မန္တလေး ၃ ဇန်နဝါရီ 

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အတွင်းရှိ ဆံရစ်ဝိုင်းထုံးဖွဲ့ မှုဓလေ့ကို ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ထိန်းသိမ်း စောင့်ရှောက်ထားသည့် စက်စက်ယို ကျေးရွာကလေးကို ပြည်တွင်း၊ ပြည်ပ ခရီးသွားများ ဝင်ရောက်လေ့လာနိုင်သည့် ခရီးစဉ်ဒေသသစ်တစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်လာစေရန် ကြိုးစားဆောင်ရွက်နေကြောင်း အဆိုပါကျေးရွာမှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်က ပြောကြားသည်။ 

 

81199_3603582500279943168_o(ခရီးသြား) (5)

 

စည်းလုံးညီညွတ်သည့်ရွာ

 

''ကျွန်တော်တို့ ရွာကလေးဟာ စည်းလုံးညီညွတ်ပြီး တက်ကြွမှု အားကောင်းတဲ့ရွာလို့ ပြောလို့ရပါတယ်။ သာရေးနာရေးနဲ့ ဘာသာရေးပွဲတွေမှာ စည်းလုံးညီညွတ်စွာ ကူညီလုပ်ဆောင်နေကြပါတယ်။ မှုခင်းဖြစ်ပွားမှုလည်း အလွန်နည်းပါးတဲ့ ဒေသတစ်ခုပါ။ ဗုဒ္ဓဘာသာ ဝင်များဖြစ်တဲ့အပြင် ရွာကျောင်းဆရာတော်ကြီး ကျေးဇူးကြောင့် ဗြဟ္မစိုရ်တရားတွေနဲ့ ရိုင်းပင်းကူညီတတ်တဲ့ စိတ်ဓာတ်တွေ ရှိလာတယ်လို့ ထင်ပါတယ်။ ဆိုရှယ်မီဒီယာခေတ်အရ ကျွန်တော်တို့ကျေးရွာရဲ့ ဆံရစ်ဝိုင်းထုံးဖွဲ့မှုဓလေ့ကို ပိုမိုကျယ်ပြန့်စွာသိရှိပြီး ပြည်တွင်း၊ ပြည်ပခရီးသွားတွေ လာရောက်လေ့လာနေကြပါပြီ။ ခရီးသွား ကုမ္ပဏီအများစုကလည်း သူတို့ရဲ့ ခရီးစဉ်တွေမှာ ဒီဒေသကို ထည့်သွင်းထားတယ်လို့ ပြောပါတယ်။ ခရီးသွားလုပ်ငန်း အောင်မြင်သွားရင်တော့ ကျွန်တော်တို့ဒေသဟာ အလွန်ကို ဖွံ့ဖြိုးသွားမယ်လို့ ယုံကြည်ပါတယ်။ ဒီလိုအခြေအနေဖြစ်ဖို့လည်း ကျွန်တော်တို့က သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေပါတယ်'' ဟု ၎င်းကပြောသည်။

 

81199_3603582500279943168_o(ခရီးသြား) (6)

 

အစဉ်အဆက်ထိန်းသိမ်း

 

