မန္တလေး ၃ ဇန်နဝါရီ
မြန်မာနိုင်ငံအတွင်းက တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်နိုင်ရေးအတွက် “သွေးချင်းတို့ရဲ့ပွဲတော်ဆီ” ပွဲတော်ကိုကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း (MEEA)ထံမှ သိရသည်။
အဆိုပါပွဲတော်ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်မှ ၃၀ အထိ ရန်ကုန်မြို့ ကျိုက္ကဆံ အားကစားကွင်းတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
“တိုင်းရင်းသားယဉ်ကျေးမှုနဲ့ပတ်သက်တဲ့ လူနေမှု၊ ရိုးရာဓလေ့၊ လက်မှုအနုပညာ၊ တိုင်းရင်းသားအလှမယ် ရွေးချယ်ပွဲပါဝင်ပါတယ်”ဟု မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း(MEEA) အကြံပေး ဦးသိန်းဆွေက ပြောသည်။
တိုင်းရင်းသားလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု၊ နေထိုင်စားသောက်မှုတို့နှင့် အသုံးအဆောင်ပစ္စည်း ပြခန်းများ၊ တိုင်းရင်းသား အသုံးအဆောင်၊ အဝတ်အထည်နှင့် ပြည်တွင်းလက်မှုပစ္စည်းများ၊ မြန်မာ့ရိုးရာ ဇာတ်သဘင် အစီအစဉ်၊ ကလေးငယ်များအတွက် ဂိမ်းအစီအစဉ်များ ပါဝင်မည်ဖြစ်သည်။ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုများ၊ ခရီးသွားလုပ်ငန်းများကို မြှင့်တင်နိုင်ရန်၊ တိုင်းရင်းသား လူမျိုးအချင်းချင်း ချစ်ကြည်ရင်းနှီးစွာ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် MEEA ၏ သံတမန်အဖြစ် ကိုယ်စားပြုဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး တိုင်းရင်းသား အလှမယ်ရွေးချယ်မည်ဖြစ်သည်။
တိုင်းရင်းသာလုပ်ငန်းရှင်များအသင်းကို ၂၀၁၈ ခုနှစ် မတ်လမှာ စပြီး ဖွဲ့စည်းခဲ့ပြီး ၂၀၁၈ ဇူလိုင်လတွင် ကုမ္ပဏီမှတ်ပုံတင်ရရှိထားကြောင်း သိရသည်။
တိုင်းရင်းသားလုပ်ငန်းရှင်များ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရန်၊ ပြည်ပအဆက်အသွယ်ရရှိစေရန်၊ စီးပွားရေးလုပ်ငန်းများ ပိုမိုဖြစ်ထွန်းလာရန်ရည်ရွယ်ပြီး တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
အိမို့မို့ခိုင်