၁၇ ဇွန်

 

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့အခြေစိုက် မြန်မာသံရုံးက ပါဝင်ဆင်နွှဲခဲ့တဲ့ ''Passport D.C.; Around the World Embassy Tour''ရဲ့အောင်မြင်မှုတွေကို လူမှုမီဒီယာတွေမှာတွေ့ရလို့  ဝမ်းသာဂုဏ်ယူရပြီး နောက်  ယဉ်ကျေးမှုဆိုင်ရာ သံတမန်ဆက်ဆံရေးနည်းလမ်းလို့ ဆိုရမယ့် cultural diplomacy ရဲ့အရေးပါမှုတွေကို ရှာဖွေဖတ်ရှုမိပါတယ်။

 

ယေဘုယျအနေနဲ့ ခပ်စိမ်းစိမ်းဖြစ်နေတဲ့နိုင်ငံတွေအကြား တစ်နည်းအားဖြင့်  သဘောထားရပ်တည်ချက်ချင်း  မတိုက်ဆိုင်တဲ့နိုင်ငံတွေအချင်းချင်း  စေ့စပ်ပြေလည်စေရာမှာ ယဉ်ကျေးမှုဆိုင်ရာ သံတမန်ဆက်ဆံရေး (cultural diplomacy)ဟာ အရေးပါတဲ့ သံတမန်ဆက်ဆံရေးနည်းလမ်း တစ်ခုလို့ဆိုနိုင်ပါတယ်။ တစ်ခါတစ်ခါ လူတွေဟာ သူတို့နဲ့မတူတဲ့ သူတစ်ပါးရဲ့ယဉ်ကျေးမှုကို ထူးဆန်းတယ်၊ ကြောက်ဖို့ကောင်းတယ်လို့လည်း ထင်မြင်လေ့ရှိကြကြောင်း စာရေးဆရာ  Geoffery Allen Pigman က  သူ့ရဲ့ Contemporary Diplomacy စာအုပ်မှာ ရေးသားဖူးပါတယ်။

 

ယဉ်ကျေးမှုဆိုင်ရာ သံတမန်ဆက်ဆံရေးကို အကောင်အထည်ဖော်ဖို့အတွက် နှစ်နိုင်ငံ (ဒါမှမဟုတ်) နိုင်ငံတွေအကြားမှာ ယဉ်ကျေးမှု၊ ပညာရေး ဖလှယ်ရေးအစီအစဉ်တွေ  ဖော်ထုတ်ဆောင်ရွက်လေ့ရှိပါတယ်။  ဒါ့အပြင်ယဉ်ကျေးမှုအနုပညာအဖွဲ့တွေ၊ ဘောလုံးအပါအဝင် အားကစားသမားတွေ၊ အားကစားအဖွဲ့တွေ  အပြန်အလှန်စေလွှတ်ပါတယ်။  ယဉ်ကျေးမှုဆိုင်ရာ သံတမန်ဆက်ဆံရေး  (cultural diplomacy) ဟာ အများပြည်သူဆိုင်ရာ  သံတမန်ဆက်ဆံရေး  (public diplomacy) နဲ့တူသယောင်ရှိသော်လည်း ထပ်တူမကျပါဘူး။ အများပြည်သူဆိုင်ရာ  သံတမန်ဆက်ဆံရေးက ပိုပြီးကျယ်ပြန့်တဲ့သဘောရှိတယ်လို့ ဖွင့်ဆိုကြပါတယ်။

 

နိုင်ငံစုံသံတမန်ဆက်ဆံရေ (Multilateral  Diplomacy) ကျင့်သုံးရာမှာလည်း ယဉ်ကျေးမှုဆိုင်ရာ သံတမန်ဆက်ဆံရေး ဆက်စပ်ပါဝင်နေတာကိုတွေ့ရပါတယ်။ ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာ  အဖွဲ့ (ယူနက်စကို) (UNESCO)အနေနဲ့  ကွဲပြားခြားနားတဲ့ အမျိုးမျိုးသော ကမ္ဘာ့ယဉ်ကျေးမှုတွေကို ကာကွယ်မြှင့်တင်ရာမှာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်နေတာကို ဥပမာပြရမှာဖြစ်ပါတယ်။ ယဉ်ကျေးမှုအချင်းချင်းထိတွေ့ ဆက်ဆံတဲ့လုပ်ဆောင်မှုတွေ   (inter-cultural  dialogue)၊ မတူကွဲပြားတဲ့ဘာသာတွေအကြား နားလည်မှုတိုးတက်စေဖို့ ကြိုးပမ်းတဲ့(inter-religious understanding)  လုပ်ဆောင်မှုတွေကိုလည်း သာဓက အနေနဲ့ တွေ့နိုင်ပါတယ်။ အစွန်းရောက်မှုတွေပပျောက်စေဖို့ ကုလသမဂ္ဂက ကမကထပြုဆောင်ရွက်နေတဲ့ Alliance  of  Civilizations  လိုဆောင်ရွက်မှုမျိုးတွေပါ။

