ရန်ကုန်  ၁၆   ဇွန် 

 

စွန့်ပစ်ပလတ်စတစ်များကို အကျိုးရှိစွာပြန်လည်အသုံးချနိုင်မည့် ပလတ်စတစ် လုပ်ငန်းကို နေရာမရွေး အချိန်မရွေးစတင် လုပ်ဆောင်နိုင်ရန် အကြံဉာဏ်များရှာဖွေနိုင်ရန်အတွက် နိုင်ငံပေါင်း ( ၁၀ ) နိုင်ငံမှပြခန်းပေါင်း ( ၁၀ဝ ) ဖြင့် နိုင်ငံတကာပလတ်စတစ် ကုန်စည်ပြပွဲကို တပ်မတော်ခန်းမတွင် ဇွန်  ၁၄ ရက်မှ ၁၆  ရက်နေ့အထိ ခင်းကျင်းပြသခဲ့သည်။

 

ပြပွဲတွင် ခင်းကျင်းပြသထားသည့် စားသောက်ရာတွင် အသုံးပြုသည့်ပလတ်စတစ် ပစ္စည်းများကို Food Grade အဆင့်ရှိ ပလတ်စတစ်များဖြင့် သုံးစွဲပါကဘေးဥပုဒ်မရှိကြောင်း အစားအစာများကို ထုပ်ပိုးရာတွင် အသုံးပြုသည့်ဖက်များနှင့် စက္ကူတို့တွင် ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်ပိုးများ ပါဝင်နိုင်ကြောင်း စက္ကူမှအာဆင်းနစ်နှင့် မာကျုရီအဆိပ်သင့်မှုများ ဖြစ်ပေါ်နိုင်ကြောင်း ပလတ်စတစ်လုပ်ငန်းရှင်တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

 

သုံးစွဲပြီးပလတ်စတစ် ပစ္စည်းများကို စနစ်တကျ စွန့်ပစ်ပါက ပြန်လည်ပြုပြင်သုံးစွဲနိုင်ပြီး ပတ်ဝန်းကျင် ထိခိုက်မှုမရှိနိုင်ကြောင်း စွမ်းအင်အဖြစ်ပြောင်းလဲ ထုတ်ယူနိုင်ကြောင်း သိရှိရသည်။ နိုင်ငံတကာတွင် ပလတ်စတစ်ဖြင့် ပိုမိုခေတ်မီသုံးစွဲလာရာ အဝတ်အထည်များ ၊ အဆောက်အဦများ၏ အခန်းဖွဲ့စည်းမှု အမိုးအကာကြမ်းခင်းများ၊ ရေပိုက်များ၊ခြင်ဆန်ခါများ သုတ်ဆေးနှင့်မြေထိန်းနံရံတို့တွင် သုံးစွဲလာကြသည်။

 

အိမ်နီးချင်း တရုတ်နိုင်ငံတွင် ပလတ်စတစ်သုံးစွဲမှုမှာ တစ်နှစ်လျှင် တန်ချိန်သန်း (၃၅၀) ရှိပြီးမြန်မာနိုင်ငံတွင် တန်ချိန် (၃) သိန်းမှ (၅) သိန်းအထိသာ သုံးစွဲကြသည်။ စွန့်ပစ်ပြီးပလတ်စတစ်များကို တစ်တန်လျှင် ကျပ် (၈) သိန်းကျော်ဖြင အိမ်နီးချင်းနိုင်ငံများမှ ဝယ်ယူလျှက်ရှိသည်။စွန့်ပစ်ပလတ်စတစ်များကို ပြန်လည်သုံးစွဲနိုင်ခြင်း သို့မဟုတ် စွမ်းအင်ထုတ်ယူနိုင်ခြင်းကြောင့် ပလတ်စတစ်များကို စနစ်တကျသုံးစွဲ စွန့်ပစ်ခြင်းဖြင့် ပတ်ဝန်းကျင်ထိခိုက်မှုကို လျှော့နည်းစေမည်ဖြစ်ကြောင်း သိရှိရသည်။

 

အောင်သူရ