၁၈ ဇွန်
၂၀၁၉ ခုနှစ် ဇွန်လ ၉ ရက်နေ့ထုတ် The Voice သတင်းစာ အယ်ဒီတာ့အာဘော် “တက္ကသိုလ်မတက်မီ တွေးစေချင် သည်” ၌ “တက္ကသိုလ်ဝင်တန်းအောင်ပြီး တက္ကသိုလ်/ ကောလိပ်တစ်ခုခု တက်ရောက်တဲ့အခါ တက္ကသိုလ်၌ ကျောင်းသား ကျောင်းသူ ဖြစ်လာတော့မည်ဖြစ်သလို တိုင်းပြည်ရဲ့ ပညာတတ်လောင်းလျာတွေ၊ အနာဂတ် ကာလ မှာ တိုင်းပြည်ကို ဦးဆောင်ကြရမည့်ပုဂ္ဂိုလ်တွေဆိုရင်လည်း မမှားဘူးပေါ့” ဟု ရေးသားထားပါသည်။
မြန်မာရုပ်ရှင်အချို့တွင် တက္ကသိုလ်ကျောင်းသား လူငယ်များကို ပုံဖော်ပြသပုံနှင့် ပတ်သက်၍လည်း တချို့မြန်မာရုပ်ရှင်၊ ဗီဒီယိုဇာတ်လမ်းတွေမှာ အချိန်ရှိသရွေ့ စားသောက်ဆိုင်မှာထိုင်၊ အပျော်အပြက်တွေပြော၊ သမီးရည်းစားရရှိဖို့အတွက် ဆောင်ရွက်နေသူတွေလောက်သာ ပုံဖော်ထားတာပါပြီး မိမိလူ့အဖွဲ့အစည်းနှင့် ပတ်ဝန်းကျင်အကျိုးအတွက် တစ်စုံတစ်ခု လုပ်ပေးဖို့တာဝန်ရှိတယ်ဆိုတဲ့ ပုံစံဖြစ်အောင် အသိပညာပေးနိုင်တာမျိုးလည်း မရှိသလောက် ဖြစ်နေတယ်ဟု မှတ်ချက်ပြုထားပါသည်။ ပြည်ပကရုပ်ရှင်တွေကိုကြည့်လျှင် တက္ကသိုလ်ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူတွေ ဆိုတာ ပညာရပ်ကို ရူးသွပ်နေတဲ့ပုဂ္ဂိုလ်ကြီးတွေအဖြစ် တကယ့်ဘာသာရပ်ဆိုင်ရာ မဟာ၊ ပါရဂူဘွဲ့တွေရတဲ့ ပညာရှင်ကြီးများအဖြစ် ပုံဖော်ရိုက်ကူးနေတယ်ဆိုတာကိုလည်း သတိပြုမိကြမှာပါဟူ၍ သုံးသပ်ထားပါသည်။
တစ်ဖန် ဇွန်လ၁၃ ရက်နေ့ထုတ် The Voice သတင်းစာ စာမျက်နှာ ၁၁ ပညာရေးကဏ္ဍတွင် တက္ကသိုလ်ရွေးချယ်ခြင်းနှင့် အထူးပြုဘာသာ ရွေးချယ်လျှောက်ထားခြင်းနှင့် ပတ်သက်၍ တက္ကသိုလ်ဆရာများက “ဆေးကျောင်းတက်မှ ဘဝအာမခံချက်ရှိကြလား”၊ “ကိုယ့်အမှတ်နှင့်မီမယ့် တက္ကသိုလ်တွေ၊ ဘာသာရပ်တွေကို မေးမြန်းစုံစမ်းပြီး ကိုယ်ဝါသနာပါတဲ့ ဘာသာရပ်ကိုပဲ ရွေးချယ်လျှောက်ထားသင့် ပါတယ်” စသဖြင့် အကြံပြု ဆွေးနွေးထားသည်ကို ဖတ်ရပါ သည်။
လူငယ်၊ ပညာရေးနှင့် အနာဂတ်