 

ရှေးအကျဆုံး သံတမန်ဆက်ဆံရေးနည်းလမ်းတွေထဲက တစ်ခုဖြစ်တဲ့နိုင်ငံ့အကြီးအကဲတွေရဲ့ အပြန်အလှန်ခရီးစဉ်တွေမှာလည်း ယဉ်ကျေးမှုဆိုင်ရာ  သံတမန်ဆက်ဆံရေး  ကျင့်သုံးတာကို   တွေ့နိုင်ပါတယ်။  ဒီနေရာမှာ လက်ဆောင်ပစ္စည်းတွေ အပြန်အလှန်လဲလှယ်တာ၊ ယဉ်ကျေးမှုဖျော်ဖြေရေး အစီအစဉ် ထည့်သွင်းတာ၊ ကျွေးမွေးဧည့်ခံတဲ့ ဟင်းအမည်တွေဟာ အရေးပါတဲ့ ယဉ်ကျေးမှုဆိုင်ရာ သံတမန်ဆက်ဆံရေးရဲ့ အစိတ်အပိုင်းတွေဖြစ်ကြောင်း ၂၀၁၄ ခုနှစ်မှာ    ပြန်လည်ရိုက်နှိပ်ခဲ့တဲ့ Contemporary Diplomacy  စာအုပ်မှာ ထောက်ပြထားပါတယ်။

 

၁၉၇၂  ခုနှစ်မှာ  တရုတ်ကွန်မြူနစ်ပါတီ  ဥက္ကဋ္ဌကြီး  မော်စီတုန်းက အမေရိကန်သမ္မတ နစ်ဆင်ကို လက်ဆောင်အဖြစ်ပေးခဲ့တဲ့ ပန်ဒါဝက်ဝံကြီး နှစ်ကောင်ကတော့  အေးစက်နေတဲ့  တရုတ်-အမေရိကန်နှစ်နိုင်ငံအကြား ဆက်ဆံရေးကို ပြန်လည်နွေးထွေးစေခဲ့တဲ့ ယဉ်ကျေးမှုဆိုင်ရာ သံတမန်ဆက်ဆံရေးရဲ့ ထင်ရှားတဲ့သာဓကတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံ့အကြီးအကဲတွေရဲ့ခရီးစဉ်တွေမှာ လက်ဆောင်ပစ္စည်း အပြန်အလှန်ပေးအပ်ကြတာဟာ လုပ်ရိုးလုပ်စဉ်ဆိုသော်ငြားလည်း  ပေးအပ်သူပုဂ္ဂိုလ်/နိုင်ငံရဲ့ ယဉ်ကျေးမှုသွင်ပြင်လက္ခဏာ ပါဝင်နေတာကြောင့် အရေးပါတဲ့ သံတမန်ရေးရာကိစ္စရပ်အဖြစ် မှတ်သားရပါတယ်။

 

ယဉ်ကျေးမှုအဖွဲ့တွေ  အပြန်အလှန်စေလွှတ်တာ၊ ကိုယ့်နိုင်ငံရဲ့ယဉ်ကျေးမှု အနုပညာလက်ရာတွေ၊ ဝတ်စုံစတာတွေကို ပြသတာ၊ ဓာတ်ပုံ၊ ပန်းချီပြခန်းတွေ ပြုလုပ်တာ၊ ယဉ်ကျေးမှုပွဲတော်တွေကျင်းပတာ  စတဲ့ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်တွေကိုလည်း နည်းမျိုးစုံနဲ့ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ ဥပမာ အမေရိကန်နိုင်ငံရဲ့ Jazz ဂီတဖျော်ဖြေပွဲတွေ၊ ၂၀၁၈  ခုနှစ်က မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့မှာ  ပြုလုပ်ခဲ့တဲ့ နယူးယောက် Philharmonic အဖွဲ့ရဲ့ဖျော်ဖြေမှု၊ အဲဒီဖျော်ဖြေမှုရဲ့အစမှာ အမေရိကန် အမျိုးသားသီချင်း (national  anthem) ကို  တီးမှုတ်ပြီးအပိတ်မှာ ကိုရီးယား ရိုးရာသီချင်း Arirang နဲ့  အဆုံးသတ်ခဲ့တဲ့ဖျော်ဖြေမှုဟာ  အမေရိကန်-မြောက်ကိုရီးယားဆက်ဆံရေး တိုးတက်ဖို့အတွက် များစွာအထောက်အကူပြုခဲ့ပါတယ်။

 

