၂၇ ဇွန်
မေး။ ။အခုတလော ရာသီတုပ်ကွေးရောဂါ A(H1N1)နဲ့ ပတ်သက်လို့ ဖြစ်ပွားတာတွေရော၊ သေဆုံးတာတွေရော ကြားနေရပါတယ်ဆရာ။ ကာကွယ်ဆေး တွေလည်း ဈေးတွေတက်၊ ဈေးကွက်မှာလည်း ပြတ်လပ်သွားတာရှိတယ်လို့ သိရပါတယ်။ ဒီရောဂါက ကာကွယ်ဆေးနဲ့ ကာကွယ်လို့ရပါသလား ဆရာ။
ဖြေ။ ။ကာကွယ်ဆေးနဲ့ ကာကွယ်လို့ရပါတယ်။ ဒါပေမယ့် ဒါကတစ်ခုတည်းသော နည်းလမ်းမဟုတ်သလို ၁၀ဝ ရာခိုင်နှုန်း ပြီးပြည့်စုံတဲ့ နည်းလမ်းလည်း မဟုတ်ပါဘူး။
မေး။ ။ဘယ်လောက်ထိ ကာကွယ်နိုင်သလဲ။
ဖြေ။ ။ဒီနှစ်၊ ဒီရာသီ၊ ဒီနေရာမှာဖြစ်တဲ့ တုပ်ကွေးမျိုးနဲ့ မျိုးကွဲတွေမှာဆိုရင် ကာကွယ်ဆေးက ၈၀ ရာခိုင်နှုန်းလောက် ကာကွယ်နိုင်ပါတယ်။ ဒီလိုဖြစ်ပွားနိုင်တဲ့ မျိုးကွဲကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက နှစ်စဉ် တစ်နှစ်နှစ်ကြိမ် ခန့်မှန်းပြီး ကာကွယ်ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီတွေကို ထုတ်လုပ်စေတာပါ။ ဒါကြောင့် ကိုက်ညီတာများပါတယ်။
မေး။ ။အခုလက်ရှိဈေးကွက်မှာရနေတဲ့ ကာကွယ်ဆေးက A(H1N1) ကို ကာကွယ် ပေးပါသလား။
ဖြေ။ ။ကာကွယ်ပေးပါတယ်။ ယခုလက်ရှိ မိုးရာသီမှာရနေတဲ့ ဆေးက ကမ္ဘာ့တောင် ဘက်ခြမ်း တုပ်ကွေးပိုးတွေအတွက် ခန့်မှန်း ထုတ်ထားတဲ့ဆေးပါ။ ဒီဆေးမှာ A(H1N1) pdm 09-like - virus ပါပါတယ်။ ဒါကြောင့် ကာကွယ်ပေး နိုင်ပါတယ်။
မေး။ ။တုပ်ကွေးကာကွယ်ဆေးမှာ သုံးမျိုးစပ်နဲ့ လေးမျိုးစပ်ဆိုပြီး ရှိတယ်လို့ သိရပါ တယ်။ အဲဒါလေးလည်း ရှင်းပြပေးပါဦး။
ဖြေ။ ။အဖြစ်များတဲ့ တုပ်ကွေးဗိုင်းရပ်အမျိုးအစား (A) (B) (C) တို့ ရှိပါတယ်။ (C) ကတော့ အရေးမကြီးလှလို့ ကာကွယ်ဆေး ထုတ်မထားပါဘူး။ အဆိုး ဆုံးက (A) ပါ။ ဒါကြောင့် ဆေးတိုင်းမှာ A က မျိုးကွဲ နှစ်မျိုးပါပါတယ်။ B ြ ကတော့ မျိုးကွဲတစ်မျိုး သို့မဟုတ် နှစ်မျိုးပါပါတယ်။ ဒါကြောင့် ဆေးတွေမှာ သုံးမျိုးပါ၊ လေးမျိုးပါဆိုပြီး ရှိနေတာပါ။ ဒါပေမယ့် သုံးမျိုးပါပဲဖြစ်ဖြစ်၊ လေးမျိုးပါပဲဖြစ်ဖြစ် အရေးကြီးတဲ့ (A) ကတော့ ပါနေပါတယ်။
