ဇီဝဇိုး အန်ဖတ်များကို တရုတ်၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ ဈေးကောင်းပေး၍ ဝယ်ယူနေ

mdn

တနင်္သာရီ ၂၅ နိုဝင်ဘာ

 

တနင်္သာရီတိုင်း မြို့နယ်များနှင့် ကျွန်းများပေါ်တွင် အသိုက်ဖွဲ့နေလေ့ရှိသည့် ဇီဝဇိုးအန်ဖတ်များကို တရုတ်၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ ဈေးကောင်းပေး၍ အများဆုံး ဝယ်ယူနေကြောင်း သိရသည်။

 

ထိုဒေသထွက် ဇီဝဇိုးငှက်အန်ဖတ်ကို ထိုင်း-မြန်မာ နယ်စပ် ရနောင်းမှတစ်ဆင့် ထိုင်းနိုင်ငံကို တင်ပို့ကြသည့်အပြင်   အချို့အန်ဖတ်များကို ရန်ကုန်မြိုမှ ထပ်မံသန့်စင်မှုများ၊ ထုပ်ပိုးမှုများပြုလုပ်ကာ တရုတ်နိုင်ငံနှင့်  မလေးရှားနိုင်ငံသို့ တင်ပို့ကြကြောင်း သိရသည်။

 

“ငှက်သိုက်က ဒီတိုင်းစုချင်သလို စုလို့မရဘူး။ အချိန် အခါအရပဲ စုဆောင်းရတာ ဖြစ်ပါတယ်။  တစ်နှစ်လုံးမှာ ငှက်သိုက် စုသိမ်းချိန်က သုံးလလောက်ပဲ ရှိတယ်။ လုပ်ငန်းလုပ်ကိုင်ခွင့်ကို နိုဝင်ဘာ နောက်ဆုံးပတ်အထိ သတ်မှတ်ထားပေမယ့် နောက်ဆုံး ငှက်သိုက်ခူးချိန်ကိုတော့ နိုဝင်ဘာ ပထမပတ်လို့ သတ်မှတ်ထားတယ်။ အရင်က ငှက်သိုက်တွေကို ပင်လယ်ပြင် တွေမှာရှိတဲ့ တောင်နံရံ တွေပေါ်မှာဘဲ တက်ပြီး ရှာရတယ်။ အခုတော့ ငှက်သိုက်က ဈေးလည်း ကောင်းလာတယ်။ အဲ့ဒီနောက်မှာ ငှက်တွေကို အိမ်မှာ မွေးတဲ့စနစ် ခေတ်စား လာတာပါ” ဟု မြိတ်မြို့ ကမ်းနားလမ်းရှိ ဇီဝဇိုးငှက် မွေးမြူထားသူ ဦးကိုလေးဝင်းက ပြောသည်။

 

ငှက်သိုက် ဈေးကွက်အတွင်းတွင် ပင်လယ်တောင် ငှက်သိုက်နှင့် မွေးငှက်သိုက်ဟူ၍ နှစ်မျိုးနှစ်စားရှိပြီး ဈေးနှုန်း ကွာခြားလျက်ရှိကြောင်း ငှက်သိုက် တင်သွင်းရောင်းချသော ကုန်သည်များထံမှ သိရသည်။

 

“ဒီမှာက ဇီဝဇိုးငှက်တွေ သူ့သဘာဝအတိုင်း လာရောက် အသိုက်ဖွဲ့ကြတော့ ငှက်ခေါ် အိမ်တွေလို ဘာမှ အထူးတလည် ဖန်တီးပေးစရာ မလိုပါဘူး။ တော်ရုံ သင့်ရုံ အစားက တစ်ပိသာ ၁၆ သိန်းလောက်ရှိပြီး ပထမ တန်းစားက သိန်း ၂၀ လောက် ပေးရပါတယ်။   အမွေးအမျှင် အနည်းအများ အပေါ်မူတည်ပြီး ခွဲခြားသတ်မှတ်ပါတယ်။ အမွေးအမျှင် နည်းရင် ပထမတန်းစား၊ အမွေး အမျှင်များရင် တော်ရုံသင့်ရုံ အစားပေါ့။ အမွေးအမျှင် များရင် သိပ်မသန့်တော့ ရောင်းပန်းလည်း မလှတော့ဘူးပေါ့’’ ဟု ငှက်သိုက်ကုန်သည် ဦးဟန်ဇော်ဝင်းနိုင်က ပြောကြားသည်။

