၂၁ ဇွန်
၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၂၀ ရက်နေ့အထိ ရာသီတုပ်ကွေးရောဂါပိုး တွေ့ရှိခဲ့သူ ၁၆ ဦးအနက် ရန်ကုန်တိုင်းဒေသကြီးတွင် ငါးဦးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် တစ်ဦးသေဆုံးခဲ့ကြောင်း သတင်းများပျံ့နှံ့လာခဲ့ရာ ပြည်သူများအနေဖြင့် အဆိုပါရာသီတုပ်ကွေး ကူးစက်ရောဂါဘေးအတွက် ကြိုတင်ကာကွယ် သတိမူခြင်းဖြင့် စိုးရိမ်ပူပန်မှုမဖြစ်ဖို့ လိုပါသည်။
စိုးရိမ်ပူပန်ခြင်းမဖြစ်စေရန်အတွက်လည်း ပြည်သူများကြားတွင်ကျန်းမာရေးအသိ ကျယ်ကျယ်ပြန့်ပြန့် ရှိနေဖို့လည်း လိုအပ်ပါသည်။ ရောဂါဖြစ်ပွားလျှင်ဖြစ်ပွားချင်း စိုးရိမ်ပူပန်ခြင်းမဖြစ်ရအောင် ချက်ချင်းတုံ့ပြန် အသိပေးကြရမည်ဖြစ်သည်။ ယခုမိုးရာသီကာလသည် ရာသီတုပ်ကွေးရောဂါများ အဖြစ်များသည့် ကာလဖြစ်သည့်အပြင် သွေးလွန်တုပ်ကွေးရောဂါများလည်း အသက်အရွယ်မရွေး ဖြစ်ပွားလေ့ရှိပါသည်။
သေဆုံးသူများမှာ အသက်အရွယ်ကြီးရင့်သူများ၊ အသက်အရွယ်ငယ်သူများနှင့် ဆီးချို၊ သွေးတိုး၊ နှလုံးနှင့် အသက်ရှူလမ်းကြောင်းရောဂါ စသော နာတာရှည်ရောဂါအခံရှိခြင်း၊ ကိုယ်ခံအားနည်းခြင်းတို့ကြောင့် ထိုကူးစက်ရောဂါနှင့် ထိတွေ့ပြီး သေဆုံးရခြင်းဖြစ်သည်။ အဆိုပါ ကူးစက်ရောဂါမှာ မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်က ကူးစက်ဝင်ရောက်ခဲ့ဖူးပြီး ရောဂါကာကွယ်ရေး၊ ကုသရေး၊ ထိန်းချုပ်ရေးတို့ကို အချိန်တိုအတွင်း ဆောင်ရွက်နိုင်ခဲ့သည်။
ရာသီတုပ်ကွေးဖြစ်ပွားပါက ဖျားခြင်း၊ နှာရည်ယိုခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ အစားအသောက်ပျက်ခြင်းတို့ ဖြစ်နိုင်ပါသည်။ ရောဂါပြင်းထန်လျှင် အဖျားကြီးခြင်း၊ ချောင်းအလွန်ဆိုးခြင်း၊ အသက်ရှူခက်ခဲခြင်း၊ မောခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်းနှင့် သတိလစ်ခြင်းတို့ဖြစ်ပွားပြီး အသက်ဆုံးရှုံးနိုင်ပါသည်။ ရာသီတုပ်ကွေးရောဂါသည် လူတစ်ဦးမှတစ်ဦးသို့ ချောင်းဆိုးခြင်း၊ နှာချေခြင်းဖြင့်လည်းကောင်း၊ ရောဂါဖြစ်သူ၏ ချွဲ၊ သလိပ်၊ ခန္ဓာကိုယ်အရည်၊ အသုံးအဆောင်ပစ္စည်းများကို ထိတွေ့ကိုင်တွယ်ခြင်းဖြင့်လည်းကောင်း ကူးစက်နိုင်သည်။
ရာသီတုပ်ကွေးရောဂါသည် လူတစ်ဦးမှတစ်ဦးသို့ ဤသို့ကူးစက်နိုင်ပြီး မိုးတွင်းနှင့်ဆောင်းကာလများတွင် ကပ်အသွင်ပိုမိုဖြစ်ပွားနိုင်ပါသည်။ အဆိုပါရောဂါသည် သာမန်အားဖြင့် မပြင်းထန်သော်လည်း ကိုယ်ခံအားနည်းသော ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်အရွယ်ကြီးသူများ၊ နာတာရှည်ရောဂါရှိသူများတွင် ဖြစ်ပွားပါက ရောဂါပိုမိုပြင်းထန်ပြီး တုပ်ကွေးရောဂါ၏ ဘေးထွက်ဆိုးကျိုးများကြောင့်အသက်ဆုံးရှုံးနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။
ရာသီတုပ်ကွေးရောဂါဖြစ်ပွားခြင်းကို ကာကွယ်နိုင်ရန် တစ်ကိုယ်ရေသန့်ရှင်းရေးကို အထူးဂရုပြုဆောင်ရွက်ခြင်း၊ နှာချေ၊ ချောင်းဆိုးလျှင်လက်ကိုင်ပဝါဖြင့် ဖုံးအုပ်၍ပြုလုပ်ခြင်း၊ လက်ကို ဆပ်ပြာဖြင့်စင်ကြယ်စွာဆေးကြောခြင်း၊ ကောင်းစွာအိပ်စက်အနားယူခြင်း၊ အာဟာရပြည့်ဝသည့် အစားအစာများကို စားသုံးခြင်း၊ လေကောင်းလေသန့် ရရှိအောင်နေထိုင်ခြင်း၊ လူနေထူထပ်သောနေရာများသို့ သွားရောက်ခြင်းကိုရှောင်ကြဉ်ခြင်း၊ ရောဂါဖြစ်ပွားသူများကို သီးသန့်နေထိုင်စေခြင်း၊ ရောဂါရှိသူ၏ နေအိမ်နှင့်ဆေးရုံများသို့ မလိုအပ်ဘဲသွားရောက်ခြင်းမှရှောင်ကြဉ်ရန်လိုအပ်ပါသည်။
သို့ဖြစ်ရာ ရာသီတုပ်ကွေးရောဂါကို ကြိုတင်ကာကွယ်ထားနိုင်ပါသည်။ ရောဂါဖြစ်ပွားသူကိုယ်တိုင် ဆေးကုသမှုခံယူရန်နှင့် အခြားသူများသို့ ရောဂါကူးစက်မှုမရှိစေရေးအတွက် နီးစပ်ရာဆေးရုံ၊ ဆေးခန်းနှင့်ကျန်းမာရေးဌာနများတွင် ဆောလျင်စွာပြသ၍ စနစ်တကျဆေးကုသမှု ခံယူကြပါရန်နှင့် အဆိုပါရောဂါနှင့်ပတ်သက်၍ ပြည်သူများ စိုးရိမ်ကြောင့်ကြမှုလျော့နည်းစေရေးအတွက် ဖြစ်စဉ်အမှန်နှင့် ဖြစ်ပွားနေမှု၊ ကုသနေမှု၊ ထိန်းချုပ်နိုင်မှုတို့ကို စဉ်ဆက်မပြတ် အသိပေးနေရမည်ဖြစ်ပါကြောင်း။
ကြေးမုံ