၁၈ ဇွန်
၁၉ ရာစုနှောင်းပိုင်းနဲ့ ၂၀ ရာစုအစောပိုင်းမှာ အမေရိကန်နိုင်ငံရဲ့ လွတ်လပ်တဲ့အရင်းရှင်ဝါဒဟာ စီးပွားရေးဆိုင်ရာ ချဲ့ထွင်မှုတွေကို ဖြစ်စေခဲ့ပြီး လူတန်းစားကွဲပြားခြားနားမှုတွေဆီ ဦးတည်ခဲ့ပါတယ်။ အကျိုးဆက်အားဖြင့် ဆင်းရဲသားတွေအကြား စီးပွားရေးဆိုင်ရာ မလုံခြုံမှုတွေ အကြီးအကျယ်ဖြစ်စေခဲ့ပြီး စီးပွားရေးပျက်ကပ်ကို ဦးတည်တဲ့ ပုံစံတွေ ဖြစ်လာပါတော့တယ်။
စိန်ခေါ်မှုတွေဖြစ်ခဲ့
ပြည့်စုံကြွယ်ဝတဲ့နိုင်ငံဟာ ဒုတိယကr္ဘာစစ် နှောင်းပိုင်းကာလရဲ့ စီးပွားရေးဖွံ့ဖြိုးမှုကို အရှိန်ကောင်းအောင် လောင်စာထည့်လိုက်သလိုပါပဲ။ အလုပ်သမားနဲ့ အလယ်အလတ် လူတန်းစားတွေလက်ထဲ လုပ်ကိုင်နိုင်မှုတွေ၊ ငွေအရင်းအမြစ်တွေ ရောက်လာပါတယ်။ ထို့အတူပါပဲ ပညာရေးပိုင်းဆိုင်ရာနဲ့ စီးပွားရေးဆိုင်ရာ လုံခြုံတိုးတက်မှုတွေ ဟာလည်း ဒီရေအလားတရိပ်ရိပ်နဲ့ တက်လာပါတော့တယ်။
ဒါပေမယ့်လည်း အမေရိကန်နိုင်ငံရဲ့ အနေအထားဟာ ဒီရေလိုပါပဲ။ အမြဲတမ်းတက်လိုက် ကျလိုက်ဖြစ်နေတာပါပဲ။ ၁၉၇၀ ပြည့်လွန်နှစ်တွေကတည်းက သက်သာချောင်ချိရေးကွန်ရက်တွေဟာ သိသိသာသာကိုပဲ လျော့နည်းလာပါတယ်။ အလုပ်သမားတွေကို ကာကွယ်ပေးတဲ့ အလုပ်သမားစည်းကမ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေဟာလည်း လျော့ရဲလာပါတယ်။ ပညာရေးနဲ့ ပြည်သူ့အစီအစဉ်တွေအတွက် ထည့်ဝင်ခဲ့တဲ့ ရန်ပုံငွေတွေဟာလည်း တဖြည်းဖြည်းလျော့နည်း ကျဆင်းလာပါတယ်။
၁၉၉၆ ခုနှစ် သက်သာချောင်ချိရေးပြုပြင် ပြောင်းလဲမှုအရ ကလေးရှိတဲ့ ခင်ပွန်းသည်မရှိ၊ ဇနီးမရှိတဲ့ တစ်ဦးတည်းမိဘတွေဟာ အရင်လိုမဟုတ်ဘဲ အကူအညီ ငါးနှစ်သာရရှိတော့မှာဖြစ်ပြီး စည်းမျဉ်းစည်းကမ်း ပြဋ္ဌာန်းချက်အရ အလုပ်မဖြစ်မနေလုပ်ရတော့မှာ ဖြစ်ပါတယ်။ သက်သာချောင်ချိရေး အကျိုးခံစားတဲ့ မိသားစုတွေဟာ ၁၉၉၆ ခုနှစ်မှာ ၄ ဒသမ ၆ သန်းရှိခဲ့ပြီး အခုနှစ် မှာတော့ ၁ ဒသမ ၁ သန်းထက်လျော့နည်းဖို့သာ ရှိပါတယ်။ သက်သာချောင်ချိရေး အကျိုးခံစားတဲ့ မိသားစုဝင်အရေအတွက် ကျဆင်းလာတာဟာ ဆင်းရဲမွဲတွေမှုတွေ လျော့နည်းသွားတယ်လို့တော့ မဆိုလိုပါဘူး။ ခိုင်မာမှုမရှိတော့တဲ့ သက်သာချောင်ချိရေးကွန်ရက်တွေဟာ နောက်တစ်ဖန် ဆင်းရဲမှုနှုန်းမြင့်တက်မှုဆီကို ဦးတည်လာတာလည်း ဖြစ်နိုင်ပါတယ်။
အမေရိကန် သန်း ၄၀ ဟာ ဆင်းရဲမွဲတွေမှုတွေနဲ့ နေနေရပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ ကလေးဆင်းရဲမှုနှုန်း အမြင့်ဆုံးဖြစ်တယ်လို့ ကုလသမဂ္ဂ စစ်တမ်းကောက်ယူသူတွေက ဆိုပါတယ်။ ထို့အတူ တစ်နေ့အမေရိကန်ဒေါ်လာ နှစ်ဒေါ်လာထက်နည်းပြီးရတဲ့ အလွန်အမင်း ဆင်းရဲတဲ့လူတွေလည်းရှိပါတယ်။
