၁၈ ဇွန်
နိုင်ငံတစ်ခု တည်ငြိမ်စွာတိုးတက်လာစေရေးတွင် ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများ၏ အခန်းကဏ္ဍက ပဓာနကျသော နေရာတွင် ပါရှိသည်။ ထို့ကြောင့် ဥပဒေစိုးမိုးရေးကို ပြည်သူလူထုက မျှော်လင့်ကြခြင်းဖြစ်၏။
ဥပဒေနှင့် စည်းမျဉ်း စည်းကမ်းများဟူသည် လူတိုင်းတန်းတူညီမျှ လိုက်နာရပါသည်။ ဥပဒေ၏အထက်တွင် မည်သူမျှမရှိစေရ ဟူသည်မှာ အလွန်အရေးကြီးသည့် ဆောင်ပုဒ်တစ်ခုပါ။ ရာထူးကြီးလို့၊ ငွေကြေးဖြင့် ပိတ်ဆို့လို့၊ ခင်မင်ရင်းနှီးလို့၊ ကြောက်ရလို့ အစရှိသော ဆန္ဒ၊ ဒေါသ၊ ဘယာ၊ မောဟ ဟူသော အဂတိတို့ဖြင့် ဥပဒေ၊ စည်းမျဉ်း စည်းကမ်းတို့ကို လျှော့ချည်တင်းချည် လိုလျှင်လိုသလို မလိုလျှင် မလိုသလို ပြုပြင်သုံးစွဲ ၍ မရပါ။
အထူးသဖြင့်မူ ရာထူး၊ အာဏာ၊ ငွေကြေး၊ ဩဇာတို့ဖြင့် အထူးအခွင့် အရေးရထိုက်သူများအဖြစ် ကိုယ့်ကိုယ်ကိုယ် ခံယူထားသူများကြောင့် ဥပဒေစိုးမိုးမှု လျော့ရဲခဲ့ရသည့် သာဓကများက အများအပြားရှိခဲ့သည်။
ပါလီမန်ဒီမိုကရေစီခေတ် အဆုံးသတ်သွားသည့်အချိန် ဒီမိုကရေစီ တဖြည်းဖြည်းချင်း ဆုတ်ယုတ်မှိန်ဖျော့သွားခဲ့သည့် ကာလတွင် အာဏာရှိသူများ၊ အာဏာရှိသူများနှင့် ပတ်သက်ဆက်စပ်သူများ၊ နောင်တွင် ငွေကြေးအင်အားကို အလွဲသုံးကြသူများသည် အထူးအခွင့်အရေးရသူများအဖြစ် တွင်ကျယ်လာခဲ့ကြသည်။
ထိုသူအားလုံးတို့သည် မည်သည့်နေရာတွင်မဆို စည်းမျဉ်း စည်းကမ်းဆိုတာကို ကျော်လွန်ပြီး အခွင့်ထူးခံများအဖြစ် ဦးစားပေးခံယူကြ၏။ ဥပဒေကိုကျော်လွန်ကာ အထူးခံစားခွင့်ရသူများအဖြစ်လည်း လူသိများလာသည်။ ထိုသူများသည် ယာဉ်စည်းကမ်းကို ဖောက်ဖျက်ခွင့်ရှိသည်။ ဆေးရုံစည်းကမ်းကို ဖောက်ဖျက်နိုင်၏။ ရုံးများတွင် အများသူငါ တန်းစီ ချိန်တွင် တန်းစီရန်မလို၊ မီးရထားလက်မှတ်ဝယ်မည်လား၊ ပတ်စ်ပို့ ချက်ချင်းလိုချင်သည်လား၊ ထူးခြားအခွင့်အရေး ရှိလာသည်။ ပြည်သူ့ ဝန်ထမ်းစည်းမျဉ်းများကို ဖောက်ဖျက်ခွင့်ရှိသလို စီးပွားရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကိုလည်း အလိုရှိသလို ပြောင်းလဲဆောင်ရွက်ခွင့်ရှိသည်။ တင်ဒါစနစ်ကို လိုသလိုပြောင်းကာ လုပ်ချင်သလို ယူလုပ်လို့ ရလာသည်။ သားသမီးများက ကျောင်းစည်းကမ်းကို ဖောက်ဖျက်ခွင့်ရှိလာသလို ဌာနဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ အားလုံးသည်လည်း ထိုသူများနှင့် မသက်ဆိုင်သော စည်းမျဉ်း၊ စည်းကမ်းများဖြစ်လာသည်။
ဤအစဉ်အလာက တရားရုံးများ၊ ဥပဒေရေးရာများထဲအထိ ရောက်ရှိလာပြီး ဥပဒေအရ အပြစ်ပေးသည်ဆိုသည်ပင် အခွင့်ထူးခံများနှင့် မဆိုင်တော့သည့်အလား ဖြစ်လာသည်။
သည်လိုနှင့် အများစုသောသူများသည် အခွင့်ထူးခံများဖြစ်ချင်လာကြပြီး အခွင့်အရေးရတိုင်း အခွင့်ထူး ယူတတ်လာကြသည်။ အာဏာနှင့် လုပ်ပိုင်ခွင့်ရှိသူတို့က သည်လိုအခွင့်ထူးယူခြင်းကို မိမိတို့ ရသင့်ရထိုက်သည့် အခွင့်အရေးဟု ယူဆသည်အထိ ဖြစ်လာသကဲ့သို့ သာမန်လူများကလည်း လာဘ်ပေးခြင်းဖြင့်သော်လည်းကောင်း၊ အာဏာရှိသူတို့နှင့် ရင်းနှီးနီးစပ်အောင် ကြိုးစားကြခြင်းဖြင့် သော်လည်းကောင်း အခွင့်ထူးရယူရန် အားထုတ်လာကြသည်။ အခွင့်ထူးခံဖြစ်ရခြင်း၊ စည်းမျဉ်းစည်းကမ်းကို ကျော်လွန်လုပ်ဆောင်ရခြင်းကို ဂုဏ်တစ်ခုသဖွယ် သဘောထားလာကြသည်။
ယခု ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ...။
ခေတ်ပြောင်း စနစ်ပြောင်းမှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်၊ သည်လိုတိုးတက်ပါမှ နိုင်ငံသူ နိုင်ငံသားအားလုံးတို့၏ဘဝ သာယာအေးချမ်းမည်၊ သည်လိုအများနှင့်အညီ တိုးတက်ပါမှ နိုင်ငံတကာအလယ်တွင် မျက်နှာပွင့်နိုင်မည်ဟု ယုံကြည်စိတ်ဖြင့် ဒီမိုကရေစီအပြောင်းအလဲဖြစ်ရန် ကြိုးစားနေကြသည့် ယနေ့ကာလတွင် ထိပ်ဆုံးခေါင်ဖျားမှသည် အောက်ဆုံးခြေဖျားထိ ရှိရှိသမျှ နိုင်ငံသားအပေါင်းတို့ ခေတ်ဟောင်း စနစ်ဟောင်းက အခွင့်ထူးခံလိုစိတ်များကို စွန့်ပယ်နိုင်ကြပြီး ခေတ်ပြောင်းစနစ်ပြောင်းလိုစိတ်များကို အခြေခံရပ်တည်ဆောင်ရွက်ကြခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု အမြန်ဆုံး ရရှိပါစေသတည်း။ ။
မြန်မာ့အလင်း