mdn

ကလျာမိုးမြင့် - ရေးသားသည်

 

အခုရက်ပိုင်းအတွင်းမှာ ထောင်နဲ့ချီတဲ့ ဗင်နီဇွဲလားပြည်သူတွေဟာ ပီရူးနိုင်ငံဆီကို ဒရောသောပါး ဖြတ်ကျော်ဝင်ရောက်နေကြပြီး ပိုမိုစည်းကမ်းတင်းကျပ်လာတဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေသစ် သက်ရောက်လာတော့မယ့် ရိုက်ခတ်မှုတစ်ခုအနေနဲ့ တွေ့ မြင်နေရပါတယ်။

 

စိတ်ပျက်အားလျော

 

ဇွန် ၁၅ ရက် ဒေသစံတော်ချိန် နံနက် ၅ နာရီကစပြီး ပီရူးနိုင်ငံကို ဝင်ရောက်ဖို့ ဆိုရင် ဗင်နီဇွဲလား ပြည်သူတွေဟာ သက်တမ်းကုန်ဆုံးခြင်းမရှိသေးတဲ့ နိုင်ငံကူး လက်မှတ်နဲ့ ပြည်ဝင်ခွင့်ဗီဇာရှိမှသာ ဝင်ရောက်လို့ရမှာ ဖြစ်ပါတယ်။ ပိုမိုစည်းကမ်း တင်းကျပ်လိုက်တဲ့ ဥပဒေအရ လိုအပ်လာတဲ့ စာရွက်စာတမ်း အထောက်အထား လိုအပ်ချက်တွေက နှစ်ချီကြာမြင့်ခဲ့ပြီဖြစ်တဲ့ ဗင်နီဇွဲလားနိုင်ငံရဲ့ စီးပွားရေးကျပ်တည်းမှုဒဏ်ကို ခံနိုင်ရည်မရှိတော့လို့ ထွက်ပြေးနေကြတဲ့ နယ်စပ်ကပြည်သူတွေကို အကြီး အကျယ် စိတ်ပျက်အားလျော့သွားစေခဲ့ပါတယ်။

 

နိုင်ငံစွန့်ခွာထွက်ပြေး

 

ကုလသမဂ္ဂရဲ့ ဖော်ပြချက်အရ ၂၀၁၅ ခုနှစ်ကတည်းကစပြီး ဗင်နီဇွဲလားနိုင်ငံကနေထွက်ပြေးနေကြတဲ့ ပြည်သူလေးသန်းလောက်ရှိတယ်လို့ သိရပါတယ်။ နိုင်ငံရဲ့ ပြိုလဲနေတဲ့ စီးပွားရေးအခြေအနေကြောင့် အလုပ်လက်မဲ့လူဦးရေ ပမာဏ မြင့်တက် လာခဲ့ပြီး အစားအသောက်နဲ့ ဆေးဝါးတွေ ရှားပါးပြတ်လပ် လာတဲ့အပြင် ပြည်သူ ထောင်ပေါင်းများစွာတို့ဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ အထောက်အပံ့တွေ အရေးပေါ် လိုအပ်နေခဲ့ပါတယ်။

 

သုံးဆလောက်များလာ

 

နောက်ဆုံးသတ်မှတ်ရက်ပေးထားတဲ့ စနေနေ့မတိုင်မီအထိ ပီရူးနိုင်ငံဆီ ဝင်ရောက်ဖို့ စောင့်ဆိုင်းနေကြတဲ့ ဗင်နီဇွဲလားနိုင်ငံသားတွေအနေနဲ့ နိုင်ငံသားဖြစ် ကြောင်း မှတ်ပုံတင်တစ်ခု တည်းသာ လိုအပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၁၃ ရက် (ကြာသပ တေးနေ့)က ဗင်နီဇွဲလားပြည်သူ ၆၀ဝ၀ နီးပါးဟာ တမ်ဘက်စ် နယ်စပ်မြို့ကနေတစ်ဆင့် ပီရူးနိုင်ငံဆီ ဝင်ရောက်လာခဲ့ကြတယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။ ဒီအရေ အတွက်ဟာဆိုရင် အရင်နေ့စဉ် ဖြတ်ကျော်ဝင်ရောက်နေကျ ပမာဏရဲ့ သုံးဆနီးပါး ရှိတယ်လို့ အာဏာပိုင်တွေက ဖော်ပြပါတယ်။

 

နိုင်ငံကူးလက်မှတ်ရဖို့မဖြစ်နိုင်

 

