နေပြည်တော် ၁၉ ဇွန်
မြန်မာနိုင်ငံတွင် ဆယ်ကျော်သက် ကျောင်းသားလူငယ်များအတွင်း ကိုယ်လက်လှုပ်ရှားမှု လျော့နည်းလာကာ ဗီဒီယိုကြည့်ခြင်း၊ ဂိမ်းကစားခြင်းတို့အတွက် အချိန်ပိုပေးလာကြသည်။ ဆေးလိပ်သောက်သူ သုံးဆကျော်များပြားလာပြီး ကွမ်းနှင့် ဆေးရွက်ကြီးသုံးသူ နှစ်ဆခွဲခန့်အထိ မြင့်တက်လာသည်။ အရက်သောက်သူကလည်း သုံးဆအထိ မြင့်တက်လာကာ ယင်းအနက်မှ တစ်ဝက်ခန့်က အသက် ၁၄ နှစ်မတိုင်မီမှာပင် အရက်ကို စတင်သောက်ခဲ့ကြသူများ ဖြစ်သည်။ ဆိုခဲ့ပါ အချက်အလက်များသည် ၂၀ဝ၇ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်တို့တွင် ပြုလုပ်ခဲ့သော ကျောင်းကျန်းမာရေးဆိုင်ရာ စစ်တမ်းနှစ်ခုကို နှိုင်းယှဉ်ထားခြင်းဖြစ်သည့်အတွက် ၁၀ နှစ်တာကာလအတွင်း တိုးပွားလာသည့် အရေအတွက်များဖြစ်သည်။ အဆိုပါ စစ်တမ်းနှစ်ခု၏ နှိုင်းယှဉ်ချက်သည်ပင် လွန်ခဲ့သော သုံးနှစ်တာကာလက ဖြစ်ရာ လက်ရှိအခြေအနေတွင် သည့်ထက်မက ရှိနေနိုင်သည်ဟုပင် ခန့်မှန်းရတော့မည်။
နိုင်ငံ၏အနာဂတ်အတွက် လူ့စွမ်းအား အရင်းအမြစ်ကောင်းများ ပြုစုပျိုးထောင်နိုင်ရန်မှာ ကျောင်းသားလူငယ်များ ကျန်းမာရွှင်လန်းစွာ၊ ဘေးကင်းလုံခြုံစွာ ပညာသင်ကြားနိုင်မည့် ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင်ကောင်းများ ရှိနေရမည်ဖြစ်သည့်အလျောက် ပညာရေးဝန်ကြီးဌာန နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့က ဦးဆောင်ပြီး “ကျန်းမာ ရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး အမျိုးသား အဆင့် နှီးနှောဖလှယ်ပွဲ” ကို ဇွန် ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် နေပြည်တော်၌ ကျင်းပခဲ့သည်။ အဆိုပါ နှီးနှောဖလှယ်ပွဲ၌ အခြေခံကျောင်းများနှင့် တက္ကသိုလ်များတွင် မူးယစ်ဆေးဝါး၊ ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် ကွမ်းယာတို့ သုံးစွဲမှုကင်းစင်ပပျောက်ရေး၊ အရက်သောက်ခြင်းနှင့် နောက်ဆက်တွဲအန္တရာယ်များ လျှော့ချရေး၊ ကျန်းမာရေးနှင့် ညီညွတ်သည့် လူနေမှုဘဝပုံစံများ လိုက်နာကျင့်သုံးရေး၊ ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရမှုတို့ လျှော့ချရေး၊ မျိုးဆက်ပွားကျန်းမာရေး ဆိုင်ရာ အသိပညာဗဟုသုတများ ထည့်သွင်းသင်ကြားပေးရေးနှင့် ဂိမ်းအလွန်အကျွံစွဲလမ်းမှု ပပျောက်ရေးတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ နှီးနှောဖလှယ်ပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် တရားဥပဒေစိုးမိုးရေးကို အလေးထားရန်လိုကြောင်း၊ ဥပမာ- ဆေးလိပ်၊ ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးဥပဒေကို ပြဋ္ဌာန်းထားသော်လည်း အရေးယူခြင်း အားနည်းနေကြောင်း၊ ကျောင်းသား ကျောင်းသူများသည် နည်းပညာအသစ်အဆန်းများကို အားသန်သည့်အတွက် သင်ကြားပို့ချရာတွင် ထိရောက်သည့် နည်းလမ်းများကို ပြင်ဆင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကာယပညာအချိန်များတွင် ကျောင်းသား ကျောင်းသူအားလုံး တကြွ်ကစွာ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်း၊ ကျောင်းတွင်း အားကစားပြိုင်ပွဲများ ပြုလုပ်ခြင်းဖြင့် ကိုယ်ကာယ ကြံ့ခိုင်လာနိုင်သည့်အပြင် ဂိမ်းအလွန်အကျွံ စွဲလမ်းမှုများ လျော့နည်းသွားနိုင်ပြီး အချင်းချင်း ချစ်ခင်ရင်းနှီးမှု၊ အသင်းအဖွဲ့အလိုက် ပူးပေါင်းဆောင်ရွက်နိုင်မှုနှင့် ကူညီရိုင်းပင်းစိတ်များ တိုးတက်လာမည်ဖြစ်ကြောင်း၊ ကျောင်းကျန်းမာရေး လုပ်ငန်းများတွင် ကျောင်းသားလူငယ်များ၊ ဆရာ ဆရာမများ၊ မိဘများအားလုံးက မိမိတို့၏ ကျန်းမာရေးအဆင့်အတန်း တိုးမြင့်စေရန် မိမိတို့ကိုယ်တိုင် ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း စသည့်အချက်များကို ထည့်သွင်းမှာကြားခဲ့ရာ မျက်မှောက်ကာလ၏ ပကတိအခြေအနေများပင်ဖြစ်ပြီး မဖြစ်မနေ လိုက်နာ ဆောင်ရွက်ကြရမည်လည်း ဖြစ်သည်။
ကျောင်းသူ ကျောင်းသား လူငယ်များသည် နိုင်ငံတွင်ကြီးမားသည့် အင်အားတစ်ရပ်ဖြစ်သကဲ့သို့ နိုင်ငံ၏ အနာဂတ်အင်အားများလည်း ဖြစ်သည်။ နိုင်ငံ့အနာဂတ် အင်အားများကို ကျန်းမာကြံ့ခိုင်၍ ပညာအရည်အချင်းနှင့် ပြည့်ဝသော တန်ဖိုးမြင့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်လာအောင် ဝိုင်းဝန်းပြုစု ပျိုးထောင်သွားကြရမည် ဖြစ်သည့်အလျောက် ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် အောင်မြင်နိုင်ပါစေကြောင်း။
မြန်မာ့အလင်း