မေး။ ။ကမ္ဘာ့တောင်ခြမ်းအတွက် တုပ်ကွေးကာကွယ်ဆေးနဲ့ ကမ္ဘာ့မြောက်ခြမ်း အတွက် တုပ်ကွေးကာကွယ်ဆေးဆိုပြီး နှစ်မျိုးရှိတယ်လို့ သိရပါတယ်။ အဲဒါ လည်း ရှင်းပြပေးပါဦး။
ဖြေ။ ။ဟုတ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကြီးက ကမ္ဘာတစ်ဝန်းမှာဖြစ်တဲ့ တုပ်ကွေးရောဂါအခြေအနေကို သုံးသပ်ပြီး နောက်နှစ်အတွက် တုပ်ကွေး ကာကွယ်ဆေးတွေမှာ ပါသင့်တဲ့မျိုးကွဲတွေ သတ်မှတ်ပေးပါတယ်။ ကမ္ဘာ့ တောင်ခြမ်းမှာဖြစ်တဲ့ ဩစတြေးလျ၊ နယူးဇီလန်စတဲ့ နိုင်ငံတွေအတွက် ထုတ်တဲ့တုပ်ကွေးက မြန်မာပြည်ကို မေလလောက်မှာ ရောက်ပါတယ်။ မိုးတွင်းမှာပေါ့။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း မိုးတွင်းမှာ တုပ်ကွေးပိုး ဖြစ်တော့ ကမ္ဘာ့တောင်ခြမ်း တုပ်ကွေးရောဂါပိုး ကာကွယ်ဆေးနဲ့ ပိုပြီးကိုက်ပါတယ်။ အမေရိကန်လို ကမ္ဘာ့မြောက်ခြမ်း နိုင်ငံတွေအတွက် ထုတ်တဲ့ ကာကွယ်ဆေးက မြန်မာပြည်ရဲ့ ဆောင်းရာသီမှာ ရောက်ပါတယ်။ ဒါပေမယ့် အခုနှစ်တွေမှာတော့ ကမ္ဘာ့တောင်ခြမ်းရော၊ မြောက်ခြမ်းရောအတွက် ထုတ် တဲ့ကာကွယ်ဆေးတွေမှာ A(H1N1) pdm 09-like-virus ကတော့ အမြဲပါပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့တော့ မိုးတွင်းမှာ လာထိုးတဲ့ လူတွေကို မိုးတွင်း ကာကွယ်ဆေး (တောင်ခြမ်း)၊ ဆောင်းတွင်းမှာ လာထိုးတဲ့ လူတွေကို (ကမ္ဘာ့မြောက်ခြမ်း) ကာကွယ်ဆေးထိုးပေးလိုက်တာပါပဲ။
မေး။ ။တုပ်ကွေးကာကွယ်ဆေးက တစ်ခါထိုးရင် ဘယ်လောက်ခံသလဲ။
ဖြေ။ ။တုပ်ကွေးရောဂါပိုးရဲ့ ပဋိပစ္စည်း (Antigen) တွေက အမြဲပြောင်းလဲနေ ပါတယ်။ ဒါကြောင့် ဒီနှစ်ထိုးထားပေမယ့် နောက်နှစ်ဗီဇမှာ ပြောင်းလဲသွားတဲ့ တုပ်ကွေးပိုးကို ခံနိုင်ရည်မရှိပါဘူး။ ဒါကြောင့် တစ်နှစ်တစ်ကြိမ် ပြန်ထိုးရပါတယ်။
မေး။ ။ဘယ်အသက်အရွယ်က စထိုးလို့ ရပါသလဲ။
