ကျော့မောင်မောင် - ဥပဒေ
ဥဿလင်းစေတီသည် ရှေးဟောင်းသမိုင်းဝင်စေတီတစ်ဆူဖြစ်သည်။ ရခိုင်နယ်မြေ၏ မွေတော်ငါးရပ် စေတီလည်းဖြစ်၏။ ရှေးဟောင်းကျောက်စာ တစ်ချပ်တွင် “မွေတော်ငါးရပ်၊ မပြတ်ဆီမီးမသေစေရ” ဟု ပါရှိသည်။ ထိုမွေတော်ငါးရပ်မှာ ဥရာဇ်မွေတော်၊ ကျိန်းမွေတော်၊ ဝေသာလီဘုရားမွေတော်၊ ကျောက်ရိုးမွေတော်၊ ဥဿလင်းမွေတော်တို့ဖြစ်သည်
ပုဏ္ဏားကျွန်းမြို့ ဦးရာဇ်တောင်စေတီကား ဦးခေါင်းတည်း၊ မင်းပြားမြို့ ကျိန်းတောင်စေတီကား လည်ပင်းတည်း၊ မြောက်ဦးမြို့ ဝေသာလီဘုရားမွေတော်ကား သည်းပွတ်တည်း၊ ကျောက်တော်မြို့ ကျောက်ရိုးစေတီကား ကျောကုန်းတည်း၊ ပလက်ဝမြို့နယ် ဥဿလင်းစေတီကား အမြီးတည်းဟု ပါရှိသည်
“ဥဿလင်း”ဟု အမည်သညာ ဖြစ်တည်ခဲ့ပုံကို လေ့လာကြည့်မည်ဆိုလျှင် ရခိုင်ရှေးဟောင်းသမိုင်း၏အဆိုအရ ကစ္ဆပနဒီ(ခေါ်) ကုလားတန်မြစ်ဝှမ်းသို့ ရခိုင်လူမျိုးများ မြောက်ဘက်မှဝင်လာသည်ဟု ဆိုပါသည်။ ရခိုင်ဒေသသို့ ရှေးဦးလူများ ဝင်ရောက်လာမှုနှင့်စပ်လျဉ်း၍ အသျှင်စက္ကိန္ဒ၏ ရခိုင်ပုံသေဝတ္ထု (ပထမတွဲ) စာအုပ်တွင် မဇ္ဈိမဒေသ မာလရာဇ်တိုင်း၊ မာဃဒေဝမင်း၏ မြေးတော် သာဂရဒေဝမင်းနှင့် လူသူအမြောက်အမြား ပါဝင်သည့် ရခိုင်ရှေးဦး လူများသည် ကစ္ဆပနဒီမြစ်၏ လက်ဝဲဘက် ချိုင့်ဝှမ်းတွင်မြို့ပြတည်ထောင်နေခဲ့ဖူးသည်ဟု ဆို၏။ ထိုတိုင်းပြည်ကို ရက္ခပူရတိုင်း၊ မြို့တော်ကို ဥန္တရမဓူမြို့ဟု ခေါ်တွင်ခဲ့သည်။ ဤဥန္တရမဓူမြို့ကိုပင် နောင်အခါ ဥဿလင်းဟု ခေါ်တွင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုပါသည်
ရှေးအခါက ရခိုင်နယ်မြေတစ်ခုလုံးကို တိုင်းဒေသကြီး တစ်ဆယ့်နှစ်တိုင်း ခွဲခြားအုပ်ချုပ်ခဲ့ရာတွင် ဥဿလင်းတိုင်းသည်လည်း တစ်ခုအပါအဝင် ဖြစ်ပေသည်။ ဤအချက်ကို မြောက်ဦးခေတ် မင်းရာဇာကြီးစာတမ်းအရ သိရှိနိုင်ပါသည်။ ဥဿလင်းနယ်မြေသည် ရခိုင်ရှေးဟောင်း သမိုင်းဝင်အရပ်ဖြစ်ခဲ့ဖူးသောကြောင့် ထိုခေတ်ထိုအချိန်က ယင်းဒေသ၏ အရေးပါမှုကိုအကြောင်းပြု၍ ယနေ့တိုင် ဥဿလင်းစေတီ၊ ဥဿလင်းကျေးရွာ၊ ဥဿလင်းချောင်းဟူ၍ ဒေသစွဲအမည်များ စွဲကျန်နေပါသေးသည်။
