၂၁  ဇွန်

ဇွန်လ ၁ ရက်နေ့ကတည်းက နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ်နေပြီဖြစ်သည်။ နွေရာသီကျောင်းပိတ်ရက်တွင် တိတ်ဆိတ်ငြိမ်သက်နေသော အခြေခံပညာကျောင်းများသည် ဆရာ၊ မိဘ၊ ကျောင်းသူ ကျောင်းသားများဖြင့် လှုပ်လှုပ်ရှားရှား အသက်ဝင်လျက်ရှိကြသည်။ စာသင်ကျောင်းများမှ လွင့်ပျံ့လာသော စာဖတ်သံများသည် ကြားရသူများကို စိတ်နှလုံးချမ်းမြေ့စေပါသည်။ မျိုးဆက်သစ်လူငယ်များ စာသင်ခန်းအတွင်းသို့ ရောက်ရှိနေခြင်းသည် တိုင်းပြည်အတွက် မင်္ဂလာတစ်ပါးပင်ဖြစ်သည်။ ထို့အပြင် စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ခြင်းသည်လည်း ထောင်တံခါးများ ပိတ်နိုင်ခြင်းပင်မဟုတ်ပါလား။ ထို့ကြောင့် ကျောင်းတက်နေသော ကလေးငယ်အားလုံး ကျန်းမာပျော်ရွှင်စွာ ပညာသင်သူနိုင်ရေးသည် များစွာပင်အရေးပါလျက်ရှိသည်။

အနောက်တောင်မုတ်သုံလေသည် မေလနောက်ဆုံး ပတ်ကတည်းက မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်လာခဲ့ပြီဖြစ်သည်။ ဇွန်လဆန်းတွင် နေ့ခင်းဘက်၌ လွန်စွာပူပြင်းသော် လည်း ညနေဘက်တွင် မိုးတိမ်တောင်များကြောင့် မိုးထစ်ချုန်း ရွာနေပြီဖြစ်သည်။ အထူးသဖြင့် ညဘက်တွင် ပုံမှန်လိုလို မိုးရွာသွန်းလာပြီဖြစ်သည်။ ထို့အပြင် ဘင်္ဂလားပင်လယ်အော် တွင် စတင်အခြေပြုသည့် မုန်တိုင်းများကြောင့်လည်း မြန်မာနိုင်ငံတစ်ဝန်းတွင် မိုးသည်းထန်စွာရွာသွန်းနေပြီဖြစ်သည်။ တချို့သောဒေသများတွင် နေရာကွက်၍ မိုးကြီးခဲ့သည်။ တချို့သော ကျေးလက်ဒေသများတွင် ကလေးငယ်များသည် မိုးထဲရေထဲတွင် အိမ်နှင့်အလှမ်းကွာဝေးသည့် ကျောင်းများသို့ ကျောင်းတက်သွားနေကြရသည်။ ထို့ကြောင့် ကလေးများသည် ခြေအေးဝမ်းရောင်ဖြစ်ခြင်း၊ နှာစေးချောင်းဆိုးခြင်း၊ ဖျားနာခြင်းတို့ ဖြစ်ပွားတတ်ပေသည်။

ကျောင်းသူ ကျောင်းသားများ၏ ကျန်းမာရေး

တချို့သောကျောင်းများ၌ နွေရာသီကျောင်းပိတ်ရက် ကာလတွင်ဖုန်မှုန့်များ၊ အမှိုက်များ၊ ပင့်ကူအိမ်များနှင့် ပြည့်နေ တတ်သည့် စာသင်ခန်းများကို ကျောင်းမဖွင့်မီ သန့်ရှင်းရေး ကြိုတင်ပြုလုပ်လေ့ရှိသော်လည်း တချို့သော ကျောင်းများ တွင်မူ ဖြစ်သလိုထားကြသည်။ ဖုန်အလိမ်းလိမ်းတက်နေသော စာသင်ခုံများကို သန့်ရှင်းရေးလုပ်မထားလျှင် ကလေးငယ်များသည် ဖုန်တလုံးလုံးဖြင့် စာသင်ကြရမည် ဖြစ်သည်။ ထို့အပြင် သစ်လွင်နေသော ကျောင်းဝတ်စုံများသည်လည်း မည်းညစ်သွားမည်ဖြစ်သည်။ အထူးသဖြင့် ကလေးများသည် ညစ်ပေနေသောလက်များဖြင့် ထမင်းဟင်းနှင့် မုန့်ပဲသရေစာများကို စားကြရမည်ဖြစ်သည်။

