုင်ငံတော်အတွက် အခြေခံအဆောက်အအုံများကို တည်ဆောက်မည့် စီမံကိန်းကို မတည်သူအား အစိုးရက လုပ်ကိုင်ခွင့်ပေး၍ စီမံကိန်းကို ကိုယ်တိုင် တည်ဆောက်ပိုင်ဆိုင် လည်ပတ်စေပြီး စီမံကိန်းကာလ ပြည့်မြောက်ချိန်တွင် အစိုးရသို့ပြန်လည် လွှဲပြောင်းပေးသော အစိုးရ-ပုဂ္ဂလိက ပူးပေါင်းမှုပုံစံ ဖြစ်ပါသည်။
(၃) Build-Transfer-Lease(BTL) နည်းလမ်းမှာ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူမှ အဆောက်အအုံ ဆောက် လုပ်ခြင်း၊ ဆောက်လုပ်ပြီးနောက် အဆောက်အအုံ ပိုင်ဆိုင်ခွင့်ကို အစိုးရသို့လွှဲပြောင်းပေးခြင်းနှင့် မိမိ ရရှိထားသည့် သတ်မှတ်ကာလအတွင်း အစိုးရအဖွဲ့ အစည်းများသို့ ငှားရမ်းခြင်းတို့ လုပ်ဆောင် နိုင်သည့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းမှု ပုံစံဖြစ်ပါသည်။ စာချုပ်ပါ သဘောတူညီချက်ကာလ၌ အစိုးရအဖွဲ့အစည်းက ပုဂ္ဂလိကအဖွဲ့အစည်းသို့ ငှားရမ်းခပေးချေရပါသည်။
(၄) Build-Transfer-Operate(BTO) နည်းလမ်းမှာ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုပြုသူမှ အဆောက်အအုံ ဆောက်လုပ်ခြင်း၊ ဆောက်လုပ်ပြီးနောက် အဆောက်အအုံကို အစိုးရသို့ လွှဲပြောင်းပေးခြင်းနှင့် လုပ်ငန်း လည်ပတ်မှုကို သတ်မှတ်အချိန် ကာလတစ်ခုအထိ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူက လုပ်ဆောင်ခွင့်ရသည့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုပုံစံ ဖြစ်ပါသည်။
(၅) Operation and Management (O&M) နည်းလမ်းမှာ အစိုးရပိုင် လုပ်ငန်းတစ်ခု၏ တစ်စိတ်တစ် ပိုင်း(သို့) လုပ်ငန်းတစ်ရပ်လုံး၏ လည်ပတ်မှုနှင့် စီမံခန့်ခွဲ မှုကို သတ်မှတ်အချိန်ကာလတစ်ခုအတွင်း ပုဂ္ဂလိကအဖွဲ့ အစည်းက တာဝန်ယူသည့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုပုံစံဖြစ်ပါသည်။ ဤပုံစံတွင် ပုဂ္ဂလိက အနေဖြင့် ရင်းနှီးမြှုပ်နှံမှုပြုရန် တာဝန်မရှိပါ။
(၆) ထို့အတူ အခြားသော အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုပုံစံ အမျိုးအစားများမှာ Design- Bui-ld- Operate ပုံစံနှင့် Design-Build-Finance-Operate-Transfer ပုံစံများလည်း ပါဝင်ပေသည်။
အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု နည်းလမ်းဖြင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၏ တစ်စိတ် တစ်ဒေသ(သို့) အလုံးစုံကို ပုဂ္ဂလိကသို့ လွှဲပြောင်းရန်စီစဉ်ထားသည့် စီမံကိန်းများနှင့် ယင်းစီမံကိန်း နည်းလမ်းများကို လိုအပ်သလိုပေါင်းစပ် လျက်ဟန်ချက်ညီသော စီးပွားရေးဖွံ့ဖြိုးမှု အရှိန်အဟုန်ကို ရင်းနှီးမြှုပ်နှံမှုပုံစံသစ်ဖြင့် ရယူရန်ဖြစ်သည်။
PPP Center
PPP Center (အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု ဗဟိုဌာန)ကို ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်မှာ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စီမံကိန်းများဖော်ထုတ်ခြင်း၊ တင်ဒါဖိတ်ခေါ်ခြင်း၊ တည်ဆောက်အကောင်အထည်ဖော်ခြင်း၊ စောင့်ကြပ်ခြင်းနှင့် စိစစ်ခြင်း စသည့်လုပ်ငန်းစဉ်တွင် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် အစိုးရအဖွဲ့အစည်းများ၏ စွမ်းရည်ကို မြှင့်တင်ပေးရန်အတွက် ဖြစ်ပေသည်။
အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စီမံကိန်းများ စီးပွားဖြစ် ဆောင်ရွက်နိုင်ရန်လိုအပ်သည့် ငွေကြေးထောက်ပံ့ မှုများကို ထည့်ဝင်ရာ၌ နိုင်ငံတော်ရသုံးမှန်းခြေငွေစာရင်းမှ သော်လည်းကောင်း၊ အစိုးရငွေချေးစာချုပ် (Government Bond) ဖြင့် ထည့်ဝင်၍သော်လည်းကောင်း၊ ဖွံ့ ဖြိုးမှုအကူ အညီဖြင့် ထည့်ဝင်ခြင်း၊ ငွေကြေးမဟုတ်သည့် ဝန်ဆောင်မှု (သို့) ရွှေ့ပြောင်း/မရွှေ့ပြောင်းနိုင်သော ပစ္စည်းပုံစံဖြင့် ထည့်ဝင် ခြင်းအပါအဝင် ဖြစ်နိုင်ခြေရှိ အခြားနည်းလမ်းများပါ ထည့်သွင်း စဉ်းစားနိုင်ပါသည်။ PPP Center သည် အစိုးရက ထည့်ဝင်မည့် ရင်းနှီးမြှုပ်နှံမှုများအတွက် တိကျသော စံနှုန်းများကို သတ်မှတ် ပြဋ္ဌာန်းရပါမည်။ အထူးသတ်မှတ်ချက် မပါရှိပါက ပိုင်ဆိုင်မှုအချိုး Equity Ratio သည် အမေရိကန်ဒေါ်လာ သန်း ၅၀ အထိ ရှိသော မတည်ရင်းနှီးငွေပမာဏ၏ ၃၀ ရာခိုင်နှုန်းအောက် မလျော့ခြင်း၊ အမေရိကန်ဒေါ်လာ သန်း ၅၀ ထက်ပိုသော မတည်ရင်းနှီးငွေ ပမာဏအတွက် ကြွေးမြီနှင့် ပိုင်ဆိုင်မှုအချိုး Debt to Equity Ratio သည် ယင်းပမာဏ၏ ၂၀ ရာခိုင်နှုန်း အောက် မလျော့ခြင်း၊ အစိုးရ အကူအညီအထောက် အပံ့ပုံစံဖြင့် ရယူပါက ယင်းအထောက်အပံ့ကို Debt to Equity Ratio တွက်ချက်ရာတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု တန်ဖိုး၌ ထည့်သွင်း တွက်ချက်ခြင်း မပြုရပါ။
အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စီမံကိန်း များအတွက် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ သက်ရောက်မှု (Enviromental Impact Assessment) နှင့် Social Impact Assessment များ ဆန်းစစ်ရာတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေ (၂၀၁၂) (Enviromental Conservation Law) ကို အခြေပြု၍ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ òန်ကြားချက်၊ စည်းမျဉ်းများနှင့်အညီ လိုက်နာကြရန်လည်း ဖြစ်ပါသည်။ ထို့အတူ အစုရှယ်ယာရှင် ချေးငွေ (သို့) ပြည်ပမှ ချေးယူသည့် ချေးငွေကို အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုတွင် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ (၂၀၁၂) ပါ သတ်မှတ်ချက် များနှင့်အညီ ရယူနိုင်မည်ဖြစ် သည်။
စာချုပ်ပါ အချက်အလက်များ
စိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စီမံကိန်း နှင့် သက်ဆိုင်သော သဘောတူစာချုပ်များ ချုပ်ဆိုရာတွင် ဆုံးရှုံးနိုင်ခြေများအား မျှတစွာကျခံသည့် အခြေခံမူနှင့် ညီညွတ်စေရန် စီမံကိန်းအကောင်အထည်ဖော်မည့် အဖွဲ့ အစည်းသည် Availability Payments, BOO, BOT, BTL.BTO,O & M နှင့် အခြားသော ဏဏဏ ပုံစံများနှင့် အညီ အခြေခံနိုင်ပါသည်။
