နေပြည်တော် ၂၀ ဇွန်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနသည် သဘာဝဘေးအန္တရာယ် ကြိုတင်သတိပေး ဒါန်မိုဘိုင်း အက်ပလီကေးရှင်း (Disaster Alert Notification- DAN Application) အား ၂၀၁၆ ခုနှစ်မှ စတင်ကာ ပုံစံထုတ် ရေးဆွဲခဲ့ပြီး UNDP နှင့် ECHO အဖွဲ့အစည်းများ၏ ရန်ပုံငွေပံ့ပိုးမှုဖြင့် ပိုမိုကောင်းမွန်အောင် အဆင့်မြှင့်တင်မှုများကို ဆောင်ရွက်ခဲ့ပြီး ယင်းသို့ အဆင့်မြှင့်တင်ရေး ဆွဲထားသည့် DAN Application အား ပြည်သူများထံသို့ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပေးနိုင်ရေးအတွက် ဝန်ကြီးဌာနမှ ဝန်ထမ်းများအား အသိပညာပေးခြင်းနှင့် ဖြန့်ချိခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် Hilton Hotel ၌ ကျင်းပသည်။
အခမ်အနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ကမ္ဘာတစ်ဝန်းတွင် ရာသီဥတု ပြောင်းလဲမှုများဖြစ်ပွားလျက်ရှိရာ ယင်းသို့ ပြောင်းလဲနေသော ရာသီဥတု အကြောင်းကို စီမံခန့်ခွဲသူများသာမက ပြည်သူများကပါ သိမြင်သဘောပေါက်ရန် အရေးကြီးပါကြောင်း၊ ယင်းသို့ ရာသီဥတုဆိုင်ရာ အကြောင်းအရာများနှင့် သတိပေးချက်များကို ပြည်သူများထံသို့ အချိန်မီ ပေးပို့နိုင်ပါက ၎င်းတို့အနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုတွင် ကြိုတင်ပြင် ဆင်ခြင်းနှင့် ကြိုတင်ကာကွယ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ရာ၌ လူ့အသက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် ဦးစားပေးဆောင်ရွက်ရပါကြောင်း၊ ပြည်သူများတွင် ဘေးအန္တရာယ်ဆိုင်ရာ အသိပညာ၊ ဗဟုသုတများရှိခြင်းအားဖြင့် ဘေးဖြစ်ချိန်တွင် ထိခိုက်ဆုံးရှုံးမှုများကို လျှော့ချပေးနိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရှိ အိမ်ထောင်စု ၈၇ ရာခိုင်နှုန်းခန့်သည် မိုဘိုင်းဖုန်းကိုင်ဆောင်နိုင်ကြပြီး လူဦးရေသန်း(၄၀)နီးပါးသည် အင်တာနက် အသုံးပြုနိုင်သည်ကို တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ရာ အသိပညာပေး လုပ်ငန်းများကို မိုဘိုင်းဖုန်းမှတစ်ဆင့် ပေးပို့ခြင်းသည် ထိရောက်မှုရှိသည်ကို တွေ့ရပါကြောင်း၊ ယခုထပ်မံ အဆင့်မြှင့်တင်ထားသော DAN Applicationတွင် ပြည်သူလူထုပါ သတင်းပေးပို့နိုင်မည့် သတင်းပေး၊ သတင်းယူစနစ်ပါ ထည့်သွင်းထားပါကြောင်း၊ ထို့အတူ Application ကို အသုံးပြုသည့် ပြည်သူလူထု၏ Feedback များလည်းရရှိအောင် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် UNDP ၏ Deputy Resident Representative, Ms. Dawn Del Rio က UNDP အနေဖြင့် ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်မှုများနှင့် DAN Application အားအကျိုးရှိစွာ အသုံးပြုနိုင်သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူစကား ပြောကြားသည်။
ဆက်လက်၍ မိုဘိုင်းအပလီကေးရှင်း အသုံးပြုပုံမိတ်ဆက်ဗွီဒီယိုအား ပြသခဲ့သည်။
ယင်းနောက် ဒုတိယပိုင်းအခမ်းအနားအစီအစဉ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်သတိပေး DAN Application အသုံးပြုပုံနှင့် ပြည်သူများထံသို့ ဖြန့်ချိနိုင်ရန် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ဆွေးနွေးပြောကြားကြသည်။