ယခုနောက်ပိုင်း ပြောင်းလဲလာတဲ့ သံတမန်ရေးရာ ကျင့်သုံးမှုတွေအရ တရားဝင်အခမ်းအနားပုံစံမျိုး  (formal)ထက် အလွတ်သဘော (infor-mal) ပုံစံမျိုးနဲ့ လွတ်လွတ်လပ်လပ် ပြုလုပ်တဲ့ပွဲတွေဟာ လူတွေရဲ့စိတ်ဝင်စားမှုပိုမိုရရှိတာကိုလည်း သတိချပ်ရမှာဖြစ်ပါတယ်။ မကြာသေးခင်က  မြန်မာနိုင်ငံရန်ကုန်မြို့မှာ နယ်သာလန်သံရုံးက ကျင်းပခဲ့တဲ့ King's Day အထိမ်းအမှတ်ဧည့်ခံပွဲကို ရန်ကုန်မြို့ရဲ့စားသောက်ဆိ်ုင်ခေါင်မိုး (Rooftop Restaurant) တစ်ခုမှာပြုလုပ်ခဲ့ပြီး အဆိုပါပွဲမှာ  နယ်သာလန်နိုင်ငံရဲ့ သင်္ကေတတစ်ခုလို့မှတ်ယူနိုင်တဲ့ လိမ္မော်ရောင်အင်္ကျီလက်ရှည်ဝတ်ဆင်ထားတဲ့  နယ်သာလန်သံအမတ်ကြီးကို  ဓာတ်ပုံမှတ်တမ်းများမှာ  တွေ့ခဲ့ရပါတယ်။  ဒါ့အပြင်  ကမ္ဘာ့နိုင်ငံအသီးသီးမှာ ရုံးစိုက်တဲ့ မြန်မာသံရုံးတွေက စိတ်ရောကိုယ်ပါ အပင်ပန်းခံကြိုးပမ်းပြုလုပ်ကြတဲ့ မဟာသင်္ကြန်ပွဲတွေဟာလည်း အင်မတန်မှထိရောက်ပြီး အောင်မြင်တဲ့ပွဲတွေလို့ သံတမန်အသိုက်အဝန်းကြားမှာ  အသိအမှတ်ပြုကြတာကို ဝမ်းမြောက်စွာကြားသိရပါတယ်။

 

ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်တွေနဲ့ပတ်သက်ပြီးထိရောက်မှုကိုသုံးသပ်ရာမှာ တက်ရောက်သူအရေအတွက် အနည်း၊ အများနဲ့မဆိုင်ဘူးလို့ဆိုနိုင်ပါတယ်။ တက်ရောက်တဲ့ပုဂ္ဂိုလ်တွေဟာ သက်ဆိုင်ရာ နိုင်ငံတွေရဲ့အရေးပါအရာရောက်တဲ့သူတွေ၊ ဆုံးဖြတ်ချက်ချနိုင်တဲ့သူတွေ (opinion leaders/ decision-makers) ဖြစ်ရင် မိမိနိုင်ငံအပေါ်  အမြင်ပြောင်းလဲရာမှာ ထိရောက်ပါတယ်။  ဒါကြောင့် ကမ္ဘာ့နိုင်ငံ့ခေါင်းဆောင်တွေ၊     နိုင်ငံတကာ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ လူမှုအဖွဲ့အစည်းကြီးတွေ  ပါဝင်တက်ရောက်လေ့ရှိတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်တွေ၊ ဒေသတွင်းထိပ်သီးအစည်းအဝေးတွေမှာ ယဉ်ကျေးမှုဖလှယ်ရေး၊ ဖျော်ဖြေရေးအစီအစဉ်တွေကို ထည့်သွင်းကြတာ ဖြစ်ပါတယ်။ သာဓကအနေနဲ့  အာဆီယံထိပ်သီးအစည်းအဝေးတွေ ကျင်းပကြတဲ့အခါ သက်ဆိုင်ရာအိမ်ရှင်နိုင်ငံတွေက မိမိတို့နိုင်ငံရဲ့ယဉ်ကျေးမှု၊ ဖျော်ဖြေမှုတွေကို    မဖြစ်မနေထည့်သွင်းကြတာ  အထင်အရှားတွေ့မြင်နိုင်ပါတယ်။

 