ထိုသို့မဖြစ်စေရန်အတွက် ကျောင်းအုပ်ချုပ်ရေး ကော်မတီများ၊ ကျောင်းသားမိဘများနှင့် ဆရာ ဆရာမများသည် ကြိုတင်ပြင်ဆင်ပေါင်းစပ်ဆောင်ရွက်မှုများ လိုအပ်မည်ဖြစ်သည်။ မေလ ၂၅ ရက်နေ့လောက်ကတည်းက အိမ်သာများ၊ မုန့်ဈေးတန်းများ အပါအဝင် ကျောင်းအတွင်း၊ အပြင် သန့်ရှင်းရေးဆောင်ရွက်ထားသင့်သည်။ အထူးသဖြင့် စာသင်ခန်းများ သန့်ရှင်းရေးကို အလေးထားဆောင်ရွက်ထားရန် လိုအပ်ပါသည်။ ကျောင်းဖွင့်သည့်နေ့တွင် အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသူ ကျောင်းသားများသည် တံမြက်စည်းလှည်း၊ အမှိုက်ကျုံး၊ ရေဖြည့် စသည့်တာဝန်များကို လုပ်ဆောင်ကောင်းလုပ်ဆောင်နိုင်ကြမည် ဖြစ်သော်လည်း မူလတန်းအရွယ်ကလေးများသည် ကျွမ်းကျွမ်းကျင်ကျင် လုပ်ဆောင်နိုင်မည် မဟုတ်ချေ။

တချို့သော ကျောင်းများတွင် အဝင်/အထွက်လမ်းများသည် ကလေးငယ်များအတွက် အန္တရာယ်ရှိလောက်အောင်ကိုပင် ပေါက်ပြဲပြီး ချိုင့်ခွက်ကြီးများဖြစ်နေတတ်သည်။ ယခုလို မိုးရာသီတွင် ဗွက်များနှင့် ဖုံးလွှမ်းနေတတ်ပါသည်။ ထိုအရာ များကိုလည်း ကြိုတင်ပြင်ဆင်ထားသင့်ပါသည်။ ထို့အပြင် ကျောင်းအားကစားကွင်းများတွင်လည်း မြက်ပင်များ၊ ချုံပုတ်များနှင့် ဖုံးလွှမ်းနေတတ်သဖြင့် ကလေးများအတွက် ကစားစရာနေရာပင် ပျောက်နေတတ်ပါသည်။ ထို့ကြောင့် ကျောင်းအုပ်တစ်ဦးတည်းဖြင့် မဖြေရှင်းနိုင်သောအရာများကို ကျောင်းသားမိဘများအပိုင်းကလည်း တစ်တပ်တစ်အားပါဝင် ကူညီဖြေရှင်းပေးသင့်ပါသည်။ ဆိုလိုသည်မှာ တတ်နိုင်သမျှ ငွေအား၊ လူအားလှူဒါန်းခြင်းဖြစ်ပါသည်။ ထိုလှူဒါန်းမှုများကိုလည်း ပွင့်လင်းမြင်သာစွာ လက်တွေ့ကျကျသုံးစွဲသွားဖို့ လိုပါသည်။