ဖြေ။ ။အသက် ခြောက်လကစပြီး ထိုးလို့ရပါတယ်။ အသက် ရှစ်နှစ်အောက် ကလေး တွေမှာ ဆိုရင်တော့ ပထမဆုံးထိုးတဲ့နှစ်မှာ တစ်လခြားပြီး နှစ်ကြိမ်ထိုးရပါတယ်။ နောက်နှစ်တွေမှာတော့ တစ်ကြိမ်ပဲ ထိုးဖို့လိုပါတယ်။ အသက်ရှစ်နှစ် အထက်ဆိုရင်တော့ စထိုးရင်လည်း တစ်ကြိမ်ပဲ လိုပါတယ်။
မေး။ ။ကလေးဆေး၊ လူကြီးဆေးရှိတယ်လို့ ကြားရတယ်။ ဟုတ်ပါသလား ဆရာ။
ဖြေ။ ။ဟုတ်ပါတယ်။ ဒါပေမယ့် ပမာဏသာ ကွာခြားတာပါ။ သုံးနှစ်အောက် ကလေး တွေအတွက် ကလေးဆေးက ဝ ဒသမ ၂၅ စီစီပဲပါပြီး သုံးနှစ်အထက်က စထိုးတဲ့ လူကြီးဆေးက ဝ ဒသမ ၅ စီစီပါပါတယ်။ ကလေးဆေးမရှိရင် လူကြီး ဆေးနဲ့ တစ်ဝက်ထိုးပေးရပါတယ်။
မေး။ ။ဘယ်သူတွေကို ဦးစားပေးထိုးသင့်သလဲ။
ဖြေ။ ။လူတိုင်း၊ အရွယ်တိုင်း ထိုးထားရင်တော့ ကောင်းပါတယ်။ ဦးစားပေးသင့်တာ ကတော့ တုပ်ကွေးရောဂါဖြစ်ပြီး နောက်ဆက်တွဲဆိုးကျိုးတွေနဲ့ ဒုက္ခရောက်နိုင်တဲ့သူတွေပါ။ အဲဒါတွေကတော့ ငါးနှစ်အောက်ကလေး၊ ၆၅ နှစ်အထက် လူကြီး၊ နောက်နဂိုကတည်းက ကျန်းမာရေးမကောင်းတဲ့ ဥပမာ နာတာရှည် နှလုံးရောဂါ၊ အဆုတ်ရောဂါ၊ သွေးအားနည်းရောဂါ၊ ဆီးချို၊ သွေးတိုး စတာတွေ ရှိတာနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေပါ။
မေး။ ။ကျန်းမာရေးဝန်ထမ်းတွေ အကုန်ထိုးထားသင့်တယ်ဆိုတာ ဟုတ်ပါ သလား။
ဖြေ။ ။ဟုတ်ပါတယ်။ လူနာနဲ့ ထိတွေ့နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ ဆေးကျောင်းသား ကျောင်းသူတွေ၊ သူနာပြုသင်တန်းသားတွေ စသည်တို့ဟာ ရောဂါအလွယ်တကူ ကူးစက်နိုင်ပါတယ်။ တစ်ခါသူတို့မှာ ရောဂါပိုးရှိရင် သူတို့ကုသနေတဲ့၊ နဂိုကတည်းက ကျန်းမာရေးချို့တဲ့နေတဲ့ လူနာတွေကို ကူးစက်သွားရင် သာမန်လူတွေထက်ပိုမိုဆိုးတဲ့ အကျိုးဆက်တွေရမှာပါ။ ဒါကြောင့် မဖြစ်မနေ ထိုးသင့်တာပါ။
မေး။ ။ကိုယ်ဝန်ဆောင်နေစဉ် ဒီဆေးထိုးရင် အန္တရာယ်ကင်းရဲ့လား။
ဖြေ။ ။ကိုယ်ဝန်နဲ့ဘယ်အစိတ်အပိုင်းကာလမဆို ဒီဆေးကို အန္တရာယ်ကင်းကင်းထိုး နိုင်ပါတယ်။
မေး။ ။ဒီဆေးက အန္တရာယ်ကင်းရဲ့လား။