နောက်အဆက်ဆက်တက်လာတဲ့ အမေရိကန်သမ္မတလက်ထက်မှာ အထူးသဖြင့် အမေရိကန်နိုင်ငံရဲ့ ၄၅ ယောက်မြောက် သမ္မတဒေါ်နယ်ထရမ့်ရဲ့ လက်ထက်မှာ အမေရိကန်နိုင်ငံဟာ အတက်အကျတွေ လျင်လျင်မြန်မြန် ဖြစ်ပေါ်လို့လာခဲ့တယ်လို့ပဲ ပြောရမလား မသိတော့ပါဘူး။ အခုဆိုရင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တာဝန်ယူလာတဲ့ လက်ထက်မှာ အမေရိကန်နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒတွေဟာ နိုင်ငံတကာအသိုင်းအဝိုင်းကို အံ့အားသင့်စေခဲ့ပါတယ်။ ထို့အတူပဲ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်တွေကို အဆက်မပြတ် ခြိမ်းခြောက်နေပြီး ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေတောင် ဖြစ်စေခဲ့ပါတယ်။
အရှိန်ကောင်းကောင်းနဲ့ပေါ်ပေါက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ချမှတ်ထားတဲ့ အမေရိကန်သည်သာ ပထမဆိုတဲ့မူဝါဒဟာ တဖြည်းဖြည်း အရှိန်မြင့်တက်လာပြီး ရုပ်လုံးပေါ်လာပြီမို့ အဲဒီမူဝါဒကြောင့် အမေရိကန်အစိုးရရဲ့ ဆောင်ရွက်မှုတွေဟာ မတည်ငြိမ်မှုတွေ၊ မသေချာမှုတွေနဲ့ ရင်ဆိုင်လာရပါတော့တယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ လွတ်လပ်တဲ့ကုန်သွယ်ရေး သဘောတူညီချက်ဖြစ်တဲ့ ပစိဖိတ်ဖြတ်ကျော်ကုန်သွယ်မှု သဘောတူညီချက်မှ အမေရိကန်ပြည်ထောင်စုကို ဆွဲထုတ်ခဲ့ပါတယ်။ ပြီးတော့လည်း ပါရီရာသီဥတုပြောင်းလဲရေးဆိုင်ရာ သဘောတူညီချက်မှလည်း နောက်ပြန်ဆုတ်ခဲ့ပါတယ်။ ထို့အတူ အီရန်နှင့် အနောက်နိုင်ငံတွေအကြား သဘောတူခဲ့တဲ့ အီရန်ရဲ့ နျူကလီးယားအစီအစဉ် အပေါ်ပြောင်းလဲလိုက်တဲ့မူဝါဒ၊ ကိုရီးယားကျွန်းဆွယ် လုံးဝနျူကလီးယားကင်းစင်ရေးအတွက် မြောက်ကိုရီးယားနိုင်ငံအပေါ် ကျင့်သုံးနေတဲ့ မူဝါဒ၊ တရုတ်နိုင်ငံရဲ့ ကုန်သွယ်ရေးကဏ္ဍ အခင်းအကျင်း စတဲ့အကြောင်းအရာတွေမှာ ပြောင်းလဲမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ အခုတစ်ခါ အီရန်ရဲ့အရေးလည်း ပါလာပြန်ပါပြီ။
ဒါ့အပြင် အမေရိကန်နိုင်ငံရဲ့ လူဝင်မှု ကန့်သတ်တာတွေ၊ အမေရိကန်-ကျူဘား ဆက်ဆံရေးကို ပြောင်းလဲတာတွေ၊ ဂျေရုဆလင်ကို အစ္စရေးနိုင်ငံအဖြစ်လက်ခံကြောင်း ကြေညာတာတွေ၊ ပါကစ္စတန်နိုင်ငံရဲ့ အကြမ်းဖက်နှိမ်နင်းရေးအပေါ် စကားလုံးတွေနဲ့ တိုက်ခိုက်မှုတွေအပါအဝင် အီရန်နိုင်ငံရေးအသိုင်းအဝိုင်းကို ဝင်ရောက်စွက်ဖက်တဲ့၊ တင်းမာတဲ့ အပြောအဆိုကတစ်ဆင့် ပါကစ္စတန်နိုင်ငံအပေါ် ငွေကြေးထောက်ပံ့မှု ရပ်ဆိုင်းတာတွေ စတာတွေကို လုပ်ကိုင်ဆောင်ရွက်လာတာကို ကြည့်မယ်ဆိုရင် အမေရိကန်နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒဟာ အရှိန်ကောင်းကောင်းနဲ့ ဆက်လက်ပေါ် ပေါက်လာတယ်ဆိုတာကို ငြင်းလို့မရပါဘူး။
ပိုမိုအလေးပေး