သဘောတူစာချုပ်ပါ အချက်အလက်များအားလုံးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တည်ဆဲဥပဒေနှင့် အညီသာ (Governing Law) လွှမ်းမိုးမှုရှိသည်။ Arbi-tration Rules များမှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ တည်ဆဲဖြစ်သော ၂၀၁၆ ခုနှစ် အနုညာတစီရင် ဆုံးဖြတ်ခြင်း ဥပဒေနှင့် စာချုပ်ပါ သတ်မှတ်ချက်များနှင့် လိုက်လျောညီထွေဖြစ်သည့် နိုင်ငံတကာ စီရင်ဆုံးဖြတ်မှု လုပ်ဆောင်ခွင့်များကိုပါ စာချုပ်တွင် လိုအပ်ပါက ထည့်သွင်းနိုင်ပေသည်။ သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စီမံကိန်းများပါ သတ်မှတ်ချက်အတိုင်း အကောင်အထည်ဖော်ရာတွင် တရားစီရင်ခြင်းနှင့် ဥပဒေအရ အရေးယူ ဆောင်ရွက်ခြင်းမှ ကင်းလွတ်ခွင့် (Wavier of Immunity from Jurisdic-tion and Execution by Statue) ကို စွန့်လွှတ်သည်ဟု စာချုပ်တွင် ထည့်သွင်းဖော်ပြနိုင်ပါသည်။
အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုမှာ မျက်မှောက် စီးပွားရေးစနစ်တွင် ပုံစံသစ်တစ်ရပ်အဖြစ် နေရာယူလျက် ရှိသည့် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် တွင်တွင်ကျယ်ကျယ် ကျင့်သုံးခဲ့၍ စီးပွားရေးတိုးတက်မှု အရှိန်အဟုန် မြင့်မားစွာဖြင့် အလျင်အမြန် တိုးတက်လာသည့် သာဓကများမှာ ရာစုနှစ်ကြာရှိခဲ့ပြီ ဖြစ်ပါသည်။
စီးပွားပြုပြင် ပြောင်းလဲမှု
မြန်မာနိုင်ငံသည် မျက်မှောက်ကာလတွင် စီးပွားပြုပြင် ပြောင်းလဲမှုကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရာ၌ Standard Operating Procecure ကို ထိရောက်စွာ အကောင်အထည် ဖော်နေချိန်လည်း ဖြစ်သည်။ ပူးပေါင်းဆောင်ရွက်မှုမပါသော ရင်းနှီးမြှုပ်နှံမှုသည် “ဆားမပါသောဟင်း” ဟု မြန်မာ့ဆိုရိုး စကားနှင့်အညီ ဖြစ်သည်။ စီးပွားရေးတွန်းအား ဟူသော ပြည်တွင်းသာမက ပြည်ပမှပါ ရယူမှသာ အရှိန်အဟုန်ရနိုင် မည်ဖြစ်သည်။ ထို့ကြောင့် ပူးပေါင်းဆောင်ရွက်မှုသည် မပြစ်ပယ်ကောင်းသော အကြောင်းတရားဟု စီးပွားရေး ပညာရှင်က ယူဆကြခြင်းဖြစ်သည်။ ဒေါင်လိုက် ဆက်သွယ်မှု (Horizonal Co-ordination)၊ အလျားလိုက် ဆက်သွယ်မှု (Vertical Co-ordination)များ မှန်ကန်တည့်မတ် မှုသည် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုကို ဧကန် အထောက်အကူပြုမည့် ခေတ်သစ်စီးပွားရေး စီမံခန့်ခွဲမှု ပုံစံဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးမှုမဏ္ဍိုင်မှာ စီမံခန့်ခွဲရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြည်သူ့ဘဏ္ဍာရေး စနစ်ကျမှုရှိခြင်းနှင့် ရင်းနှီးမြှုပ်နှံမှု တိုးပွားလာခြင်းစသော အခြေခံလိုအပ်ချက်များ ဖြစ်ရာ မျက်မှောက်ကာလ၌ အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှု ပုံစံသစ်ကို စတင်လိုက်ခြင်းဖြင့် အထက်မြက်ဆုံးသော ဘက်စုံဆွဲဆောင်မှုရှိသော ရင်းနှီးမြှုပ်နှံမှုပုံစံသစ် ဖြစ်လာမည်ဟု သုံးသပ်ရန် သာ ရှိပေတော့သည်။