မန္တလေး ၃ ဇန်နဝါရီ  

 

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ် အတွင်းတွင် နိုင်ငံခြားသား ခရီးသွားများ လာရောက် လည်ပတ်နိုင်ရေးအတွက် ဆောင်ရွက်ပေးရန် စီစဉ်နေကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

နိုင်ငံခြားသား ခရီးသွားများ ဝင်ရောက်ခွင့် မရရှိသည့် ကန့်သတ်နယ်မြေ ဖြစ်သော်လည်း ဝင်ရောက်လိုသည့် နိုင်ငံခြားသား ခရီးသွားများ အနေဖြင့် တိုင်းအစိုးရအဖွဲ့ထံ ကြိုတင်ခွင့်ပြုချက် ရယူပြီးဝင်ရောက်နိုင်ကြောင်း သိရသည်။

 

''ပြည်ပခရီးသွား ဝင်ရောက်ခွင့် မရဘူးဆိုတာက လုံခြုံရေးအရ ကန့်သတ်ထားတဲ့ သဘောတရားပါ။ နိုင်ငံခြားသား ဝင်ခွင့်နဲ့ ပတ်သက်ပြီး တိုင်းအစိုးရကနေမှ  နောက်ပိုင်းမှာ ဖြေလျော့ပြီးတော့ ပြည်ပခရီးသွား ဝင်ရောက်လို့ ရမဲ့ အနေအထား ဖြစ်တော့မှာပါ။ သိပ်မကြာဘူးလို့ ထင်ပါတယ်" ဟု စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်သူဦး က ပြောသည်။

 

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း နိုင်ငံခြားသား ခရီးသွားများ ဝင်ရောက်ခွင့် မရရှိသည့် ကန့်သတ်နယ်မြေများမှာ ကသာ၊ ဗန်းမောက်၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့တို့ ဖြစ်သည်။

 

အဆိုပါ ဒေသများသို့ ဝင်ရောက်လိုသည့် နိုင်ငံခြားသား ခရီးသွားများ အနေဖြင့် တိုင်းအစိုးရ အဖွဲ့ထံ ကြိုတင်ခွင့်ပြုချက်ရယူပြီး ဝင်ရောက်နိုင်ပြီး ကသာမြို့နယ်မှာမှု  နိုင်ငံခြားသား ခရီးသွားများ အနေဖြင့် မြို့ပေါ်ထိသာ သွားရောက် လည်ပတ်နိုင်ကြောင်း သိရသည်။

 

သူရိန်လင်း