မာရီယာနီ လူဇာဒိုဟာ နယ်စပ်ဖြတ်ကျော်ဖို့ ကြိုးပမ်းနေသူတွေထဲမှာ အပါအဝင် ဖြစ်ပြီး ၎င်းရဲ့ သမီးနှစ်ယောက်နဲ့အတူ ပီရူးမြောက်ပိုင်းနယ်စပ်ဆီကို ခရီးထွက်ခွာ လာခဲ့ပါတယ်။ ဗင်နီဇွဲလားနိုင်ငံမှာ နိုင်ငံကူးလက်မှတ်တစ်ခုရဖို့ဆိုတာ အတော်လေး ဖြစ်နိုင်တဲ့ ကိစ္စတစ်ခုပဲ။ ပီရူးကို ကျွန်မတို့ သိပ်မကြာခင်မြန်မြန်ရောက်ရှိဖို့ လိုတယ်လို့ ၎င်းက အေပီသတင်းဌာနကို ပြောကြားခဲ့ပါတယ်။ နိုင်ငံကူးလက်မှတ်မရှိတဲ့ မာရီယာနီက သူ့ရဲ့ ငါးနှစ်သမီးလေးကို ဇွန် ၁၅ ရက် အပြီးမှာ ပီရူးကလက်မခံတော့မှာကို အလွန်စိုးရိမ်နေခဲ့ပါတယ်။ ဗင်နီဇွဲလားနိုင်ငံမှာပတ်စ်ပို့တစ်ခုရဖို့က အမေရိကန်ဒေါ်လာ ၂၀ဝ ကနေ ၅၀ဝအတွင်း ကုန်ကျစရိတ်ရှိပြီး ပြည်သူအများစုအတွက် မတတ်နိုင်တဲ့ပမာဏဖြစ်လို့ နိုင်ငံကူးလက်မှတ်ကို ချီလီမှာလုပ်ဖို့ မျှော်လင့်ထားတယ်လို့ ၎င်းက ပြောပါတယ်။ ၎င်းရဲ့ မိသားစုဝင်အများအပြားက လည်း ချီလီမှာပဲရှိနေကြလို့ ဖြစ်ပါတယ်။

 

ကြောင်းကျိုးဆီလျော်

 

ပိုမိုစည်းကမ်းတင်းကျပ်လိုက်တဲ့ လူဝင်မှုကြီးကြပ်ရေးစည်းမျဉ်းတွေနဲ့ ပတ်သက်လို့ ပီရူးသမ္မတ မာတင်ဗစ်ကာရာက အခုလို ချေပပြောဆိုခဲ့ပါတယ်။ မိမိတို့နိုင်ငံဟာ ဗင်နီဇွဲလားပြည်သူ ရှစ်သိန်းကျော်လောက်အထိကို တံခါးဖွင့်ပြီး လက်ကမ်းကြိုဆိုခဲ့ တယ်။ ဒီတော့ ဝင်ရောက်လာ သူတွေကို ဒီထက်ပိုပြီး ကောင်းကောင်းထိန်းချုပ်နိုင်ဖို့အတွက် ပြည်ဝင်ခွင့်ဗီဇာတွေ ယူဆောင်လာဖို့ ဒီလူတွေကို တောင်းဆိုတာက ကြောင်းကျိုးဆီလျော်မှု အပြည့်အဝရှိပြီး တရားမျှတတယ်လို့ မိမိယူဆ တယ်လို့ ပီရူးမြောက်ပိုင်းမြို့မှာ ပြုလုပ်တဲ့အခမ်းအနားတစ်ခုမှာ သတင်းထောက်တွေကို ဖြေကြားခဲ့ပါ တယ်။

 

လက်တင်အမေရိကနိုင်ငံတွေဟာ ဗင်နီဇွဲလားနိုင်ငံက ထွက်လာတဲ့ ရွှေ့ပြောင်းသွားလာသူတွေနဲ့ ဒုက္ခသည်အမြောက်အမြားကို လက်ခံခဲ့ပါတယ်။ ကိုလံဘီယာနိုင်ငံမှာဆိုရင် လက်ခံပေးတဲ့ အရေအတွက်ဟာ ၁ ဒသမ ၃ သန်းနဲ့ အမြင့်ဆုံးစံချိန် တင်နေပြီး ပီရူးနိုင်ငံက လက်ခံတဲ့ ပမာဏ ကတော့ ၇၆၈၀ဝ၀ နဲ့ ဒုတိယလိုက်နေတယ်လို့ ကုလသမဂ္ဂရဲ့ စာရင်းဇယားတွေက ဖော်ပြနေပါ တယ်။

 

ပြည်တွင်းရေး အခြေအနေ

 

