ဦးဟန်ညွန့် (ဥပဒေ)

 

နိဒါန်း

 

“ဆရာ”

 

“ဗျာ”

 

“ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ”

 

“ရှေ့နေနှင့်သမိုင်းပါ”

 

“ပြီးခဲ့တဲ့အပတ်ကလည်း ရှေ့နေနှင့်သမိုင်းရနံ့ ပျံ့ပျံ့သင်းသင်းဆောင်းပါးရေးခဲ့သေးတယ် မဟုတ်လား”

 


“ဟုတ်ပါတယ်၊ သမိုင်းဆိုင်ရာဆောင်းပါးတွေချည်းပါပဲ”


“ရည်ရွယ်ချက်ရှိမှာပေါ့နော်”

 

“သမိုင်းကိုလေ့လာတာ မအရအောင်လို့ပါ” 

 

သမိုင်း

 

သမိုင်း (n) (n) history; legend( Pali-or®Kwd)

သမိုင်းကြောင်း (n) (n)source of history; annals.

သမိုင်းတင်(v) record an event of historical significance 

သမိုင်းဝင်(adj) historic. 

(မြန်မာအင်္ဂလိပ်အဘိဓာန်၊ စာ-၄၉၀ တွင် သမိုင်း၏ အဓိပ္ပာယ်ကို ဤသို့ဖွင့်သည်)

 

လေ့လာဖတ်ရှုရင်း

 

ကျွန်တော်သမိုင်းကို လေ့လာသည်။ ဖတ်ရှုသည်။ သမိုင်းက ကျယ်ပြန့်သည်။ အဆုံးမရှိသေး။  ကိုယ်နိုင်သမျှ၊ စွမ်းသမျှ၊ အချိန်ရသမျှ လေ့လာရတာပါ။ ဖတ်ရတာပါ။ ကျယ်ကျယ်ပြန့်ပြန့်ကြီး မဟုတ်သေး၊ ဟိုတစ်စ၊ ဒီတစ်စ။ ကျမ်းပြုဆရာကြီးတွေ ရေးသော သုတေသနစာတမ်းတွေ ဖတ်ရသည်။ သုတေသနစာတမ်းဖတ်ပွဲများသို့ တက်ရောက်နားထောင်ရသည်။ မှတ်သားရသည်။ မှတ်မိသမျှ ဆောင်းပါးရေးတာလောက်ပါပဲ။ ပညာရှင်တွေကို အားကျပြီး သူတို့သုတေသနပြုထားတာတွေကို စိတ်ဝင်တစား ဖတ်ရှုမှတ်သားရတာပါ။ 

 

ခေတ်ပြိုင်သမိုင်းဆိုင်ရာ 

 

၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ ၄ ရက်အထိ ခေတ်ပြိုင် သမိုင်းဆိုင်ရာ စာပေစာတမ်းဖတ်ပွဲ၊ ဆောင်းရာသီ စာအုပ်ဈေးရောင်းပွဲတော်ကို ပြန်ကြားရေးဝန်ကြီးဌာနက ရန်ကုန်တွင် ကျင်းပခဲ့သည်။ ထိုပွဲသို့ ကျွန်တော်တက်ရောက်ခဲ့သည်။ လေ့လာနားထောင်ခဲ့သည်။ မှတ်သားခဲ့သည်။ စာတမ်း ၁၄ စောင် ဖတ်ကြားခဲ့ကြသည်။ 

 

ဒေါက်တာတိုးလှ

 

သမိုင်းပညာရှင် ဒေါက်တာတိုးလှက ကျွန်တော်နှင့်တစ်ရွာတည်းသားပါ။ ပခုက္ကူသားပါ။ ကျွန်တော့် အစ်ကိုကြီး(စီနီယာ)ပါ။ သူကသမိုင်းပညာရှင်၊ ကျွန်တော်က ဥပဒေလေ့လာသူ။ တစ်ဦးနှင့်တစ်ဦး စာပေခရီးတွေ အတူသွားခဲ့ကြ၊ ဆွေးနွေးခဲ့ကြ၊ ငြင်းခုံခဲ့ကြ၊ ဖလှယ်ခဲ့ကြဖူးပါသည်။  ထိုနေ့က ဒေါက်တာတိုးလှ ဖတ်ကြားခဲ့တဲ့စာတမ်းက  ‘သမိုင်းနှင့်နိုင်ငံရေး’ ပါ။ အလွန် စိတ်ဝင်စားစရာကောင်းတဲ့ စာတမ်းပါ။ သဘာပတိအဖွဲ့ဝင်များအဖြစ် ဦးအေးချို (မဟာဝိဇ္ဇာ)နှင့် ဒေါက်တာ ကျော်ဝင်းတို့က ဆောင်ရွက်ခဲ့ကြပါသည်။   ဤဆောင်းပါးတွင် စာတမ်းအကြောင်း အသေးစိတ်မတင်ပြပါ။ သမိုင်းကိုဘယ်လိုကျွန်တော်နားလည်၊ ခံယူမိသလဲဆိုသည်ကိုသာ ပြန်လည်ဖောက်သည်ချသည့်သဘောပါ။ စာဖတ်ပရိသတ်နှင့်အတူ ခံစားကြည့်ခြင်းပါ။