ဥဿလင်းစေတီသည် ချင်းပြည်နယ် ပလက်ဝမြို့အထက် ၄၃ မိုင် အကွာ တွင်ရှိသည်။ ဥဿလင်းချောင်းစီးဝင်ရာ ဥဿလင်းကျေးရွာ၏ အရှေ့ဘက်ကစ္ဆပနဒီမြစ်ကမ်း စေတီကိုင်း ကျေးရွာ၏ နောက်ခံတောင်တန်းရှိ တောင်ကုန်း ပေါ်တွင် ဖူးမြော်နိုင်သည်။ စေတီကိုင်းကျေးရွာသည်ပင် ဥဿလင်းစေတီ၏ တောင်ခြေကိုင်းပြင်တွင် တည်ထားသည်ကို အစွဲပြု၍ စေတီကိုင်းဟု ခေါ်ဆိုခြင်း ဖြစ်သည်
ရခိုင်သမိုင်းအဆိုအရ ပထမဓညဝတီမြို့ကို တည်ထောင်ကာ ရခိုင်နယ်မြေ ၏နန်းဆက်ကို တည်ထောင်ခဲ့သော သူရဲကောင်းမျိုးဆက် မာရယုမင်း၏ ဖခင် အဇ္ဇုနရှင်ရသေ့သည် ကစ္ဆပနဒီမြစ်ဖျား ဥဿလင်းအထက် “သက်” စုဘက် တစ်နေရာတွင် အကျင့်သီလဆောက်တည်ခဲ့သည်။ ရခိုင်ရာဇဝင် လင်္ကာတွင် “ကစ္ဆပနဒီ၊ ကပ်မှီမကင်း၊ ပင်ညောင်ရင်းသို့၊ လျင်ပင်ရသေ့၊ ရောက်သတည်း” ဟု ပါရှိလေသည်။ ဤအချက်ကိုထောက်ခြင်းဖြင့် ဥဿလင်းသည် ပထမဓညဝတီမြို့မတိုင်မီ ရှိနှင့်ပြီးဖြစ်သော ရခိုင်သမိုင်းဝင် အရပ်တစ်ခုဖြစ်ကြောင်း ဖော်ညွှန်းနေသည်။
စန္ဒသူရိယမင်းကြီးတည်ထောင်ခဲ့သော တတိယဓညဝတီမြို့တော်သည် ရှေးခေတ်ရခိုင်ပြည်၏ ရှေးကျသော မြို့တစ်မြို့ဖြစ်ပြီး တိုးတက်ဖွံ့ဖြိုး စည်ပင်ခဲ့သည်။ မြို့တော်ထွန်းကားစဉ်က ဘာသာရေး အဆောက်အအုံ၊ ဘုရင့်နန်းတော်၊ ညီလာခံခန်းမ၊ မှူးမတ်စစ်သူကြီးနေအိမ်၊ ပတ်ဝန်းကျင် မြို့ကြီးမြို့ငယ်စသည်တို့မှာ သူ့ခေတ်နှင့်သူ မြို့တော်အင်္ဂါရပ်နှင့်အညီ တည်ရှိခဲ့ပေသည်။ ဤအချက်ကို ပညာရှိ သိုက်တက်ငလက်ရုံး၏ ဓညဝတီ တတိယလမ်းညွှန် မှတ်တမ်းအရ သိရသည်။ ဤဓညဝတီလမ်းညွှန်တွင် ဥဿလင်းမြို့သည်ဓညဝတီမြို့မှ ၁၇ တိုင်အကွာတွင်ရှိသော မြို့တစ်မြို့ဖြစ်ကြောင်းဖော်ပြပါရှိသည်
တတိယဓညဝတီခေတ်၏ အနွယ်တော် ခြောက်ဆက်မြောက်ဖြစ်သော သူရိယစက္ကမင်း (ဘီစီ-၃၃၂-၂၇၈) သည် ဂေါတမဘုရားရှင်၏ ဗျာဒိတ်အရ ရှင်မဟာတသနှင့် ဗာကုလမထေရ် နှစ်ပါးတို့ ပေးအပ်သော ဓာတ်တော်မွေတော် ၂၄၈ ဆူကို ရခိုင်ပြည်အနှံ့ တည်ထားကိုးကွယ်ခဲ့သည်။ ဥဿလင်းစေတီကိုလည်း သူရိယစက္ကမင်းကပင် သာသနာသက္ကရာဇ် ၂၂၂ (ဘီစီ-၃၂၂) တွင် တည်ထားကိုးကွယ်ခဲ့သည်ဟု သမိုင်းမှတ်တမ်းအရ သိရသည်။ ဉာဏ်တော် ပေ ၄၀ မြင့်၏။ ဓာတ်တော်လေးဆူ ကိန်းဝပ်သည်။