ယဉ်ကျေးမှုဆိုင်ရာ သံတမန်ဆက်ဆံရေးရဲ့ အဓိကအစိတ်အပိုင်းတွေထဲမှ ကျောင်းသားဖလှယ်ရေးအစီအစဉ်တွေလည်း ပါဝင်ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန  ယဉ်ကျေးမှုနဲ့ပညာရေးဌာနက စီမံခန့်ခွဲတဲ့ ဖူးလ်ဘရိုက်ပညာသင်အစီအစဉ်(Fulbright Program)၊ ဓနသဟာယအဖွဲ့ဝင်နိုင်ငံတွေ၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂက ကျောင်းသားတွေကိုပေးတဲ့ Rhodes scholarship  တွေ၊ ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာနက    ထောက်ပံ့တဲ့ဂျာမန်ဘာသာစကားနဲ့  ယဉ်ကျေးမှုဖြန့်ဖြူးတဲ့ Goethe-institute တွေ၊ ပြင်သစ်အစိုးရကထောက်ပံ့တဲ့ Goethe-institute တွေကိုသာဓကအဖြစ် ကြည့်နိုင်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပညာသင်ကြားနေကြတဲ့ မြန်မာကျောင်းသားတွေဟာလည်း  သက်ဆိုင်ရာ နိုင်ငံနဲ့ကျောင်းတွေရဲ့ ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်တွေမှာ ပါဝင်ခြင်းအားဖြင့် ယဉ်ကျေးမှုဆိုင်ရာ  သံတမန်ဆက်ဆံရေးကို ကိုယ်တိုင်ကျင့်သုံးနေကြတယ်လို့ ဆိုရမှာပါ။ သာဓကအနေနဲ့ ရုရှားနိုင်ငံနဲ့  ဂျပန်နိုင်ငံရောက် မြန်မာကျောင်းသားတွေရဲ့ မြန်မာ့ယဉ်ကျေးမှုကို ဖော်ထုတ်ပြသတဲ့  ကျောင်းဖျော်ဖြေပွဲတွေဟာ  ကြည့်ရှုသူများနှစ်သက်ကြလို့ အသိအမှတ်ပြု ချီးကျူးရမှာဖြစ်ပါတယ်။

 

ဒါ့အပြင် နိုင်ငံ့အကြီးအကဲ၊ အစိုးရအဖွဲ့အကြီးအကဲနဲ့ အဆင့်မြင့်အရာရှိကြီး တွေအနေနဲ့ နိုင်ငံတကာ အားကစားပွဲတော်တွေကို အတူတကွတက်ရောက်ကြည့်ရှုကာ ဒီလိုပွဲလမ်းသဘင်တွေကို  အလွတ်သဘောတွေ့ဆုံ  ဆွေးနွေးမှုအဖြစ်အသုံးချပြီး    သဘောထားချင်းမတိုက်ဆိုင်တဲ့  ကိစ္စတွေအပေါ်မှာ ဆွေးနွေးဖြေရှင်းလေ့ရှိကြပါတယ်။ ဒါကိုတော့ ယဉ်ကျေးမှုဆိုင်ရာ သံတမန်ဆက်ဆံရေးနဲ့ဆက်စပ်တဲ့          အားကစားဆိုင်ရာ သံတမန်ဆက်ဆံရေး (sporting diplomacy) လို့ဆိုရမှာပါ။ ယခင် ၂၀ဝ၂ ခုနှစ်တုန်းက ကက်ရှ်မီးယားမှာဖြစ်ခဲ့တဲ့ နယ်စပ်ဖြတ်ကျော် အကြမ်းဖက်လှုပ်ရှားမှုတွေကြောင့် နှစ်နိုင်ငံအကြားအရှိန်မြင့်လာတဲ့ စစ်ရေးအားပြိုင်မှုတွေကို  အတိုင်းအတာတစ်ခုအထိ လျော့ပါးစေခဲ့တဲ့ အိန္ဒိယ-ပါကစ္စတန် နှစ်နိုင်ငံအကြား ကျင့်သုံးတဲ့ခရစ်ကက် သံတမန်ဆက်ဆံရေး (cricket diplomacy) ဟာ ထင်ရှားတဲ့သာဓကတစ်ခုပါပဲ။ ခရစ်ကက်သံတမန်ဆက်ဆံရေးနည်းလမ်းကို  ၂၀ဝ၄  ခုနှစ်မှာ  စတင်ကျင့်သုံးခဲ့ပြီး  အိန္ဒိယ-ပါကစ္စတန် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး ပြန်လည်နွေးထွေးလာစေဖို့အတွက်  အထောက်အပံ့ကောင်းဖြစ်ခဲ့ပါတယ်။ အလားတူ ၁၉၇၀ ပြည့်နှစ်ကျော်ကာလတွေမှာ တရုတ်-အမေရိ်ကန်တို့ကြားကျင့်သုံးခဲ့တဲ့ ပင်ပေါင်သံတမန်ဆက်ဆံရေး  (ping pong diplomacy) ဟာလည်း အထူးကျော်ကြားခဲ့ပါတယ်။ ပင်ပေါင်သံတမန်ဆက်ဆံရေးကအစပြုလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟင်နရီကစ်ဆင်ဂျာရဲ့ ၁၉၇၁ ခုနှစ် တရုတ်ခရီးစဉ်၊ အမေရိကန်သမ္မတ နစ်ဆင်ရဲ့ ၁၉၇၂ ခုနှစ်သမိုင်းဝင်တရုတ်ခရီးစဉ်တို့ ဆက်စပ်ပေါ်ပေါက်ခဲ့တာ သမိုင်းမှာ အထင်အရှား ရှိခဲ့ပါတယ်။