 

သမိုင်းနှင့်နိုင်ငံရေး

 

သမိုင်းနှင့် နိုင်ငံရေးသည် ခွဲမရအောင် တွဲဖက်ဆက်စပ်လျက်ရှိနေသည်။ (လူသားပယောဂနှင့် ယှဉ်သော) မျက်မှောက် အခြေအနေနှင့် ဖြစ်ပျက်တိုးတက်မှုမှန်သမျှသည် နိုင်ငံရေးသဘောဖြစ်၍   နိုင်ငံရေးသည် အစဉ်လှုပ်ရှားပြောင်းလဲနေသည်။ ကာလတစ်ခုကျော်သွားပြီး တည်ငြိမ်သွားသောအခါ ထိုနိုင်ငံရေးအဖြစ်အပျက်အားလုံးသည် သမိုင်းခွင်ထဲသို့ ရောက်ရှိသွား တော့သည်တဲ့။ သမိုင်းကို လူတစ်ဦး၊ မိသားတစ်စု၊ လူ့အဖွဲ့အစည်းတစ်ခု၊ လူမျိုးစုတစ်စု၊ ပထဝီ အဝန်းအဝိုင်း တစ်ခုတည်းရှိ လူသားထုတစ်ရပ်လုံးနှင့်ဆိုင်သော  ဖြစ်စဉ်မှတ်တမ်းများကို  ကျိုးကြောင်း ဆင်ခြင်တုံတရားနှင့် ကောင်း- ဆိုး၊ မှား-မှန် ဝေဖန်ထောက်ရှုလျက် လူမှုဘဝဆက်လက်ရှင်သန် တိုးတက်ကောင်းမွန်အောင် ရည်မှန်းချက်ဖြင့် ယထာဘူတကျကျ ရေးသားရသည်။ ထိုသို့ရေးသားထားသောအကြောင်းအရာ အတ္ထုပ္ပတ္တိများကို သမိုင်းဟုဆိုသည်။ သမိုင်းသည် တစ်ဦးချင်းနှင့် လူမှုအဖွဲ့အစည်း သို့မဟုတ် လူမှုအဖွဲ့အစည်းချင်း အပြန်အလှန်မည်သို့  ဆက်နွှယ်ဖြစ်ပျက်   ပြောင်းလဲသည်များကို လေ့လာသော ဘာသာရပ်တစ်ခုဟုလည်း ဆိုနိုင်သည်ဟု ဒေါက်တာတိုးလှက ရေးသည်။

 

ဈေးဝယ်စာရင်းကပြောသောသမိုင်း

 

အိမ်ရှင်မကောင်းတစ်ယောက်သည် နေ့စဉ်မိသားစုစားဝတ်နေရေးအတွက် အသုံးစာရင်းတစ်ခု ပြုစုခြင်းသည် သမိုင်းရေးသား နေတာပါပဲတဲ့။  
အိမ်ရှင်မ၏မှတ်တမ်းက ကုန်ဈေးနှုန်းအတက်အကျ၊ စားသုံးသော သီးနှံ၊ သားငါး၊ အဝတ်အထည် အသုံးအဆောင်၊ ဝယ်နိုင်စွမ်းအား၊ မိသားစုအဆင့်အတန်းတွေကို ပြောပြနေတာပါပဲတဲ့။  (စာ-၁၈၆) 

 

စုပေါင်းကုသိုလ်မှတ်တမ်းကပြောသောသမိုင်း 

 

ဘုရားတစ်ဆူ၊ ဘာသာရေးအဆောက်အအုံတစ်ခု၊ တောင်တက်စောင်းတန်းတစ်ခု၊ ကုသိုလ်ရှင်   ဆိုင်းဘုတ်ပြားများသည်လည်း သတိမထားမိသော သမိုင်းမှတ်တမ်းများပါပဲ။ ဘာကြောင့်၊ ဘယ်လို၊ ဘယ်သူဟူသော နောက်ဆက်တွဲအတွေးများ၊ မှတ်တမ်းများသည်လည်း   သမိုင်း မှတ်တမ်းများပါပဲ။ (စာ-၁၈၇)

 

သမိုင်းပြုစုပုံ

 

သမိုင်းကို 

 

(၁)  အဖြစ်အပျက်များအနည်ထိုင်ပြီးမှ

(၂)  ရေးသူအပေါ်    ဩဇာလွှမ်းနိုင်သော  လုံးဝကင်း လွတ်မှုအနေအထားများ

(၃) မှတ်တမ်းအရှိအတိုင်း ရေးသားရသော ပညာရပ်ဖြစ်ပါသည်။

 