ဖြေ။ ။အန္တရာယ်ကင်းပါတယ်။ မလိုလားအပ်တဲ့ အာနိသင်အနေနဲ့ ထိုးတဲ့နေရာမှာ နာခြင်း၊ အနည်းငယ်ဖျားခြင်း၊ တုပ်ကွေးအပျော့စားဖြစ်ခြင်းတွေဖြစ်နိုင်ပါတယ်။ အခြားကြီးမားတဲ့၊ မလိုလားအပ်တဲ့ အာနိသင်ကတော့ မရှိသလောက်ပါပဲ။
မေး။ ။အမျိုးသားကာကွယ်ဆေးထိုးစီမံချက်များ ပါသလား ဆရာ။
ဖြေ။ ။မပါသေးပါဘူး။ နိုင်ငံတော်အနေနဲ့ တစ်နှစ်တစ်ခါ ပြန်ထိုးပေးနိုင်လောက်တဲ့ ကုန်ကျစရိတ်ကိုမတတ်နိုင်သေးပါဘူး။ အခါအားလျော်စွာ-ဥပမာ ကပ်ရောဂါ ဖြစ်တဲ့အချိန်မှာ တချို့အုပ်စု(ဥပမာ-ကျန်းမာရေးဝန်ထမ်းတွေ)ကို ထိုးပေး တာမျိုး ရှိနိုင်ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့တော့ မဖြစ်နိုင်ပါဘူး။
မေး။ ။ပြင်ပမှာထိုးရင် ဘယ်လောက်လောက် ကုန်ကျပါသလဲ။
ဖြေ။ ။ကုမ္ပဏီတစ်ခုနဲ့တစ်ခု ဈေးကွာခြားမှုရှိပါတယ်။ ဒီနှစ် မေလစတင် ထိုးတုန်းကတော့ ဆေးဖိုးကတော့ ၁၅၀ဝဝ နဲ့ ၂၀ဝဝဝ ကြားမှာ ရှိပါတယ်။ အခုတော့ဈေးတက်တယ် ကြားပါတယ်။ မကြာခင်ပြန်ဝင်လာရင် ဈေးကျသွားပါလိမ့်မယ်။
မေး။ ။နိုင်ငံခြားကို အပြေးအလွှားသွားထိုးဖို့လိုသလား ဆရာ။
ဖြေ။ ။အဲဒီလိုလည်းမလိုပါဘူး။ တုပ်ကွေးက နှစ်စဉ်အနည်းနဲ့အများဖြစ်နေတာပါ။ လူတိုင်းမှာလည်း မပြင်းထန်ပါဘူး။ အခုစောင့်ကြပ်ကြည့်ရှု သတိပြုနေ လို့သိရတာပါ။ တချို့ကျန်းမာသန်စွမ်းတဲ့လူတွေမှာ ရောဂါပိုးဝင်သွားပြီး လက္ခဏာမပြတာတောင်ရှိပါတယ်။ တချို့လည်း သာမန်အာဂန္ဓု/ဖျား တာလောက်နဲ့ပြီးသွားနိုင်ပါတယ်။
မေး။ ။ဘယ်လိုနှစ်တွေမှာ ပြင်းထန်လေ့ရှိသလဲ။
ဖြေ။ ။တုပ်ကွေးဗိုင်းရပ်ပိုးရဲ့ ဗီဇပြောင်းလဲမှု အကြီးအကျယ်ဖြစ်ခြင်း (Antig-enic Shift) ဖြစ်ရင်တော့ လူတွေမှာ ခံနိုင်ရည်မရှိလို့ ပြင်းပြင်းထန်ထန် ဖြစ်တတ်ပါတယ်။ အဲဒါ ၂၀ဝ၄ ခုနှစ်က ဖြစ်ခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းလုံး ကပ်ရောဂါလို ဖြစ်ပွားခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီပိုးရဲ့ နာမည်မှာ A(H1N1)-pdm 09 လို့ပါတာပါ။ pdm ဆိုတာ Pandemic (ကမ္ဘာ့ကပ်ရောဂါ) လို့ဆိုတာပါ။ သာမန်ဗီဇပြောင်းလဲမှု (Antigenic drift) လောက်ပဲဖြစ်ရင်တော့ ထူးထူးခြားခြား ပြင်းထန်ဆိုးရွားမှုမရှိပါဘူး။ ဒီနှစ် ၂၀၁၉ မှာ ယခုအချိန်အထိ ထူးထူးခြားခြား ပြင်းထန်ဆိုးရွားတာ မရှိသေးပါဘူး။