 

ဘာသာရေးကိုလည်း ယဉ်ကျေးမှုဆိုင်ရာ သံတမန်ဆက်ဆံရေးရဲ့အစိတ်အပိုင်းတစ်ခုအဖြစ် ထည့်သွင်းစဉ်းစားကြပါတယ်။ သဘောထားချင်း မတိုက်ဆိုင်တဲ့သက်ဆိုင်သူတွေ (actors) အကြား သံတမန်ရေးနည်းလမ်းနဲ့စေ့စပ်ဖြေရှင်းရာမှာ (ဒါမှမဟုတ်) အပြန်အလှန်ဆက်သွယ်တဲ့အခါမှာ ဘာသာရေးအဖွဲ့အစည်းတွေ၊ ဘာသာရေးခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးကြောင်း ထောက်ပြထားပါတယ်။ ဒါကြောင့် ဥရောပက ဘာသာရေးခေါင်းဆောင်ဘုန်းကြီးတစ်ပါး ဥရောပနိုင်ငံတွေထဲ ခရီးသွားလာရာမှာ သံတမန်အဆင့်အတန်း ထိုက်သင့်သလောက် (quasi-diplomatic status)ပေးအပ်ခဲ့ဖူးပါတယ်။ ယုံကြည်ကိုးကွယ်ရာဘာသာမတူသော်လည်း မြန်မာနိုင်ငံသို့ ခရီးစဉ်လာရောက်စဉ် မြန်မာတို့ရဲ့အထွတ်အမြတ် ကိုးကွယ်ရာစေတီဘုရား ပုထိုးတော်တွေကိုသွားကာ ပန်း၊ ရေချမ်း မဖြစ်မနေကပ်လှူ ပူဇော်လိုကြောင်းပြောပြီး ကိုယ်တိုင်သွားရောက်ကာ  အလေးအမြတ်ဂရုထားခဲ့တဲ့ နိုင်ငံခြားဝါရင့်သံတမန်တစ်ဦးရဲ့ သံတမန်ရေးရာပါးနပ်မှုကိုလည်း ကိုယ်တိုင်တွေ့ကြုံဖူးပါတယ်။

 

အရင်ကကျင့်သုံးခဲ့တဲ့ သံတမန်ဆက်ဆံရေးနည်းလမ်းတွေဟာ နိုင်ငံတကာအငြင်းပွားမှုတွေကို ဖြေရှင်းပေးခြင်းအားဖြင့် စစ်ရေးပဋိပက္ခတွေကိုလျော့ပါးစေခဲ့ပါတယ်။ အခုပြောင်းလဲကျင့်သုံးလာတဲ့ သံတမန်ဆက်ဆံရေး နည်းလမ်းတွေမှာတော့ ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲနွမ်းပါးမှုလျော့ပါးရေး၊ တန်းတူညီမျှမှုရှိရေးတွေအပေါ် ပိုမိုအလေးပေးလာတာကို တွေ့ရပါတယ်။

 

ဒေသတွင်းအာရှနိုင်ငံ    ငါးနိုင်ငံဖြစ်တဲ့  တရုတ်၊    အိန္ဒိယ၊  ဂျပန်၊ စင်ကာပူနဲ့ထိုင်းနိုင်ငံတွေက    ကျင့်သုံးတဲ့  ယဉ်ကျေးမှုဆိုင်ရာ   သံတမန်ဆက်ဆံရေးနည်းလမ်းတွေကို  လက်လှမ်းမီသလောက် နှိုင်းယှဉ်လေ့လာ ကြည့်တဲ့အခါ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေနဲ့ နိုင်ငံခြားတိုင်းပြည်တွေမှာ ကနဦးက  ယဉ်ကျေးမှုစင်တာ  (cultural center)တွေဖွင့်လှစ်တာမျိုး မလုပ်ခဲ့ပေမယ့်လည်း  ၂၀ဝ၄  ခုနှစ်မှာတော့  ပထမဦးဆုံး  ကွန်ဖြူးရှပ်သိပ္ပံ(Confucius institute) ကို ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့မှာ ဖွင့်လှစ်ခဲ့ပါတယ်။ အခုနောက်ပိုင်းမှာတော့ တရုတ်နိုင်ငံအနေနဲ့ ကမ္ဘာ့နိုင်ငံအတော်များများမှာ ကွန်ဖြူးရှပ်သိပ္ပံတွေတည်ထောင်ပြီး တရုတ်ဘာသာစကားနဲ့ ယဉ်ကျေးမှုကိုမြှင့်တင်နေပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာ အရေအတွက် ထောင်ဂဏန်းအထိဖြစ်လာနိုင်ကြောင်း  ခန့်မှန်းရပါတယ်။  ကွန်ဖြူးရှပ်သိပ္ပံအတွက်  ဒေသခံအဖွဲ့အစည်းတွေက အဆောက်အအုံနေရာထောက်ပံ့ပြီး တရုတ်နိုင်ငံက ဆရာ ဆရာမအပါအဝင် သင်ကြားရေးအထောက်အပံ့ပစ္စည်းတွေကို ပံ့ပိုးပေးကြောင်း  သံအမတ်ကြီး Kishan  S.Rana ကသူရဲ့ Asian Diplomacy စာအုပ်ထဲမှာ ဖော်ပြထားပါတယ်။