ကြိုတင်ပြင်ဆင်ထားသင့်သောကျောင်းတွင်း၊ ကျောင်းပြင်သန့်ရှင်းရေး

ထို့ကြောင့် ကျောင်းသား ကျောင်းသူ လူငယ်များ ပျော်ရွှင်ချမ်းမြေ့စွာပညာသင်ယူနိုင်ရေးအတွက် ကျောင်းအုပ်ချုပ် ရေးကော်မတီ၊ ဆရာ၊ မိဘပေါင်းစပ်ကာ ကျောင်းသန့်ရှင်းရေး လုပ်အားဒါနပြုသင့်ပါသည်။ အလုပ်မအားလပ်သူများ အနေဖြင့် အလှူငွေထည့်ဝင်နိုင်ပါသည်။ ထိုသို့ရန်ပုံငွေရှိမည်ဆိုလျှင် သန့်ရှင်းရေးအလုပ်သမားများ ငှားရမ်း၍လည်း လုပ်ဆာင်နိုင်ပါသည်။ တချို့သော စာသင်ကျောင်းများသည် ချုံနွယ်များဖုံးလွှမ်းလျက်ရှိပြီး ကျောင်းဆိုင်းဘုတ်ကိုပင်မမြင် ရတော့ပေ။ ထို့ကြောင့် ကျောင်းအတွင်း၊ အပြင်သန့်ရှင်းရေး အတွက် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် အခြားသော ပရဟိတအဖွဲ့များကိုလည်း အကူအညီတောင်းခံနိုင်ပါသည်။ သက်ဆိုင်ရာတာဝန်ရှိသူများအပိုင်းကလည်း ပေါင်းစပ်ဆောင်ရွက်ပေးသင့်ပါသည်။ ထိုသို့ ကျောင်းမတက်မီကတည်းက စာသင်ခန်းများ၊ ကျောင်းအတွင်း၊ အပြင်သန့်ရှင်းရေးကို စနစ်တကျပြုလုပ်ထားမည်ဆိုလျှင် ကလေးငယ်များသည် ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်မည် ဖြစ်ပေသည်။

ကလေးငယ်များအတွက် အရေးကြီးဆုံးနေရာသည် ကျောင်းအိမ်သာများပင် ဖြစ်သည်။ တချို့သောကျောင်းများတွင် အိမ်သာများသည် ယင်တလှောင်းလှောင်းဖြင့် အနံ့အသက် ထွက်နေတတ်သည်။ အထူးသဖြင့် ရေဖူလုံမှုရှိနေရန် လိုအပ်ပါသည်။ တတ်နိုင်ပါက အိမ်သာပတ်ဝန်းကျင်တွင် ထုံးဖြူးထားသင့်ပေသည်။ ရေအိမ်များတွင် ဆပ်ပြာနှင့် ရေအိမ်သုံးစက္ကူများ၊ လက်သုတ်တဘက်များကိုလည်း ထားပေးသင့်ပါသည်။ ဆရာ ဆရာမများသည် မူလတန်းအရွယ် ကလေးငယ်များအား ရေအိမ်သွားလာရာတွင် လိုက်နာလုပ်ဆောင်သင့်သည့် အချက်များကို ပြောပြပေးသင့်ပါသည်။ အထူးသဖြင့် မိဘများသည် မိမိ၏ကလေးငယ်များကို စနစ်တကျသင်ကြားထားသင့်ပါသည်။ သို့မှသာလျှင် ရောဂါပိုးကူးစက်နိုင်မှုအ္တရာယ်မှ ကြိုတင်ကာကွယ်နိုင်မည်ဖြစ်သည်။ လူတိုင်းအတွက် ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိသည် ပိုသည်ဟူ၍မရှိချေ။

တစ်ကိုယ်ရေသန့်ရှင်းရေး

ကလေးငယ်များကျန်းမာကြံ့ခိုင်နေရန်အတွက် အခြေခံကျသောလိုအပ်ချက်သည် တစ်ကိုယ်ရေသန့်ရှင်းရေးပင် ဖြစ်သည်။ မိဘများသည် ကလေးငယ်များကို တစ်ကိုယ်ရေသန့်ရှင်းရေး ဆောင်ရွက်တတ်သည့် အလေ့အထကို ငယ်စဉ်ကတည်းက သင်ပြလေ့ကျင့်ပေးထားသင့်သည်။ လက်သည်း၊ ခြေသည်းများကို ပုံမှန်ဖြတ်ခြင်း၊ အစာမစားသုံးမီနှင့် ရေအိမ်မှအထွက်တွင် လက်ကိုဆပ်ပြာဖြင့် ဆေးကြောခြင်း၊ နေ့စဉ်ရေမှန်မှန်ချိုးခြင်း၊ ခေါင်းလျှော်ခြင်း၊ ကျောင်းဝတ်စုံများကို သန့်ရှင်းသပ်ရပ်စွာဝတ်ဆင်စေခြင်း စသည့်အခြေခံကျသော အလေ့အထကောင်းများကို သင်ပြထားသင့်ပေသည်။ ထိုသို့ကိုယ်စီ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဆောင်ရွက်ထားမှသာလျှင် ပြင်ပမှ ကူးစက်ရောဂါများ ဝင်ရောက်မှုကို ကာကွယ်နိုင်မည်ဖြစ်သည်။ ထို့အပြင်မိဘများကလည်း ကလေးငယ်များ၏ ကျောင်းဝတ်စုံကို ပုံမှန်လျှော်ဖွပ် မီးပူတိုက်ပေးသင့်ပေသည်။ ကျောင်းဝတ်စုံများစွာမရှိသည့်တိုင်အောင် ရှိသည့်ဝတ်စုံကို ပုံမှန်လျှော်ဖွပ်ပြီး ခြောက်သွေ့အောင်လှန်းကာ မီးပူတိုက်ပေးရန် လိုအပ်ပါသည်။