စက်စက်ယိုကျေးရွာတွင် နေထိုင်သည့် အသက် ၈ဝ ကျော် အဘ ဦးမောင်ရှင်းက ''အဘရဲ့ အသက်က ၈ဝ ကျော်ပါပြီ။ အဘကျောင်းနေအရွယ် ၇ နှစ် လောက်ကတည်းက သျှောင်ဆံထုံး စထားတာပါ။ ဒီသျှောင်ဆံထုံးကို ကိုယ့်ဟာကိုယ် ထိန်းသိမ်းရတာ ပေါ့။ အဘတို့အခေါ်က သျှောင်ဆံထုံးပေါ့။ ထိပ်အလယ်ကောင်လေးကို သျှောင်ဆံထုံးထိုးပြီးတော့ ကျောင်းသွားကြတာ။ ဒီဓလေ့ကို မပျောက်ကွယ်သွားအောင် ရွာရဲ့ပထမဆရာတော် လက်ထက်ကတည်းက အဆက်မပြတ်ထိန်းသိမ်းလာခဲ့တယ်။ အရင်ကဆိုရင် ဘုန်းကြီးကျောင်းမှာရှိတဲ့ ကလေးတွေအားလုံး သျှောင်ဆံထုံးလေးတွေ ထားရတယ်။ ဆရာတော်က ကျောင်းသားတွေကို သျှောင် ဆံထုံးထားတဲ့သူနဲ့ ဘိုကေထားတဲ့သူဆိုပြီး နှစ်မျိုးခွဲခြားလိုက်တယ်။ ဘိုကေထားတဲ့ ကျောင်းသားတွေကို နွား၊ ဆိတ်၊ ခွေးတွေရဲ့ အညစ်အကြေးတွေကို သန့်ရှင်းရေးလုပ်ခိုင်းပြီး အပြစ်ပေးတယ်။ ဒီလိုအပြစ်ပေးတော့ ကလေးအချင်းချင်းရှက်ပြီး ကျန်တဲ့ ကလေးတွေပါ သျှောင်ဆံထုံး ထားလာကြပါတယ်။ ဒီတော့မှ တစ်ကျောင်းလုံး သျှောင်ဆံထုံးတွေဖြစ်သွားတယ်။ ဒီဆရာတော်ကြီးရဲ့ အမွေအနှစ်ကို ဆရာတော် အစဉ်အဆက် ဆက်လက်ပြီး ထိန်းသိမ်းလာခဲ့တယ်။ ဒီလိုနဲ့ သျှောင်ပေစူးဓလေ့ကို အစဉ်အဆက် လက်ရှိကလေးတွေအထိ ရိုးရာအမွေကို လက်ဆင့်ကမ်း ထိန်းသိမ်းလာခဲ့တာပါ'' ဟု ပြောသည်။ 

 

လက်ရှိအချိန်တွင် ကျေးရွာရှိ ကျောင်းထိုင်ဆရာတော် အဆက်ဆက်နှင့် ရပ်မိရပ်ဖများက ထိန်းသိမ်းစောင့်ရှောက်မှုကြောင့် အစဉ်အဆက်တည်ရှိလာခဲ့သော သျှောင်ပေစူးခေါ် ဆံရစ်ဝိုင်းထုံးဖွဲ့မှု ရိုးရာအမွေအနှစ်ကို ပြည်တွင်း၊ ပြည်ပ ခရီးသွားများ လာရောက်လေ့လာမှုများရှိနေပြီး ဆက်လက်၍ ကမ္ဘာအနှံ့ကျယ်ပြန့်စွာ သိရှိထိန်းသိမ်းနိုင်ရန် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ရေကန်ပြုပြင်ခြင်း၊ လျှပ်စစ်မီးလှူဒါန်းမှုများအပြင် ဗေဒါရိုးဖြင့် မြန်မာ့လက်မှုပညာရပ်ဖြင့် လက်ဆွဲခြင်း၊ ပိုက်ဆံအိတ်နှင့် ဖိနပ်များကို စမ်းသပ်တီထွင် ထုတ်လုပ်လျက်ရှိကြောင်း ကျေးရွာမှ အငြိမ်းစား ကျောင်းဆရာကြီး ဦးသန်းမောင်က ပြောသည်။

 

81199_3603582500279943168_o(ခရီးသြား) (8).