မှန်ပါသည်။ ဆေးတက္ကသိုလ်တက်ရမှ၊ အထူးကုဆရာဝန်ကြီးဖြစ်မှ ဘဝပြီးပြည့်စုံတာဟု ကျောင်းသား ကျောင်းသူ အများစု အထင်မှားနေလျှင် IQ မြင့်သော ကလေးများနှင့် အလွန်ထူးချွန်နေသော ကလေးများအနေဖြင့် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘာသာရပ်ပေါင်းစုံ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်တော့မည် မဟုတ်ပါ။ တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ရေးစနစ်ကလည်း အမှတ်အများဆုံးသော ကျောင်းသား ကျောင်းသူများသည် ဆေးတက္ကသိုလ်၊ ရန်ကုန်စက်မှုတက္ကသိုလ်တို့တွင် စုပြုံတိုးနေသော စနစ်ဖြစ်နေပါသေးသည်။ သတင်းစာ၊ ဂျာနယ် အင်တာဗျူးများတွင်လည်း အမှတ်အများဆုံး၊ ဘာသာစုံ ဂုဏ်ထူးရကလေးများက ဆရာဝန်ကြီးဖြစ်အောင် လုပ်မည်၊ အင်ဂျင်နီယာ ကြီးဖြစ်အောင်လုပ်မည် စသည်ဖြင့် ဖြေကြားနေကြတာကို တွေ့မြင်နေရပါသေးသည်။ ဝိဇ္ဇာဘာသာတွဲ အမှတ်အများဆုံးရ ကျောင်းသူလေးတစ်ဦးကမူ (ရန်ကုန်မြို့ပေါ်က မဟုတ်ပါ) ကျောင်းဆရာမကြီး ဖြစ်ချင်ပါသည်ဟု ဖြေသွားတာ ဖတ်လိုက်ရပါသည်။
ဗြိတိသျှကောင်စီနှင့် VSO အဖွဲ့တို့ ပူးတွဲကျင်းပသည့် လူငယ်နှင့်အနာဂတ် စကားဝိုင်းဆွေးနွေးပွဲတွင် အနုပညာရှင် လူငယ်လေးတစ်ဦးက ငယ်ငယ်က သီချင်းဆိုတာကို အဓိကထား လေ့လာဖို့၊ အထူးပြုသင်ကြားဖို့ စိတ်ကူးခဲ့သော်လည်း တက္ကသိုလ်မှာ သီချင်းနှင့် ပတ်သက်သော အနုပညာအဓိကဘာသာကို လေ့လာခွင့်မရခဲ့ပါဟူ၍လည်းကောင်း၊ နောက်တစ်ဦးက မြို့တော်စည်ပင်သာယာလုပ်ငန်းများကို ဝါသနာပါခဲ့သော်လည်း တက္ကသိုလ်မှာ အသေးစိတ် မလေ့လာခဲ့ရကြောင်း ဆွေးနွေးသွားပါသည်။
အချို့တက္ကသိုလ်များဆိုလျှင် ကျောင်းဝင်ခွင့် နာမည်စာရင်းပါသော်လည်း ကျောင်းသား ကျောင်းသူက ရောက်မလာ တာတွေ၊ ရောက်ပြီးမှ လက်တွေ့ဝါသနာမပါတော့၍ ကျောင်းပြောင်းသွားတာတွေရှိတတ်ရာ ထိုနေရာလွတ်များတွင် အမှတ်နည်းသော်လည်း ဝါသနာပါ၍ လျှောက်ချင်သောသူများကို အချိန်မီ မဖြည့်ဆည်းနိုင်၍ သင်ကြားပေးနိုင်သော ကျောင်းသား ကျောင်းသူဦးရေ အပြည့်အဝမရသည့် ပြဿနာတွေကိုလည်း ကြားရပါသည်။
နိုင်ငံအများစုတွင်မူ တက္ကသိုလ်ဝင်စာမေးပွဲဆိုတာထက် အခြေခံပညာပြီးမြောက်ကြောင်းထောက်ခံစာ (High School Leaving Certificate) ရရှိပြီး တက္ကသိုလ်အလိုက်ဝင်ခွင့်စာမေးပွဲ (University Admission Test)များဖြင့် တက္ကသိုလ်အလိုက် ရွေးချယ်ကြသည်။ ကျွန်တော်တို့နိုင်ငံ အနေဖြင့်လည်း ကျောင်းသား