ကျောင်းမုန့်ဈေးတန်း

ကလေးငယ်များ၏ကျန်းမာရေးအတွက် ဂရုပြုသင့်သော နောက်တစ်နေရာသည် ကျောင်းမုန့်ဈေးတန်းပင် ဖြစ်သည်။ ကျောင်းသူ ကျောင်းသား အားလုံးနီးပါးသည် နေ့စဉ် ကျောင်းမုန့်ဈေးတန်းသို့ ရောက်ကြသည်။ ထိုဈေးတန်းမှ ဆွဲဆောင်မှုရှိသည့် မုန့်မှန်သမျှကို ဝယ်စားကြသည်။ အထူးသဖြင့် ဓာတုဆိုးဆေးများနှင့် ဆေးသကြားများ ပါဝင်သောမုန့်များပင် ဖြစ်သည်။ ယင်အုံနေသော လက်လုပ်အချဉ်များ၊အသုပ်များသည် ကလေးများကို ဝမ်းပျက်စေပါသည်။ ယခုလို မိုးဦးကျကာလတွင် ယင်အုံနေသော သရက်သီးမှည့်များနှင့် အချဉ်ပေါင်းများသည် ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်ပါသည်။ ထို့ကြောင့် ကျန်းမာရေးနှင့် ညီညွတ်သောမုန့်၊ လတ်ဆတ်သော အသီးနှင့် ယင်မနားသော အစားအသောက်များကိုသာ ရောင်းချနိုင်စေရန်အတွက် တာဝန်ရှိသူများက စစ်ဆေးကြပ်မတ်သင့်ပေသည်။

ထူးသဖြင့် မိဘများသည် ကလေးငယ်များကို အာဟာရရှိသော အစား၊ အသောက်များကို ချက်ပြုတ်ကျွေးမွေးသင့် ပါသည်။ တချို့သောမိဘများသည် ကလေးများအတွက် ထမင်းချိုင့်ကို ကြိုတင်ပြင်ဆင်ပေးလေ့မရှိဘဲ မုန့်ဖိုးကိုသာ ပေးလိုက်ကြသည်။ ထို့ကြောင့် ကလေးများသည် ကျောင်းမုန့်ဈေးတန်းတွင် ယင်နားစာများကိုသာ ဝယ်စားဖြစ်ကြသည်။ ရေရှည်တွင် ထိုကလေးသည် ဝမ်းလျှောရောဂါဖြစ်ပြီး ကျန်းမာရေးချူချာလာမည်ဖြစ်သည်။ တတ်နိုင်ပါက အာဟာရဖြစ်နိုင်သောမုန့်များကို တစ်ပါတည်းထည့်ပေးသင့်ပါသည်။ မိဘများ တွေးတောဆင်ခြင်သင့်သော အချက်ပင်ဖြစ်သည်။

ရောဂါလွယ်ကူစွာကူးစက်

ဇွန်လတွင် မကြာခဏ မိုးရွာသွန်းတတ်ပါသည်။ အထူးသဖြင့် ဇူလိုင်လတွင် နေ့စဉ်နီးပါး အဆက်မပြတ် မိုးရွာသွန်းလေ့ ရှိသည်။ မိုးရွာလိုက်၊ နေပူလိုက်ဖြစ်နေသဖြင့် ရာသီဥတုသည် ပူလိုက်အေးလိုက်ဖြစ်နေတတ်သည်။ ညဘက် အိပ်ရာဝင်ချိန် တွင်အိုက်စပ်စပ်ရှိသော်လည်း နံနက်မိုးလင်းပိုင်းတွင် ချမ်းစိမ့်စိမ့်ဖြစ်နေမည်။ စောင်မခြုံမိလျှင် အအေးပတ်ပြီး နှာစေး၊ ချောင်းဆိုး ဖြစ်မည်ဖြစ်သည်။ ထိုသို့အပူ၊ အအေးရုတ်ခြည်းပြောင်းလဲမှု ကြောင့် ကလေးငယ်များ အဖျားထူပြောလာတတ်ပါသည်။

