၂၁  ဇွန်

ကျိုင်းတုံမြို့နှင့် သမိုင်းဝင်နေရာများ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံဒေသတွင် ရှမ်းမျိုးနွယ်လူမျိုးစုများ စုပေါင်းနေထိုင်ကြသည်။ အေဒီ ၁၂၄၃ မှ ၁၉၆၂ အထိ စော်ဘွားဆက် ၄၄ ဆက်တို့သည် ကျိုင်းတုံ၌ ဟော်နန်းတည်၍ ဒေသကိုအုပ်ချုပ်သည်။ ကျိုင်းတုံသည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂၇၀ဝ တွင် တည်ရှိပြီး တရုတ်၊ ထိုင်း၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံ နယ်စပ်ဒေသများသို့သွားသည့် ထွက်ပေါက်မြို့ ဖြစ်သည်။

ကျိုင်းတုံမြို့တွင် စွမ်တောင်း၊ စွမ်မွန်းနှင့်စွမ်ဆပ်ဟူသည့် တောင်ကုန်းသုံးခုသည် တြိဂံတစ်ခု၏ ထောင့်သုံးခုအတိုင်း တည်ရှိပြီး ထိုတောင်ကုန်းများတွင်လည်းကောင်း၊ တောင်ခြေတစ်ဝိုက်တွင်လည်းကောင်း ရပ်ကွက်များဖွဲ့စည်း၍ မြို့ပြတည်ထားသည်။ စွမ်တောင်းနှင့်စွမ်ဆပ် တောင်ခြေနှစ်ခုကြားတွင် ၃၃ ဧကခန့် ကျယ်ဝန်းပြီး တောင်-မြောက် ရှည်လျားသော နောင်တုံရေကန် တည်ရှိသည်။ ကျိုင်းတုံမြို့ကို ထိုရေကန်၏ အရှေ့ဘက်မှစတင်၍ တည်ခဲ့ပြီး စွမ်းတောင်း(စွမ်ခမ်)စေတီ၊ ဟော်နန်းနေရာ၊ မဟာမြတ်မုနိ၊ အောင်မြေနတ်နန်း၊ ဈေးဟောင်း၊ စော်ဘွားသင်္ချိုင်းနှင့် ပါလျန်တံခါး စသည့် သမိုင်းဝင်နေရာများ တည်ရှိသည်။

စွမ်တောင်းစေတီ၊ ကညင်ဖြူပင်နှင့် ရပ်တော်မူ

နောင်တုံရေကန်၏ အရှေ့ဘက်ရှိ စွမ်တောင်း တောင်ပေါ်၌ ရာစုနှစ်ပေါင်းများစွာက တည်ထားသော စွမ်းတောင်း(စွမ်ခမ်) စေတီရှိသည်။ ခေတ်အဆက်ဆက် မွမ်းမံပူဇော်မှုများကြောင့် ယခုအခါ ဉာဏ်တော်အမြင့်သည် ၂၂၆ ပေ ရှိနေပြီဖြစ်သည်။ ထူးခြားမှုမှာ စေတီ၌ထီးတော်မပါရှိပေ။ ရေကန်၏တောင်ဘက်တွင် စွမ်မွန်းတောင်ကုန်းရှိပြီး တောင်ထိပ်၌ နှစ်ပေါင်းရာနှင့်ချီ၍ (ဂုံရှမ်းသမိုင်းအရ နှစ် ၅၀ဝ ကျော်)သက်တမ်းရှိသော ကညင်ဖြူပင် ရှိသည်။ ထိုသစ်ပင်သည် မြေပြင်မှထိပ်ဖျားအထိ အမြင့် ၂၁၈ ပေရှိပြီး အောက်ခြေလုံးပတ်သည် ၃၉ ပေ ၁၀ လက်မ ရှိသည်။ တောင်ကုန်းအမည်သည် စွမ်မွန်းဖြစ်သော်လည်း သစ်တစ်ပင်တောင်ဟု ခေါ်ကြသည်။

ရေကန်၏ အနောက်တောင်ဘက်တွင် စွမ်ဆပ်တောင်ကုန်း ရှိပြီး မူလက တောင်ထိပ်တွင် စေတီ တည်ရှိကြောင်း ဂုံရှမ်း သမိုင်းမှတ်တမ်း၌ တွေ့ရသည်။ ထို့အပြင် ၁၉၉၅ ခုနှစ်က တောင်ကုန်းထိပ်တွင် မြေကြီးတူးရင်း ရှေးဟောင်းဗုဒ ̈ရုပ်ပွား တော်များနှင့် ဌာပနာပစ္စည်းများကို တွေ့ရ၍ သုတေသနပြု ကြည့်ရာ ရှေးယခင်က သာသနာ့မြေဖြစ်ကြောင်း သိရသည်။ ၁၉၉၈ ခုနှစ် ဧပြီ ၃၀ ရက်နေ့တွင် ကြာပလ္လင်မှ ဦးခေါင်းတော် အထိ ၇၄ ပေ ၆ လက်မအမြင့်ရှိ ဗျာဒိတ်ပေးဟန် ရပ်တော်မူ ဘုရားကြီးကို ထိုတောင်ကုန်းထိပ်တွင် တည်ခဲ့သည်။