 

မြိတ်၊ ကော့သောင်းနှင့် ဘုတ်ပြင်း တစ်ဝိုက်တွင် သဘာဝနှင့် လူတို့ဖန်တီး ခေါ်ဆောင်ထားသည့် ဇီဝဇိုးတို့ နေထိုင်ရာ ငှက်အိမ် ၁၃၀ ကျော်ရှိကြောင်း သိရသည်။  

 

ငှက်သိုက် အမျိုးအစားအလိုက် တစ်ပိဿာလျှင် အနိမ့်ဆုံး ကျပ် ၁၆ သိန်းမှ ၂၂ သိန်း အထိ ဈေးရရှိကြောင်း၊ ပြည်ပနိုင်ငံများမှ ဇီဝဇိုး အန်ဖတ်များကို အားတိုး ဆေးများ၊ တိုင်းရင်းဆေးများတွင် ထည့်သွင်း အသုံးပြုကြောင်း သိရသည်။

 

မြန်မာနိုင်ငံတွင် ငှက်သိုက်ရသော ကျွန်းများကို သစ်တော ဦးစီးဌာနမှ အုပ်ချုပ်၍ နှစ်စဉ် ငှက်သိုက်သိမ်းယူခွင့် လိုင်စင်ထုတ်ပေးပြီး ဥပဒေများကို လိုအပ်သလို ထုတ်ပြန်၍ ငှက်မျိုး စိတ်မပြုန်းစေရန် စောင့်ရှောက် ပေးထားကြောင်း သိရသည်။

 

မြန်မာနိုင်ငံတွင် ငှက်သိုက်များကို ထားဝယ်ကမ်းခြေ အနီးရှိ ကျွန်းများ၊ မြိတ်ကျွန်းစု၊ ပုသိမ်မြို့ အနောက်တောင်ဘက်ရှိ ကျွန်းများတွင် အသိုက်ဖွဲ့၍ နေလေ့ရှိကြောင်း သိရသည်။

 

ငှက်သိုက်များကို တစ်နှစ်လျှင် သုံးကြိမ်မှ လေးကြိမ်အထိ ခူးဆွတ်ရပြီး ငှက်အန်ဖတ်များကို အသိုက် မှခွာယူရာတွင် ဓားဦးချွန်များဖြင့် ထိုးခွာယူရသည်ဟု သိရပြီး နည်းပညာ အကူအညီတို့ဖြင့် လုပ်ကိုင်လာပါက ယခင်ထက် စီးပွားဖြစ်ထွန်း လာနိုင်ကြောင်း သိရသည်။

 

တနင်္သာရီတိုင်း အတွင်းရှိ ငှက်သိုက်ကျွန်းပေါင်း ၁၀ဝ ဝန်းကျင်အတွင်း ရှိကြောင်း၊ မြိတ်ကျွန်းစုရှိ ငှက်သိုက်များကို ပုလောမြို့နယ်ရှိ မလိကျွန်း၊ ကျွန်းစုမြို့နယ်ရှိ ရေအေးကျွန်းစု၊ ဘုတ်ပြင်းမြို့နယ်ရှိ ပုလုတ်ကျွန်းစု၊ ကော့သောင်း မြို့နယ်ရှိ ကဆိုင်းလှနှင့် ကော့ငန်း ကျွန်းစုတွင် ပို၍ နေထိုင်ကြကြောင်း သိရသည်။

 

MDN