ဗိုင်းရပ်ပိုးမွှားများသည် ကိုယ်ခံအားနည်းသော ကလေးငယ်များကို လွယ်ကူစွာကူးစက်စေနိုင်ပါသည်။ ကျောင်းစာသင်ခန်း များတွင်လည်း ဖျားနာနေသော ကလေးငယ်များကို အခြားကလေးများနှင့် ခွဲထားသင့်ပါသည်။ မိဘများအနေဖြင့် ဖျားနေသည့် မိမိ၏သား၊ သမီးအားဖြစ်နိုင်ပါက ကျောင်းမလွှတ်ဘဲ အိမ်၌သာ အနားပေးထားသင့်ပေသည်။ များသောအားဖြင့် ကလေးငယ်များသည် စာသင်ခန်းထဲတွင် ဖျားနေသူများနှင့်အတူ စာသင်နေရသောကြောင့် အဖျားကူးစက်ခံရလေ့ရှိကြသည်။

ကျောင်းနေအရွယ်ကလေးငယ်များ ကျန်းမာရေးကောင်း မွန်ရန်သည် ကျောင်းသန့်ရှင်းရေးကောင်းမွန်မှုအပေါ်တွင် များစွာမူတည်နေသည်။ ဖုန်မှုန့်အလိမ်းလိမ်းထနေသော စာသင်ခန်းများတွင် ကျောင်းသားများနှင့် ပြည့်နေပြီး လေဝင်၊ လေထွက်ပါ မကောင်းလျှင် ရောဂါပိုးလွယ်ကူလျင်မြန်စွာ ကူးစက်ပြန့်ပွားနိုင်စေသည်။ တချို့သော ကျောင်းများသည် ချုံပုတ်များဖုံးလွှမ်းနေသဖြင့် ကျောင်းမျက်နှာစာကိုပင် မမြင်ရတော့ပေ။ ထိုကျောင်းမျိုးတွင် ပညာသင်ယူနေသော ကလေးငယ်များသည် သွေးလွန်တုပ်ကွေးဖြစ်ပွားရန် အလားအလာများနေသည်။ ချုံနွယ်များ၊ ရေဗွက်၊ ရေအိုင်များ၊ အဖုံးအကာမရှိသော ရေကန်များသည် ခြင်ပေါက်ပွားရန်နေရာများ ဖြစ်နေသည်။

အထူးဂရုစိုက်သင့်

ထို့ကြောင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးကို ကျောင်းအကျိုးတော်ဆောင်အဖွဲ့၏ ဦးဆောင်မှုဖြင့် မိဘများကပါ တတ်အားသရွေ့ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန် လိုအပ်ပေသည်။ ကျောင်းအုပ်ဆရာ ဆရာမကြီးများအနေဖြင့်လည်း မိမိ၏ ကျောင်းသန့်ရှင်းသာယာလှပရေးအတွက် စိတ်ပါဝင်စားမှုရှိနေရန် လိုအပ်မည်ထင်ပါသည်။ ကျောင်းသန့်ရှင်းရေးကို သန့်ရှင်းရေးအလုပ်သမားနှင့် ကလေးငယ်များ၏ အင်အားဖြင့် မဆောင်ရွက်နိုင်ပါက သက်ဆိုင်ရာဒေသအာဏာပိုင်များ၊ ရပ်မိရပ်ဖများထံ အကူအညီတောင်းသင့်ပါသည်။ သန့်ရှင်းသော ပတ်ဝန်းကျင်တွင် ပညာသင်ယူရသော ကလေးငယ်များသည် ကျန်းမာရေးနှင့် ညီညွတ်စွာနေထိုင်နိုင်မည်ဖြစ်သောကြောင့် ကျောင်းစာကို မပျက်မကွက် ပုံမှန်သင်ယူလေ့လာ ကျက်မှတ်နိုင်ကြမည် ဖြစ်သည်။ အကျိုးဆက်အနေဖြင့် ကလေးငယ်များသည် ပညာရည်ထူးချွန်လာကြမည် ဖြစ်သည်။