နောင်တုံကန်၏ သမိုင်းကြောင်း

ကျိုင်းတုံ ရှေးရာဇဝင်ကို ၁၉၃၀ ပြည့်နှစ်က ဂုံရှမ်းစာဖြင့် ပြန်လည်ကူးရေးထားသော စာအုပ်တွင် ကျိုင်းတုံဒေသသည် မူလက ရေလွှမ်းမိုးရာအရပ်ဖြစ်ခဲ့ပြီး မြောက်ဘက်အရပ်မှ ရောက်လာသော ရသေ့ကြီးလေးပါးအနက် တုံဂအမည်ရှိ ရသေ့က ရေများဖောက်ထုတ်ခဲ့ရာ ၇ နှစ် ၇ လ အကြာတွင် ရေကန်ငယ်အဖြစ် ကျန်ရစ်ကြောင်း၊ ရေများလျော့ကျချိန်တွင် စွမ်တောင်းတောင်ကုန်း၌ တုံဂရသေ့က အမှူးပြုကာ စေတီတစ်ဆူတည်၍ ဂေါတမဘုရား ကျိုင်းတုံအရပ်သို့ ဒေသစာရီ ကြွချိန်က ဗျာဒိတ်ပေးထားရစ်သော ဆံတော်ခြောက်ဆူအား စေတီ၌ဌာပနာသွင်းလှူခဲ့ကြောင်း၊ အဆိုပါ တုံဂရသေ့ကြီး၏ အမည်ကို အကြောင်းပြု၍ ရေကန်သည် နောင်တုံကန်ဟုလည်းကောင်း၊ မြို့သည် နောင်တွင် ကျိုင်းတုံဟုလည်းကောင်း အမည်တွင်ခဲ့ကြောင်း ရာဇဝင်၌ ရေးသားထားသည်။

စော်ဘွားအုပ်ချုပ်မှုနှင့် ဓလေ့ထုံးစံ

ရှေးဦးက ကျိုင်းတုံဒေသသည် ကြီးမားသော ချိုင့်ဝှမ်းကြီးဖြစ်သည်။ ထိုချိုင့်ဝှမ်းပတ်လည်တွင် တောင်ကုန်းသုံးခုရှိပြီး ရေများလွှမ်းနေသည်။ မြို့ကို စေတီမှအစပြု၍ ရသေ့ကြီးကတည်ခဲ့သည်။ မြောင်းသွယ်၍ ရေများဖောက်ထုတ်ခဲ့သည်။ ကျန်ရစ်သည့်မြေတွင် စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်း၍ လူအများ ရောက်ရှိလာကြသည်။ နောင်တွင် စော်ဘွားများ အုပ်ချုပ်ရေးတည်ရှိရာမြို့ ဖြစ်လာခဲ့သည်။ ရာသီဥတုနှင့် မြေဆီလွှာ ကောင်းမွန်သောအရပ်ဒေသ ဖြစ်သည့်အလျောက် တိုက်ခိုက်သိမ်းပိုက်လိုသူများရန်မှ ကာကွယ်ရန် မြို့လုံခြုံရေး အတွက် ၄ မိုင် ၁ ဖာလုံရှည်ပြီး တံခါး ၁၂ ပေါက်ပါသည့် မြို့ရိုးနှင့် ကျုံးတို့ကို အခိုင်အမာ တည်ဆောက်ထားသည်။ ကျိုင်းတုံ၌ စော်ဘွားအသစ်တစ်ဦး ဆက်ခံလျှင် နန်းသိမ်းပွဲ ပြုလုပ်ရသည့် ဓလေ့တစ်ခုရှိသည်။ မြို့ကို ရသေ့ကြီးကပိုင်သည်။ သို့သော် အုပ်ချုပ်မှုကိစ္စများ စီမံဆောင်ရွက်ရန်အတွက် ရသေ့/ရဟန်းက စော်ဘွားကို အာဏာပြန်လည်လွှဲအပ်သည့် ဓလေ့ဖြစ်ပြီး စော်ဘွားအဆက်ဆက် ထိုဓလေ့ကို ဆောင်ရွက်လေ့ရှိကြသည်။