မေး။ ။ကာကွယ်ဆေးထိုးထားရင် ပြီးပြည့်စုံပြီလား ဆရာ။
ဖြေ။ ။မဟုတ်ပါဘူး။ ကာကွယ်ဆေးမှာပါတဲ့ ရောဂါပိုးနဲ့ ဒီဒေသဒီနေရာမှာဖြစ်တဲ့ ပိုးကိုက်ရင် ၈၀ ရာခိုင်နှုန်းကာကွယ်နိုင်ပါတယ်။ ၂၀ ရာခိုင်နှုန်းဖြစ်နိုင်ပါ သေးတယ်။ တခြားထိရောက်တဲ့၊ ဈေးလည်းသက်သာတဲ့ကာကွယ်မှုတွေ ကို မဖြစ်မနေလုပ်ရမှာပါ။
မေး။ ။အဲဒီကာကွယ်မှုတွေက ဘာတွေလဲ ဆရာ။
ဖြေ။ ။ဒါကတော့ မီဒီယာတွေမှာ ရေးသားဖော်ပြပြီးပါပြီ။ လက်မကြာခဏဆေးပါ။ လူစုလူဝေးများတဲ့နေရာကိုဖြစ်နိုင်ရင် ရှောင်ကြဉ်ပါ။ အိပ်ရေးဝအောင် အိပ်ပါ။ အာဟာရပြည့်အောင်စားပါ။ ရေများများသောက်ပါ။ နှာခေါင်းအုပ်ကလည်း အတော်အသင့်အသုံးဝင်ပါတယ်။ လူနာနဲ့လက်တစ်ကမ်းအကွာမှာ နေပါ။ လူနာအနေနဲ့လည်း ချောင်းဆိုး၊ နှာချေရင် လက်ကိုင်ပဝါအုပ်ဆိုးတာ၊ နှာခေါင်းပါးစပ်စည်းတပ်တာတွေလည်း လုပ်သင့်ပါတယ်။
မေး။ ။တခြားရောဘာအကြံပြုချင်သေးသလဲ ဆရာ။
ဖြေ။ ။တချို့နိုင်ငံတွေ(ဥပမာ-အိမ်နီးချင်းထိုင်းနိုင်ငံ) မှာဆိုရင် စက်ရုံ၊ အလုပ်ရုံ ပိုင်ရှင်တွေက အကုန်အကျခံပြီး အလုပ်သမားတွေအားလုံးကို ထိုးပေးတာရှိတယ်လို့ သိရပါတယ်။ ဘာလို့လဲဆိုရင် အဲဒီအတွက်ကုန်ကျတဲ့စရိတ်က သူ့ဝန်ထမ်းတွေ တုပ်ကွေးဝင်ပြီး ဖျားနာအလုပ်ပျက်တဲ့ ကုန်ကျစရိတ်ထက် ပိုပြီးသက်သာလို့ပါ။ အဲဒီလိုပဲ တချို့ပုဂ္ဂလိကကျောင်းတွေမှာ ဆရာ ဆရာမ တွေက မိဘတွေရဲ့ သဘောတူညီချက်နဲ့ ကျောင်းသားတွေကို အစုလိုက်ထိုး ပေးတာရှိပါတယ်။
မေး။ ။အခုလို ပြည့်ပြည့်စုံစုံသိရလို့ ကျေးဇူးတင်ပါတယ် ဆရာ။
ဖြေ။ ။အခုအချိန်မှာ လူအများသိချင်နေတဲ့ ဒီရာသီတုပ်ကွေးကာကွယ် ဆေးအကြောင်း ပြောပြခွင့်ရလို့ ကျွန်တော်ကလည်း ဝမ်းသာပါတယ် ဗျာ။ ။
ဒေါက်တာစောဝင်း(ကလေးကျန်းမာရေး)