 

အိန္ဒိယနိုင်ငံကတော့ ၁၉၅၀ ပြည့်နှစ်ကတည်းက ယဉ်ကျေးမှုဆက်ဆံရေးဆိုင်ရာ   အိန္ဒိယကောင်စီလို့ဆိုရမယ့်  Indian  Council  for  Cul-tural  Relations  (ICCR)ကို   တည်ထောင်ထားခဲ့ပြီး   ICCR  က  တစ်ဆင့်   ယဉ်ကျေးမှုဆိုင်ရာ သံတမန်ဆက်ဆံရေးကို ကျင့်သုံးပါတယ်။ ICCR အနေနဲ့ ယဉ်ကျေးမှုအနုပညာဖျော်ဖြေပွဲတွေ၊ ပို့ချမှုတွေကို ကမကထပြုရုံသာမက နိုင်ငံရပ်ခြားမှာ အခြေစိုက်ဖွင့်လှစ်ထားတဲ့ ယဉ်ကျေးမှုစင်တာတွေကိုလည်း ကြီးကြပ်ပါတယ်။ ၁၉၈၂ ခုနှစ်က     ဗြိတိန်နိုင်ငံမှာ တစ်နှစ်ပတ်လုံး ကျင်းပပြုလုပ်ခဲ့တဲ့ အိန္ဒိယပွဲတော် (Festival  of India) မှာ ယဉ်ကျေးမှုအနုပညာဆိုင်ရာ  အ စီအစဉ်ပေါင်းစုံပါဝင်ခဲ့ပြီး အိန္ဒိယနိုင်ငံအပေါ် အမြင်ပြောင်းလဲစေခဲ့ပါတယ်။ ဒါကြောင့် အိန္ဒိယနိုင်ငံက နိုင်ငံတကာ မှာ  အိန္ဒိယပွဲတော်တွေကို  စဉ်ဆက်မပြတ်  ဆက်လက်ကျင်းပနေတာလို့ ဆိုရပါမယ်။ အိန္ဒိယနိုင်ငံရဲ့ ယောဂကျင့်စဉ် ပြန့်ပွားရေးအတွက် ဆောင်ရွက်နေတာတွေကိုလည်း ယဉ်ကျေးမှုဆိုင်ရာ   သံတမန်ဆက်ဆံရေး နည်းလမ်းတစ်ခုအဖြစ် ထည့်သွင်းစဉ်းစားနိုင်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ကြိုးပမ်းမှုကြောင့် ကုလသမဂ္ဂက  ဇွန်လ  ၂၁  ရက်နေ့ကို အပြည်ပြည်ဆိုင်ရာယောဂနေ့(International Day Of Yoga) အဖြစ် သတ်မှတ်ခဲ့ပါတယ်။ 

 

ဂျပန်နိုင်ငံအနေနဲ့ကတော့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ငွေကြေး ထောက်ပံ့တဲ့  ဂျပန်ဖောင်ဒေးရှင်း (Japan  Foundation)  ကတစ်ဆင့်ယဉ်ကျေးမှုဆိုင်ရာ သံတမန်ဆက်ဆံရေးကို    အကောင်အထည်ဖော်ကျင့်သုံးပါတယ်။ ဒါပေမယ့် နိုင်ငံရပ်ခြားမှာရှိတဲ့ ဂျပန်ဖောင်ဒေးရှင်းရုံးခွဲတွေဟာ ဂျပန်သံရုံးရဲ့ စီမံကွပ်ကဲမှုအောက်မှာမဟုတ်ဘဲ သီးခြားရပ်တည်ပါတယ်။ သံရုံးနဲ့တော့ ညှိနှိုင်းဆောင်ရွက်ပါတယ်။ ဂျပန်နိုင်ငံအနေနဲ့ အများပြည်သူဆိုင်ရာ  သံတမန်ဆက်ဆံရေး  (Public diplomacy) ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်ရာထူးကို ၂၀ဝ၄ ခုနှစ်မှာ စတင်တီထွင်ခန့်အပ်ခဲ့ပါတယ်။