ကျောင်းသူများသည် သင်ကြားကြမည့် ပညာရေးအတွက် မိဘများနှင့်အတူ တတ်ကျွမ်းနားလည်သူများနှင့် တိုင်ပင်၍ မိမိဝါသနာပါရာကို ရွေးချယ်သင့်သည်။ ကျွန်တော် မဟာသိပ္ပံတက်ခဲ့ရသော ဩစတြေးလျနိုင်ငံမှ ကွင်းစလန်တက္ကသိုလ်သည် ဘာသာရပ်စုံသင်ကြားပေးသော တက္ကသိုလ် (Comprehensive University) ဖြစ်ပြီး ဥပမာ - ရူပဗေဒ ဘာသာရပ် ဘွဲ့ ကြိုသင်တန်း ပထမနှစ်ဝင်ခွင့်တွင် ဆယ်ဦးသာခေါ်ယူရာ အပြိုင်အဆိုင်ကြိုးစားပြီးနောက် ဝါသနာပါသော အတော်ဆုံး ကျောင်းသား ကျောင်းသူများသာ ဝင်ခွင့်ရရှိ သင်ကြားကြပြီး နောက်ဆုံးနိုဘယ်ဆုရသည်အထိ ကြိုးစားကြမည်ဆိုသည်ကို သူတို့နှင့် တွေ့ဆုံဆွေးနွေးဖူးပါသည်။
လိုအပ်နေသော သုတေသန
တက္ကသိုလ်ဆိုသည်မှာ ပညာသင်ကြားရုံသာမကဘဲ နိုင်ငံတော်စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်လျက်ရှိသော သုတေသန (Research)များပါ ပူးတွဲပြုလုပ်ရန် လိုအပ်ပါလိမ့်မည်။ တက္ကသိုလ်တွင် ဘွဲ့ကြိုသင်တန်းများသာမက မဟာဘွဲ့၊ ပါရဂူဘွဲ့များမှာပါ သုတေသနပြုလုပ်ကြရမည်ဖြစ်ရာ ဥပမာ- နိုင်ငံတော် လျှပ်စစ်မီးအပါအဝင် စွမ်းအင်ကဏ္ဍ၊ ကျေးလက်ဒေသ နေရောင်ခြည်စွမ်းအင်ရရှိမှု (Solar Energy) ကို အကျိုးရှိအောင်သုံးစွဲမှု စသည်တို့နှင့် ပတ်သက်၍ စနစ်တကျဘာသာရပ်ထောင့်စုံ (အင်ဂျင်နီယာ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ စိုက်ပျိုးရေး၊ သစ်တော၊ ပတ်ဝန်းကျင်သိပ္ပံ စသည်ဖြင့်) ပူးပေါင်းသုတေသန (Inte-grated Research) လုပ်ဆောင်ပါက မိမိလည်းဘွဲ့ရ၊ နိုင်ငံတော်လည်း အကျိုးရှိ၊ “သားရွှေအိုးထမ်းလာသည်ကို မြင်ရသလို” တစ်ချက်ခုတ် ၃-၄ ချက်ပြတ် ဖြစ်လာပါမည်။
နိုင်ငံတော်ဖွံ့ ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရေးတွင် ဘွဲ့ရရှိမှုနှင့် အလုပ်အကိုင်ရရှိမှု တစ်ထပ်တည်းကျရေးကိုလည်း သုတေသနပြုရပါလိမ့်မည်။
နိဂုံးချုပ်အနေဖြင့် တက္ကသိုလ်ဝင်ခွင့်ရွေးချယ်မည့် ကျောင်းသား ကျောင်းသူများသည် မိမိဝါသနာပါရာ ဘာသာရပ်ကို ရွေးချယ်ပြီး ဝါသနာပါရာ ဘာသာရပ်အလိုက် သုတေသနပြုလေ့လာ၍ နိုင်ငံတော်၏ အနာဂတ်ခေါင်းဆောင်ကောင်းများ ဖြစ်နိုင်ကြပါစေဟု ဆန္ဒပြုလိုက်ရပါသည်။ ။
ဒေါက်တာမျိုးကြွယ် (NEPC)