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဆောင်ရွက်မှုတွေဟာ အပြုသဘောထက် အနုတ်သဘော ဆောင်နေသလား ဆိုတာတော့ နိုင်ငံရေးကျွမ်းကျင်သူတွေရဲ့ အလုပ်ပဲဖြစ်ပါတယ်။ ဒါပေမယ့် ကြိမ်းသေတာတစ်ခုကတော့ ကမ္ဘာ့အသိုင်းအဝိုင်းက ကျောခိုင်းလာတဲ့အချက်ကတော့ ငြင်းမရပါဘူး။ ဒါတင်မကပါဘူး။ ပစိဖိတ်သမုဒ္ဒရာဖြတ်ကျော် မိတ်ဖက်ဆက်ဆံရေး သဘောတူညီချက်မှ နုတ်ထွက်မှု၊ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ပါရီသဘောတူညီချက်မှ နုတ်ထွက်မှု၊ ကုလသမဂ္ဂယူနက်စကိုအဖွဲ့မှ နုတ်ထွက်မှု၊ ကမ္ဘာလုံးဆိုင်ရာ လူဝင်မှုကြီးကြပ်ရေး သဘောတူညီချက်မှ နုတ်ထွက်မှု စတဲ့အချက်တွေကိုကြည့်ရင် အမေရိကန်နိုင်ငံဟာ သူ့နိုင်ငံရဲ့ အကျိုးစီးပွားကို ကာကွယ်လိုတဲ့အပြင် သီးခြားနေထိုင်လိုတဲ့ သဘောကို တွေ့ရမှာဖြစ်ပါတယ်။ အဲဒီလိုအခြေအနေတွေက ကာလရှည်ကြာ မဟာမိတ်ဖြစ်ခဲ့တဲ့ နိုင်ငံတွေကို ဆောက်တည်ရာမရဖြစ်စေခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်းကလည်း အမေရိကန်နိုင်ငံအပေါ် သူ့ရဲ့ ဦးဆောင်နိုင်မှုနဲ့ပတ်သက်ပြီး ပြန်လည်မေးခွန်းထုတ်စရာတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒါပေမယ့်လည်း အီရန်အရေးမှာတော့ အမေရိကန်ဟာ သူ့ရဲ့မဟာမိတ်တွေကို ကာကွယ်သွားမယ်လို့တော့ ဆိုခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်ရဲ့ သမ္မတရွေးကောက်ပွဲ ကြွေးကြော်သံအတိုင်း နိုင်ငံတစ်နိုင်ငံအနေနဲ့ ပုံမှန်လမ်းရိုးကခွဲထွက်ပြီး တစ်မူထူးခြားတဲ့ ဆောင်ရွက်ချက်တွေကို ဆောင်ရွက်နိုင်ခဲ့တဲ့ အနေအထားကို တွေ့ မြင်ရပေမယ့် ဒါဟာနိုင်ငံတကာနဲ့ ဆက်ဆံရေးမှာ ထီးထီးကြီးဖြစ်စေပါတယ်။ ခေတ်အဆက်ဆက် အမေရိကန်အစိုးရတွေနဲ့ ဒေါ်နယ်ထရမ့်ရဲ့ ကွာခြားချက်က ဒေါ်နယ်ထရမ့်ဟာ နိုင်ငံတကာ စည်းကမ်းတွေကို သတ်မှတ်ထိန်းသိမ်းတဲ့နေရာမှာ ချိန်ညှိမှုအားနည်းပြီး အများအကျိုးဖြစ်ထွန်းစေမယ့် ကိစ္စရပ်တွေမျှဝေတာနဲ့ ဒေသတွင်းမူဝါဒလမ်းစဉ်တွေအပေါ် ဗဟုဝါဒနဲ့ မချဉ်းကပ်နိုင်တာ စတဲ့ကျင့်သုံးနေကျ နိုင်ငံခြားရေးရာဆောင် ရွက်ချက်တွေကိုဆောင်ရွက်ပြီး အမေရိကန်သည်သာ ပထမဟူသည့်မူဝါဒကို နိုင်ငံတကာ မူဘောင်တွေထက် ပိုမိုအလေးပေးထားတာကို တွေ့ရမှာဖြစ်ပါတယ်။
အမေရိကန် တစ်နိုင်ငံတည်းကိုသာကြည့်ပြီး ဦးတည်ဆောင်ရွက်တဲ့ နိုင်ငံခြားရေးမူဝါဒဟာ နိုင်ငံခြားရေးဆိုင်ရာ မဟာဗျူဟာဖြစ်ဖို့ဆိုတာ လွန်စွာမှ ခက်ခဲ့တဲ့အနေအထားမှာ ရှိပါတယ်။ အမေရိကန်နိုင်ငံဟာ သူ့တစ်နိုင်ငံတည်း လမ်းကြောင်းပေါ်လျှောက်လှမ်းတာကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ တဖြည်းဖြည်း ဝေးကွာလာမလားဆိုတာ ဘယ်သူမှ အတပ်မပြောနိုင်ပါဘူး။
ထွန်းသစ်စ
ကိုးကား- သည်ဝါရှင်တန်ပို့စ်