 

စင်ကာပူနိုင်ငံရဲ့ ယဉ်ကျေးမှုဆိုင်ရာ သံတမန်ဆက်ဆံရေးကိုလေ့လာရင် စင်ကာပူနိုင်ငံရဲ့ ဝါရင့်သံတမန်ကြီးတစ်ဦးဖြစ်တဲ့ အခု အသက်၈၀  ကျော်ပြီဖြစ်တဲ့ Tommy Koh  ရဲ့  ကြိုးပမ်းမှုတွေကို  ဖော်ပြရမှာ ဖြစ်ပါတယ်။  သူဟာ  အသက်  ၃၁  နှစ်အရွယ်မှာ  ကုလသမဂ္ဂဆိုင်ရာ   စင်ကာပူအမြဲတမ်းကိုယ်စားလှယ်အဖြစ်  ခန့်အပ်ခံရပြီး  သူ့ရဲ့ခန့်အပ်လွှာကို  ၁၉၆၈  ခုနှစ်က ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်ထံ ပေးအပ်ခဲ့တဲ့ သံအမတ်ကြီးတစ်ဦးလည်းဖြစ်ပါသည်။ ကျွမ်းကျင်တဲ့ စေ့စပ်ညှိနှိုင်းသူတစ်ဦးဖြစ်ဖို့အတွက် ယဉ်ကျေးမှုဆိုင်ရာ ဗဟုသုတတွေကို ပျိုးထောင်သင့်တယ်လို့ သူကတိုက်တွန်းထားပါတယ်။ များပြားလှတဲ့ ရာထူးတာဝန်တွေကို ထမ်းဆောင်ခဲ့ဖူးတဲ့သူ့ကို ယဉ်ကျေးမှုဆိုင်ရာ သံတမန်ဆက်ဆံရေးကို မြှင့်တင်တဲ့ပုဂ္ဂိုလ်၊ ယဉ်ကျေးမှုသံတမန်(Cultural  Diplomat)  တစ်ဦးအဖြစ်လည်း ပုံဖော်ကြပါတယ်။

 

သံအမတ်ကြီး   Tommy  Koh အနေနဲ့  စင်ကာပူ  အမျိုးသားယဉ်ကျေးမှုအမွေအနှစ်အဖွဲ့ (National  Heritage  Boarci-  NHB)ကို ဦးဆောင်ခဲ့စဉ်က အာဆီယံအပါအဝင် ဒေသတွင်းက ပြတိုက်တွေ၊ ယဉ်ကျေး မှုအမွေအနှစ်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့   မပြတ်ထိတွေ့ဆက်ဆံခဲ့သလိုစင်ကာပူနိုင်ငံမှာ အာဆီယံပွဲတော်တွေ၊ ပြခန်းတွေ ပြုလုပ်ပြီး ယဉ်ကျေးမှုဆိုင်ရာ  သံတမန်ဆက်ဆံရေးကို မြှင့်တင်ခဲ့ပါတယ်။ အေပက်ထိပ်သီးအစည်း အဝေးလာတက်တဲ့ ထိုစဉ်က ဖိလစ်ပိုင်သမ္မတ Arroyo အနေနဲ့ စင်ကာပူ NHB မှာ  ပြုလုပ်တဲ့ ဖိလစ်ပိုင်ပွဲတော်ကို  လေဆိပ်ကနေ တိုက်ရိုက်လာရောက်ဖွင့်လှစ်ပေးခဲ့ပြီး ၁၅ မိနစ်ခန့်နေဖို့ရည်ရွယ်ရာကနေ  တစ်နာရီကျော်ကြာအောင်  အချိန်ပေးခဲ့ကြောင်း Tommy  Koh  :  Serving  Singapore and the World စာအုပ်မှာ ဖော်ပြထားပါတယ်။

 