 

အလုပ်အကိုင်တွေ ပိုမိုရရှိလာမည်

 

''ဒီရွာမှာ ဆံရစ်ဝိုင်းအမွေအနှစ် တွေကို ထိန်းသိမ်းစောင့်ရှောက်ထား တယ်ဆိုတာ က္ဘာကသိအောင် ပရဟိတ ဖခင်ကြီး ဦးကျော်သူက ဖော်ထုတ်ပေး လိုက်တဲ့အပြင် ဒီအမွေအနှစ်တွေ ဆက်လက်ထိန်းသိမ်းနိုင်ဖို့ အတွက် လိုအပ် တဲ့ ကျေးရွာဖွံ့ဖြိုးမှုတွေအဖြစ် ရေကန် ပြုပြင်တာ၊ စက်ရေတွင်းတူးဖော်ပေးတာ တွေနဲ့ အိမ်တိုင်းလျှပ်စစ်မီးသုံးစွဲနိုင်ဖို့ ထောက်ပံ့လှူဒါန်းခဲ့ပါတယ်။ ဒါတင်မက ရွာမှာရှိတဲ့ ကလေးတွေကို ဗေဒါရိုးနဲ့ မြန်မာ့လက်မှုပစ္စည်းလေးတွေ ထုတ်လုပ် နိုင်ဖို့ သင်တန်းတစ်ခုကိုလည်း ဖွင့်လှစ် ပေးခဲ့ပါတယ်။ ဒီလက်မှုပစ္စည်းလေးတွေကို ခရီးသွားလုပ်ငန်းတွေနဲ့ ချိတ်ဆက် ရောင်းချနိုင်မယ်ဆိုရင် ကျွန်တော်တို့ ရွာအတွက် အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေ ပိုမိုရရှိလာလိမ့်မယ်လို့ ထင်ပါတယ်'' ဟု ၎င်းကပြောသည်။ 

 

စက်စက်ယိုကျေးရွာတွင် လက်ရှိ အချိန်အထိ ဆံရစ်ဝိုင်းဓလေ့ကို ထိန်းသိမ်းထားသည့် ကျောင်းသား၊ ကျောင်းသူအရွယ် ၅ဝ ကျော်ရှိပြီး အသက် ၂ နှစ်၊ ၃ နှစ်အရွယ်မှစ၍ ၁၅ နှစ်၊ ၁၆ နှစ်အရွယ်အထိ ထိန်းသိမ်းထားကြကာ အမျိုးသမီးများအနေဖြင့် အသက် ၂ဝ ကျော်သည်အထိ ရိုးရာဓလေ့ မပျောက်ကွယ်အောင် ထိန်းသိမ်းစောင့်ရှောက်ထားကြကြောင်း ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးထွန်းခင်က ပြောသည်။ 

 

စက်စက်ယိုကျေးရွာကလေးသည် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နှင့် ကျောက်ပန်းတောင်းမြို့နယ်အကြား၊ ညောင်ဦးမြို့နှင့် ၂၁ မိုင်အကွာတွင် တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေးအနေဖြင့် မော်တော်ယာဉ်ဖြင့်သာ သွားလာရေး ပိုမိုအဆင်ပြေမည်ဖြစ်သည်။

 

စက်စက်ယိုရွာကလေးကို ၁၂၇ဝ ပြည့်နှစ်ကစတင်၍ ကျေးရွာတည်ထောင်ခဲ့ခြင်းဖြစ်ပြီး အိမ်ခြေ ၁၇၇ လုံးနှင့် လူဦး ရေ ၈၅၆ ဦး နေထိုင်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ထန်းလုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

 

81199_3603582500279943168_o(ခရီးသြား) (9)

 

ဂုဏ်ယူဝင့်ကြွားစွာဖော်ထုတ်ပြသ

 

ကျေးရွာရှိ ဆံရစ်ဝိုင်းယဉ်ကျေးမှုကို လာရောက်ကြည့်ရှုလေ့လာကြသည့် ပြည်တွင်း၊ ပြည်ပခရီးသွားများအား နွေးထွေးပျူငှာစွာ ကြိုဆို၍ ဂုဏ်ယူဝင့်ကြွားစွာ ဖော်ထုတ်ပြသလျက်ရှိကြောင်း သိရသည်။

 

သတင်း-မင်းထက်အောင်(မန်းကိုယ်ပွား) ၊ ဓာတ်ပုံ-သန့်ဇင်

 

81199_3603582500279943168_o(ခရီးသြား) (11).