ဗင်နီဇွဲလားသမ္မတနီကိုလပ် မာဒူရိုရဲ့ အုပ်ချုပ်မှုကာလအတွင်းမှာ တိုင်းပြည် စီးပွားရေး ပြိုလဲခဲ့ရပြီး အစားအသောက်နဲ့ ဆေးဝါးရှားပါးပြတ်လပ်မှုတွေ နိုင်ငံအဝန်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့ပါတယ်။ ရေနံကြွယ်ဝတဲ့ ဗင်နီဇွဲလားရဲ့ အခြား အစိတ်အပိုင်းတွေမှာ လောင်စာဆီရှားပါးမှု ပြဿနာကလည်း ဝင်ရောက်လာခဲ့ပြီး ကားဒရိုင်ဘာတွေဟာ ဓာတ်ဆီဆိုင်တွေမှာ ရက်ပေါင်းများစွာကြာအောင် တန်းစီ စောင့်ဆိုင်းနေခဲ့ကြရပါတယ်။ ဒီကြားထဲမှာမှ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကလည်း ဆက်တိုက် ဆိုသလို ဖြစ်နေခဲ့ပြန်ပါတယ်။

 

ဘယ်သူ့ကြောင့်လဲ

 

မာဒူရိုဦးဆောင်တဲ့ ဗင်နီဇွဲလားအစိုးရအဖွဲ့ကတော့ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေဟာ အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုကြောင့်လို့ အပြစ်ဖို့လိုက်ပါတယ်။ ဒီအချိန်မှာ မာဒူရိုကို ဖြုတ်ချဖို့ ကြိုးပမ်းနေတဲ့ အတိ်ုက်အခံဘက်ကတော့ ပြည်တွင်းမှာ အခုလိုဝရုန်းသုန်းကား အခြေအနေတွေ ဖြစ်ပျက်နေရတာက အစိုးရ ရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းခဲ့တဲ့ အကျိုးဆက်တွေဖြစ်တယ်လို့ ရှုတ်ချလိုက်ပြီး အရင်းရှင် အစိုးရအဖွဲ့အတွင်း အကျင့်ပျက်ခြစားမှုတွေကြောင့် နိုင်ငံပျက်စီးကိန်း ဆိုက်ရတာလို့ ပြောဆိုခဲ့ပါတယ်။တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်စွပ်စွဲနေကြတဲ့ အာဏာရှင်အစိုးရနဲ့ အတိုက် အခံရဲ့ နိုင်ငံရေးအားပြိုင်မှုကြားမှာ ပြည်သူတွေကတော့ မြေစာပင်ဘဝရောက်နေပြီး နိုင်ငံအတွင်းမှာ ဆက်နေဖို့ကလည်းခက်ခဲ၊ တခြားနိုင်ငံဆီသွားဖို့ရာကလည်း လူဝင်မှု ကြီးကြပ်ရေး ဥပဒေသစ်တွေက ဝင်လာမစဲနဲ့မို့ ယောက်ယက်ခတ်နေကြရပါတယ်။

 

စင်ပေါ်က

 

အောက်လွှတ်တော်ဥက္ကဋ္ဌဖြစ်တဲ့ အတိ်ုက်အခံခေါင်းဆောင် ဂျူအန်ဂွိုက်ဒိုက ပြီးခဲ့တဲ့နှစ်က မစ္စတာမာဒူရိုကို ပြန်လည်ရွေးကောက်တင်မြှောက်လိုက်တဲ့ ရွေးကောက်ပွဲဟာ တရားမဝင်ဘူးလို့ ကန့်ကွက်လိုက်တဲ့အပြင် မိမိကိုယ်ကို ယာယီသမ္မတအဖြစ် ဇန်နဝါရီလအတွင်း ကြေညာလိုက်ပြီး ချိန်ကစလို့ နိုင်ငံရေးအားပြိုင်မှုနဲ့ ပဋိပက္ခအခြေအနေတွေဟာ အမြင့်ဆုံးအခြေအနေကို ရောက်ရှိလာခဲ့ ရပါတော့တယ်။အမေရိကန်နဲ့တကွ လက်တင်အမေရိကနိုင်ငံအများစုအပါအဝင် နိုင်ငံပေါင်း ၅၀ ကျော်က အတိုက်အခံခေါင်းဆောင် ဂွိုက်ဒိုကို ထောက်ခံမှုပေးနေလင့်ကစား သမ္မတ မာဒူရိုကတော့ ၎င်းကို သစ္စာခံနေဆဲဖြစ်တဲ့ စစ်တပ်ရဲ့ ရပ်တည်ပေးနေမှုကတစ်ကြောင်း၊ တရုတ်နဲ့ ရုရှားနိုင်ငံတို့လို အရေးပါတဲ့အင်အားကြီး မဟာမိတ်တွေရှိနေတာက တစ်ကြောင်းရယ်ကြောင့် ၎င်းရဲ့အနေအထားက စင်ပေါ်ကလို့ ဆိုရမလိုပါပဲ။ ။

 

ကိုးကား- ဆင်ဟွာ၊ ဘီဘီစီ