နောက်တစ်ခါ  သံအမတ်ကြီး Tommy  Koh အနေနဲ့ စင်ကာပူနိုင်ငံကို လာရောက်ခဲ့ဖူးတဲ့ နိုင်ငံခြားတိုင်းပြည်တွေက အရေးပါတဲ့ အမျိုးသားခေါင်းဆောင်ကြီးတွေကို အသိအမှတ်ပြုတဲ့  စင်ကာပူရဲ့မိတ်ဆွေများ (Friends to Our Shores)အစီအစဉ်ကို အကြံပြုခဲ့ပါတယ်။ အဲဒီအစီအစဉ်အရ ACM Green  လို့ဆိုတဲ့ Asian Civilizations Museum ပြတိုက် မြက်ခင်းတစ်ဝိုက်မှာ ဖိလစ်ပိုင်က ဟိုဆေးရီဇာ၊ ဗီယက်နမ်က ဟိုချီမင်း၊ တရုတ်က တိန့်ရှောင်ဖိန်နဲ့ အိနိ ́ယက နေရူး စတဲ့ ခေါင်းဆောင်ကြီးတွေရဲ့သမိုင်းအကျဉ်း ဖော်ပြထားတဲ့အထိမ်းအမှတ်(Markers)တွေ၊ ရုပ်တုတွေကို  ပြသထားပါတယ်။ သက်ဆိုင်ရာ နိုင်ငံက နိုင်ငံ့အကြီးအကဲတွေအနေနဲ့၎င်းတို့ရဲ့ စင်ကာပူနိုင်ငံ တရားဝင်ခရီးစဉ်တွေမှာ အဲဒီအထိမ်းအမှတ်နေရာကို သွားရောက်အလေးအမြတ်ပြုကြသလို သူတို့ရဲ့ခေါင်းဆောင်တွေကို စင်ကာပူနိုင်ငံက အသိအမှတ်ပြု၊ ဂုဏ်ပြုထားတဲ့အပေါ် အထူးကျေနပ်ကြပါတယ်။

 

ထိုင်းနိုင်ငံရဲ့  ယဉ်ကျေးမှုဆိုင်ရာ   သံတမန်ဆက်ဆံရေး  ကျင့်သုံးမှုမှာ တော့  (အရင်ထိုင်းဘုရင့်သမီးတော်)  မင်းသမီးသီရိဒုံရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးပါကြောင်း သိရပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ နိုင်ငံခြားတိုင်းပြည်တွေမှာ  ယဉ်ကျေးမှုစင်တာတွေ ဖွင့်လှစ်တာမျိုးမလုပ်ဘဲ  ထိုင်းနိုင်ငံရဲယဉ်ကျေးမှုဆိုင်ရာ   သံတမန်ဆက်ဆံရေးကို ထိုင်းသံရုံးတွေကနေတစ်ဆင့်သာ ကိုင်တွယ်ဆောင်ရွက်ကြောင်း၊  ယဉ်ကျေးမှုဖျော်ဖြေရေး  အစီအစဉ်တွေနဲ့ပြည်သူအချင်းချင်းထိတွေ့ ဆက်ဆံရေး(people- to- people contacts) ကို အလေးပေးကြောင်း ၂၀ဝ၇ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ Asian Diplomacy စာအုပ်ထဲမှာ ဖော်ပြထားပါတယ်။

 

ယဉ်ကျေးမှုဆိုင်ရာ   သံတမန်ဆက်ဆံရေးကို ထိထိရောက်ရောက်ကျင့်သုံးရင် နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး အကျိုးကျေးဇူးတွေ ရရှိနိုင်ပြီး နိုင်ငံတစ်နိုင်ငံရဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးမှာလည်း အထောက်အပံ့ကောင်းတွေ ဖြစ်စေပါတယ်။ ဒါ့ကြောင့် ယဉ်ကျေးမှုဆိုင်ရာ သံတမန်ဆက်ဆံရေး (cultural  diplomacy)နဲ့ပတ်သက်တဲ့   ကျင့်သုံးမှုနည်းလမ်းအချို့ကို လေ့လာမှတ်သားမိသလောက်မျှဝေရင်း ကမ္ဘာ့နိုင်ငံတွေအကြား၊ ပြည်သူလူထုတွေအကြား နားလည်မှုတည်ဆောက်ဖို့နဲ့ ပိုမိုရင်းနှီးကျွမ်းဝင်လာစေဖို့အတွက် ရည်ရွယ်တဲ့ ယဉ်ကျေးမှုဆိုင်ရာ သံတမန်ဆက်ဆံရေးနည်းလမ်းတွေကို အစိုးရတွေသာမက နိုင်ငံစုံပါဝင်တဲ့ အဖွဲ့အစည်းတွေ၊ ကမ္ဘာ့လုပ်ငန်းကြီး တွေ၊  အရပ်ဘက်လူမှုအဖွဲ့အစည်းတွေအားလုံး      ကျင့်သုံးနိုင်ပါကြောင်း တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါတယ်။

 

ကိုးကား။ (၁)  Asian Diplomacy by Ambassador kishan S. Rana(Johns Hopkins University Press, 2007)
(၂) Contemporary Diplomacy: Representation and      Communication in a Globalized World by          Geoffrey Allen Pigmam (Polity Press, 2014)
(၃) Tommy Koh: Serving  Singapore and the World       (Ws Professional, 2018)

ဟန်စံ(နာဂိုယာတက္ကသိုလ်)