ယနေ့ နောင်တုံကန်

ကျိုင်းတုံနှင့်ပတ်သက်၍ နောင်တုံကန်သည် အထင်ကရဖြစ်ခဲ့သည်။ ရေကန်ငယ်အဖြစ် ကျန်ရစ်ပြီး မြို့တည်သမိုင်း စတင်ချိန်မှ နောင်ကာလအဆက်ဆက် နောင်တုံကန်သည် ဒေသ၏ ထင်ရှားသော အမှတ်အသားတစ်ခု ဖြစ်ခဲ့သည်။ နယ်စပ်ချင်းထိစပ်သည့် နိုင်ငံများကပါ နောင်တုံကန်ကို သိကြသည်။ ကမ္ဘာလှည့်ခရီးသွားတို့အတွက် Land Mark လည်း ဖြစ်သည်။

လက်ရှိတွင် နောင်တုံရေကန်သည် ရေဝင်ရေထွက်စနစ်ဖြင့် တည်ရှိနေပြီး ကန်ပေါင်တစ်လျှောက်တွင် သံပန်းအကာအရံ ပြုလုပ်ထားသည်။ မော်တော်ယာဉ်သွား ကန်ပတ်လမ်းနှင့် လမ်းလျှောက်ရန် ကန်ပတ်လမ်းဟု လမ်းနှစ်ခု ပြုလုပ်ထားပြီး ထိုကန်ပတ်လမ်းနှစ်ခုကြားတွင် သစ်ပင်၊ ပန်းပင်များ စီတန်းစိုက်ပျိုးထားသည်။ နားနေရန် ထိုင်ခုံများလည်း ချထားသည်။ ယာဉ်သွားကန်ပတ်လမ်း တစ်ဖက်တွင် ဒေသအစားအစာ ရောင်းသည့်ဆိုင်များ၊ ပျော်ပွဲစားဆိုင်များ၊ တည်းခိုခန်းနှင့် လူနေအိမ်များ ရှိသည်။ ကန်ပတ်လမ်းဘေး တစ်နေရာတွင် အားကစားလေ့ကျင့်သည့်ပစ္စည်းများ ထားရှိပေးထားသည်။

ရေကန်အနောက်ဘက် ကျိုင်းအင်းရပ်ရှိ နွဲ့နောဘုန်းကြီး ကျောင်းအရှေ့ ကန်ပတ်လမ်းတစ်ဝိုက်(သုံးထပ်တိုက်အနီး) နေရာသည် ရှုမျှော်ခင်းအကောင်းဆုံးနေရာဟု ဆိုနိုင်သည်။ထိုနေရာမှ ကန်အရှေ့ဘက်ရှိ စွမ်တောင်း(စွမ်ခမ်း)စေတီနှင့် ကန်၏ အနောက်တောင်ဘက်ရှိ ရပ်တော်မူဘုရားတို့ကို ဖူးမြော်နိုင်သည်။ ရေကန်တောင်ဘက်သို့ကြည့်လျှင် စွမ်မွန်း တောင်ကုန်းထိပ်၌ တစ်ပင်တည်း မားမားမတ်မတ် ရပ်တည်လျက်ရှိသော ကညင်ဖြူပင်ကြီးနှင့် နောက်ခံမှိုင်းညို့ညို့ တောင်တန်းကြီးများ၏ လှပမှုကို မြင်တွေ့နိုင်သည်။ ရေကန်အလယ်ရှိ ရေပန်းအလှကို ညအချိန်တွင် ရောင်စုံစလိုက်မီးနှင့် ခံစားနိုင်သည်။

အလေးထား မြတ်နိုးရာ

နောင်တုံရေကန်သည် ဒေသနေပြည်သူတို့၏ အလေးထားမြတ်နိုးရာ ရေကန်လည်း ဖြစ်သည်။ ဧည့်သည်တို့ကိုလည်း သံယောဇဉ်ဖြစ်စေသည်။ ရေကန်ကို တစ်ပတ်ပတ်မိသူ၏ နှလုံးသားကို ရေကန်က သံယောဇဉ်ပြန်လည်ရစ်ပတ်ပြီး အနည်းဆုံးတစ်ကြိမ်တော့ နောင်တုံကန်နှင့် ပြန်လည်တွေ့ဆုံ စေသည်ဟု ဒေသခံတို့က ဆိုကြသည်။

နောင်တုံရေကန်၏ နံနက်ခင်းနှင့် ညနေခင်းသည် လမ်းလျှောက်သူများ၊ လည်ပတ်သည့် မိသားစု၊ ကလေးငယ်များ၊ ကန်ပတ်လမ်းဆိုင်များတွင် ပျော်ပွဲစားသူများဖြင့် အသက်ဝင်နေသကဲ့သို့ နောင်တုံကန်၏ ညနေ နေဝင်ချိန်ရှုခင်းသည်လည်း ပန်းချီအနုပညာရှင်တို့၏ စိတ်ကူးပုံဖော်ရာ ဖြစ်နေပေတော့သည်။ ။

မောင်မောင်နိုင်(ကျိုင်းတုံ)