ဝေသာလီ ကျောက်လှေကားခေတ် မဟာတိုင်းစန္ဒြားမင်း (အေဒီ-၃၂၇- ၃၈၄) လက်ထက်တွင် တစ်ကြိမ်၊ လေးမြို့တော် ဒဿရာဇာမင်း (အေဒီ၁၁၂၃- ၁၁၃၉) လက်ထက်တွင် တစ်ကြိမ်နှင့် မင်းဖလောင်း (အေဒီ ၁၅၇၁- ၁၅၉၃)လက်ထက်တွင် တစ်ကြိမ် အသီးသီးပြုပြင်မွမ်းမံခဲ့သည်။
ဤသို့သော သမိုင်းအထောက်အထားအရ ရခိုင်သမိုင်းခေတ်တစ်လျှောက်လုံးမှ အထက်တွင် ဖော်ပြခဲ့သော မဟာတိုင်းစန္ဒြားမင်း၊ ဒဿရာဇာမင်း၊ မင်းစောမွန်၊ မင်းဖလောင်းတို့လက်ထက်တွင် ထိုမင်းများသည် နှစ်စဉ်နှစ်တိုင်း ရခိုင်ပြည်၌ မွေတော်ငါးရပ်ကို အဓိဋ္ဌာန်ဝင်ပြီး ပူဇော်ခဲ့ကြလေသည်။ နောက်ဆုံးတွင် ဥဿလင်းစေတီ၌ ကိုးရက် (သို့) ၄၅ ရက် ဥပုသ်ဆောင်ဝင်၍ အောင်မြေနင်း ကြလေသည်။ ထို့ကြောင့် ဥဿလင်းစေတီကား အမြီးတည်းဟု ကျောက်ထက်အက္ခရာ တင်ခဲ့ခြင်းဖြစ်သည်။
ဤမွေတော်ငါးရပ်တို့ကို ပြုစုရန် ဦးရာဇ်တောင်စေတီကို ဗုဒ္ဓဟူးသား၊ ကျိန်းတောင်စေတီကို ကြာသပတေးသား၊ ဝေသာလီဘုရားကြီးကို အင်္ဂါသား၊ ကျောက်တော်တောင်စေတီကို သောကြာသား၊ ဥဿလင်းစေတီကို တနင်္လာသားတို့ကို အကြီးအမှူးပြု၍ ထီး၊ တံခွန်၊ ဆီမီး၊ ပေါက်ပေါက်တို့ဖြင့်အမြဲမပြတ် ပူဇော်နိုင်မှသာလျှင် ရခိုင်ပြည်ရှိ မင်း၊ မှူးမတ်ပြည်သူတို့ ဘုန်းကြီး သက်ရှည်စေနိုင်သည့် အကျိုးကျေးဇူး ရရှိစေလိမ့်မည်ဟုလည်း ပါရှိသည်။ ပြိုပျက်နေသည့် စေတီဌာပနာတိုက်အတွင်းမှ ဓာတ်တော်၊ မွေတော်၊ ဘုရား ဆင်းတုတော်များနှင့်အတူ ဒေသခံခူမီးတိုင်းရင်းသူတို့၏ နားဝတ်တန်ဆာ “နားကွင်းကြီးနားတောင်း”တစ်စုံကို တွေ့ရှိရသည်ဟု ခူမီးမျိုးနွယ်စု သမိုင်းစာအုပ်မှ မှတ်သားရပါသည်။ ထို့ကြောင့်ဒေသခံခူမီးလူမျိုးတို့သည် ရှေးအခါက ဗုဒ္ဓဘာသာ သက်ဝင်ယုံကြည်ခဲ့ကြသူများ ဖြစ်ခဲ့ကြသည့်အပြင် အချို့မှာ ယနေ့တိုင် ယုံကြည်သက်ဝင်နေဆဲဖြစ်ကြောင်း တွေ့ရသည်။