ထို့နောက် တက်ရောက်လာသူများက DAN Application အသုံးပြုခြင်းနှင့် စပ်လျဉ်း၍ ဆန်းစစ်ချက် မေးခွန်းလွှာများကို ဖြေဆိုခြင်းနှင့် အဖွဲ့လိုက်ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
သဘာဝဘေးအန္တရာယ် ကြိုတင်သတိပေး DAN Application အကြောင်း ပြည်သူလူထုအသိပညာပေးခြင်းနှင့် ဖြန့်ချိခြင်းလုပ်ငန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လာမည့် ရက်သတ္တပတ်အတွင်းဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
DAN Application သည် မြန်မာနိုင်ငံတွင် ကြိုတင်ခန့်မှန်း၍ ရနိုင်သောသဘာဝဘေး အန္တရာယ်များနှင့် စပ်လျဉ်းပြီး ပြည်သူများကို သတိပေးချက်များအချိန်နှင့်တပြေးညီ ပေးပို့နိုင်ရန် လိုအပ်သော ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်နိုင်ကြစေရန် ရည်ရွယ်ထုတ်လုပ်ထားသော mobile application တစ်ခုဖြစ်ပြီး သဘာဝဘေးအန္တရာယ် ကျရောက်နိုင်သော အခြေအနေများတွင် ပြည်သူလူထုအနေဖြင့် ကြိုတင်ပြင်ဆင်ခြင်း၊ အရေးပေါ် တုံ့ပြန်ခြင်းတို့ကို လုပ်ဆောင်နိုင်ရန် လိုအပ်သောကြိုတင် သတိပေးချက်များ၊ ဘေးကင်းစေရေးအတွက် အကြုံပြုချက်များ၊ အရေးပေါ် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ၊ သဘာဝဘေး အန္တရာယ်နှင့် ပတ်သက်ပြီး အရေးပါသည့် အကြောင်းအရာမျိုးစုံတို့ကို တစ်နေရာထဲတွင် စုစည်းထည့်သွင်း ဖော်ပြပေးထားသည်။
ထို့အပြင် DAN Applicationကို မသန်စွမ်းသူများပါ အလွယ်တကူ အသုံးပြုနိုင်ရန် ရည်ရွယ်ပြီး ရေးဆွဲထားသည်။ DAN Application ကို မိမိတို့၏ လက်ကိုင်ဖုန်းထဲတွင် လွယ်လင့်တကူထည့်သွင်းနိုင်ရန် လုပ်ဆောင်ရမည့်အချက်များမှာ မိမိတို့၏ ဖုန်းအမျိုး အစား ပေါ်မူတည်ပြီး DAN Application ကို Play Store သို့မဟုတ် Apple Store မှတဆင့် Download ရယူရန်၊ DAN Application ကို အသုံးပြုနိုင်ရန်အတွက် မှတ်ပုံတင်ရန် လိုအပ်ပြီး မိမိအမည်နှင့် အလုပ်အကိုင်ကို မြန်မာဘာသာ သို့မဟုတ် အင်္ဂလိပ် ဘာသာဖြင့် ဖြည့်သွင်းရန်၊ မိမိနေထိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ကို ရွေးချယ်ပြီးခရိုင်၊ မြို့နယ်၊ ရပ်ကွက်အထိ အသေးစိတ် ရွေးချယ်ဖြည့်စွက်ရန်၊ မှတ်ပုံတင်ရာတွင် Internet ဖွင့်ထားရန်လိုအပ်ပါကြောင်း၊ DAN Applicationကို ရယူပြီးပါက Appication ထဲမှ သိရှိနိုင်သော အကြောင်းအရာများမှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပုံမှန်သတင်းနှင့် အရေးကြီးသတင်း ဟူ၍ (၂) မျိုးပါရှိပြီး မြန်မာနိုင်ငံနှင့် ပတ်သက်သောဘေး အန္တရာယ်ဆိုင်ရာ သတိပေး နိုးဆော်ချက်များကို အရေးကြီး သတင်းကဏ္ဍမှ သတိပေးချက်များ ပေးပို့သွားမည်ဖြစ်ပါသည်။ လိုအပ်ပါက ဆက်သွယ် ရမည့် အရေးပေါ် ဖုန်းနံပါတ်များ၊ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာ ပေးခြင်း၊ ဆောင်ရန်/ရှောင်ရန်များကို ဖော်ပြထားသော ရုပ်ပုံများ၊ အသံဖိုင်များနှင့် Video များ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ စာအုပ်စာတမ်းများ၊ အချိန်ပိုင်းအလိုက် မိုးလေဝသ အခြေအနေသတင်းများ၊ ဘေးအန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးမှု စာရင်းအင်း/ အချက်အလက်များ၊ ဘေးအန္တရာယ် ဖြစ်ပေါ်လာလျင် ပြည်သူများ ကိုယ်တိုင် သတင်းပေးပို့ ဆက်သွယ်နိုင်မည့် စနစ်များစသည့် အရေးကြီးသောအကြောင်း အရာများပါဝင်သည်။
(သတင်းစဉ်)