ကျောင်းကျန်းမာရေးစစ်ဆေး

ထို့အပြင် ကျောင်းကျန်းမာရေးစစ်ဆေးသည့် အဖွဲ့များအနေဖြင့်လည်း အခြေခံပညာကျောင်းများသို့ ပုံမှန်သွားရောက် စစ်ဆေးသင့်ပါသည်။ ကလေးငယ်များ၏ ကိုယ်အလေးအချိန်နှင့် အရပ်တိုးတက်မှုမှတ်တမ်းများကို စနစ်တကျပြုစု ထားသင့်ပေသည်။ ထို့အပြင်သွေးလွန်တုပ်ကွေးနှင့် အဆုတ်ရောဂါအပါအဝင် ကလေးများတွင်အဖြစ်များသည့် ရောဂါများကိုလည်း စနစ်တကျစစ်ဆေးပြီး ဆေးဝါးစောင့်ရှောက်မှုများ ပေးသင့်သည်။ ကလေးငယ်များစာသင်ရာတွင် အလင်းရောင် ရရှိမှု ရှိ မရှိ၊ လေဝင်လေထွက်ကောင်း၊ မကောင်း၊ စာသင်ခန်းများ၊ အိမ်သာများ၊ မုန့်ဈေးတန်းများ၊ ကျောင်းအတွင်း၊ အပြင်တို့တွင် သန့်ရှင်းရေးလုပ်ထားခြင်း ရှိ မရှိ၊ ခြင်၊ ယင်များ ခိုအောင်းနိုင်သည့် ချုံပုတ်များနှင့် အမှိုက်ပုံများကို ခုတ်ထွင်ရှင်းလင်း ခြင်း၊ ကျုံးထားခြင်း ရှိ မရှိ စစ်ဆေးသင့်ပါသည်။ တွေ့ရှိမှုများကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများကို အသိပေးထားသင့်ပါသည်။ သို့မှသာလျှင် ကလေးငယ်များ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ကြမည်ဖြစ်သည်။

ကလေးငယ်များ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်စေလို

စင်စစ်အားဖြင့် ကျောင်းသားလူငယ်များသည် အနာဂတ်တိုင်းပြည်၏ ရတနာများဖြစ်ကြသည်။ ထိုရတနာများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူခွင့်ရရှိရန်သည် ဆရာ၊ မိဘများပေါ်တွင် များစွာမူတည်နေသည်။ အထူးသဖြင့် ကလေးများသည် ကျောင်းတွင် အချိန်ပြည့်ပညာသင်ယူနေရသဖြင့် ကျောင်းစာသင်ခန်းများနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးသည် များစွာအရေးပါလျက်ရှိသည်။ ထိုသို့ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးဆောင်ရွက်ရာတွင် ဒေသအာဏာပိုင်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများနှင့်ရပ်မိ ရပ်ဖများ၏ တက်ညီလက်ညီ ပါဝင်ကူညီဆောင်ရွက်မှုများ အထူးလိုအပ်လျက်ရှိသည်။ သို့မှသာလျှင် ကလေးငယ်များသည် ကျန်းမာရေးနှင့် ညီညွတ်သော ပတ်ဝန်းကျင်ကောင်းတွင် ပညာသင်ယူနိုင်ကြမည်ဖြစ်သည်။

အထူးသဖြင့် ကျောင်းသားဦးရေနှင့် စာသင်ခန်းအချိုး ညီမျှရေး၊ စာသင်ခန်းများသန့်ရှင်းသပ်ရပ်ပြီး လေဝင်လေထွက် ကောင်းမွန်ရေး၊ ရေအိမ်များ သန့်ရှင်းရေး၊ ကျောင်းမုန့် ဈေးတန်းများ သန့်ရှင်းစေရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းမှုရှိရေးတို့သည် ကလေးငယ်များ၏ ကျန်းမာရေးအတွက် များစွာအခရာကျလျက်ရှိသည်။ ထိုသို့ သန့်ရှင်း သပ်ရပ်နေရန်အတွက် ဒေသအာဏာပိုင်များ၊ ကျောင်းအကျိုး တော်ဆောင်များနှင့် ဆရာ၊ မိဘအားလုံး တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်မှသာ အောင်မြင်မှုရရှိနိုင်မည်ဖြစ်သည်။ တိုင်းပြည်၏ အနာဂတ်တာဝန်များကို ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည့် မျိုးဆက်သစ်ကျောင်းသား ကျောင်းသူ၊ လူငယ်များအားလုံး ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်သည့် အခွင့်အလမ်းများ အပြည့်အဝရရှိကြပါစေ။ ။

မောင်သောင်းဝင်း(တမန်ဟောင်း)