အချို့က ဥဿလင်းစေတီကို ကဿပဘုရားရှင်လက်ထက်က အောင်သလင်းစေတီဟု ခေါ်တွင်ခဲ့ကြောင်း၊ ရှေးရခိုင်ဘုရင်မင်းတစ်ပါး စစ်ချီရာတွင် စစ်နိုင်ပါက ဤနေရာတွင် ဘုရားတည်မည်ဟု ကတိသစ္စာပြု၍ အောင်မြေ နင်းပြီး တိုက်ခိုက်ခဲ့ရာ ခုနစ်ရက်အတွင်း အနိုင်ရခဲ့ကြောင်း၊ အပြန်တွင် စေတီတည်ခဲ့ခြင်းဖြစ်ကြောင်း၊ နောင်တွင် ဥဿလင်းမြို့ဟောင်းနှင့် ဥဿလင်း ချောင်းစီးဝင်ရာ ကစ္ဆပနဒီအရှေ့ဘက် တောင်ကုန်းပေါ်တွင် တည်ရှိသည်ကိုအစွဲပြု၍ ဥဿလင်းစေတီဟု ခေါ်တွင်ကြောင်းလည်း အဆိုရှိသည်။ မည်သို့ပင်ဆိုစေ ဥဿလင်းစေတီကို ရခိုင်ဘုရင်တို့ ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံခဲ့ပြီးနောက် မည်သည့်အချိန်က ပြန်လည်ပျက်စီးသွားသည်ကို တိကျစွာ မဆိုနိုင်ကြပေ။ ဤစေတီမှာ စာရေးသူတို့ အရွယ်ရောက်ပြီးသည့်တိုင် ပျက်စီး ယိုယွင်းနေသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံ ဧရာဝတီမြစ်ကြောင်း အထက်တွင် “ကောင်းမှုလုံ”၊ အလယ်တွင် “ရွှေစည်းခုံ”၊ အောက်တွင် “ရွှေတိဂုံ” ဟု အဆိုရှိပါသည်။ ထို့အတူ ရခိုင်ပြည် ကစ္ဆပနဒီ မြစ်ကြောင်းတွင်လည်း အထက်တွင် “ဥဿလင်း”၊ အလယ်တွင် “ကျောက်ရိုးတော်” အောက်တွင် “ဦးရာဇ်တော်” ဟုဆိုစမှတ်ပြုခဲ့ကြပါသည်။ ဤအဆိုနှစ်ရပ်စလုံး၏ ထူးခြားချက်မှာ မြစ်ကြောင်း နှစ်ခုစလုံးရှိ စေတီတော်များသည် ကောင်းကင်မြေတိုင်း မြေပုံအရ လောင်ဂျီတွဒ်မျဉ်း တစ်ကြောင်းစီတွင် ဖြောင့်တန်းစွာ တည်ရှိနေသည်ဟု ဆိုပါသည်။ ဤအဆိုအရ ရှေးအခါက ကောင်းကင်မြေတိုင်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှု၊ ဗိသုကာလက်ရာ ပြောင်မြောက်ခဲ့မှုတို့ကို ခန့်မှန်းသိရှိနိုင်ပါသည်
၁၉၉၂-၁၉၉၃ ခုနှစ်တွင် စေတီတော်ကို တစ်ဖန်ပြန်လည် မွမ်းမံတည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ စေတီတော်ကြီး ပြန်လည်တည်ဆောက်ပြီးစီးသည့် နောက်တွင် ရွှေရောင်တဝင်းဝင်းနှင့် သပ္ပာယ်စွာဖြင့် အဝေးကပင်လှမ်းမြင်ဖူးတွေ့နိုင်သည်။ စေတီတော် ထီးတင်ပွဲနှင့် ဗုဒ္ဓပူဇနိယ ပွဲတော်ကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ ရှေးဟောင်းသမိုင်းဝင် ဥဿလင်း စေတီမှာ ဆီမီးမပြတ်တော့ဘဲ။ ကြည်ညိုသပ္ပာယ်လွန်းလှသည်။ သဒ္ဒါကြည်လင် ပါရမီရှင်များအနေဖြင့်လည်း သိရှိဖူးမြော်နိုင်ကြစေရန် ရည်သန်၍ ဥဿလင်းစေတီတော်မြတ်ကြီးအကြောင်းကို ဤဆောင်းပါးဖြင့် ဦးညွှတ်ရေးသားပူဇော်အပ်ပါသည်။
ကြေးမုံ