ဤအကြောင်းသုံးရပ်ကို ဆက်စပ်ဆင်ခြင်သုံးသပ်ပြီး လူသားပယောဂအတိမ်အနက်ကို  ပေါ်အောင်ရေးသားရသည်။  သမိုင်းကို အထောက်အထားခိုင်လုံစွာဖြင့် မြင်နိုင်သမျှမြင်အောင် ပြုစုရသည်။ 

 

ဘက်လိုက်ခဲ့လျှင်

 

သမိုင်းရေးသားသူသည် ဘက်လိုက်ခဲ့လျှင်၊ သမိုင်းအဖြစ်အပျက်အမှန်များကို ထိမ်ချန်ခဲ့လျှင်၊ ကပြောင်းကပြန်ရေးသားခဲ့လျှင်၊ သမိုင်းဆရာ၊ ပညာရှင်ဂုဏ်နှင့် မထိုက်တန်သူဖြစ်သည်။ သမိုင်းရေးသားသူသည်ထိုအချက်ကို အထူးဂရုထားကြရပေသည်။ (စာ-၁၉၀)

 

နိုင်ငံရေးဟူသောဝေါဟာရ

 

ကိုလိုနီခေတ်ရောက်မှ နိုင်ငံရေးဟူသော ဝေါဟာရ စကားလုံးပေါ်ပေါက်လာပုံအမြင်ကို ကျယ်ပြန့်စွာ ဒေါက်တာတိုးလှ ရေးထားသည်။ ၁၉၅၁ ခုနှစ်က ထုတ်ဝေခဲ့သော ဒေါက်တာဘဟန်၏  English –Burmese Dictionary တွင်ပင် Politic ဟူသည်ကို မြန်မာဘာသာဖြင့် အုပ်စိုး၊ အုပ်ချုပ်နည်း၊ အုပ်စိုးနည်း၊ အုပ်ချုပ်ပုံ၊ အုပ်ချုပ်နည်း၊ အုပ်ချုပ်ပုံ၊ အုပ်စိုး-အုပ်ချုပ်သည့် အတတ်ဟုပြန်ဆိုခဲ့ပုံ တင်ပြထားသည်ကို မှတ်သားရသည်။ (စာ-၁၉၃)

 

သီဟသူကို မကြိုက်သည့်အကြောင်းရင်း

 

မှတ်သားစရာတစ်ချက် ကောက်နုတ်၍ ကျွန်တော်ရေးပါရစေ။ ရာဇသင်္ကြန်အမတ်ကြီးသည် ညံ့သောမင်းကို မင်းအာဏာ၌ မရှိစေလို။ ဖယ်ရှားသည်။ သီဟသူနန်းတက်သည်။ သီဟသူကို ရာဇသင်္ကြန်အမတ်ကြီးက မကြိုက်။ မကြိုက်သည့်အကြောင်းက

 

၁။    အမျက်စောင်မာန် ကြီးသည်။

 

၂။    အငြူအစူ ပြင်းသည်။

 

၃။    သူတစ်ပါးသားမယားကို မျက်မုန်းကျိုးတတ်သည်။

 

၄။    လောဘသက္ကာရ ကြီးသည်။

 

၅။    သစ္စာစကား မစောင့်။

 

၆။    ထောက်ထားလေးစားတတ်ခြင်းမရှိ ထို့ကြောင့် မင်းမဖြစ်ထိုက်။ (စာ-၂၀ဝ)

 

ခေါင်းဆောင်ကောင်းကို စောင့်ရသည်

 

နောက်ထပ်မှတ်သားစရာတစ်ချက် ရှိသေးသည်။ ခေါင်းဆောင်ကောင်းကို စောင့်ရသည့် အကြောင်းပါ။ ရှုပါ။

 

ဒွတ္တဘောင်မှ ပျူစောထီးရောက်အောင် အနှစ်၆၀ဝ ကျော်၊ အနိရုဒ္ဓရောက်အောင် အနှစ် ၈၀ဝ ကျော် ၉၀ဝ နီးပါး စောင့်ခဲ့ရသည်။ တစ်ဖန် အနိရုဒ္ဓမှ ဘုရင့်နောင်ရောက်အောင် အနှစ် ၅၀ဝ စောင့်ခဲ့ရသည်။ ဘုရင့်နောင်မှ  အလောင်းမင်းတရားကြီး ရောက်အောင် အနှစ် ၂၀ဝ စောင့်ခဲ့ရသည်။ အလောင်းမင်းတရားကြီးမှ  ဗိုလ်ချုပ်အောင်ဆန်းရောက်အောင်လည်း အနှစ် ၂၀ဝ (နီးပါး)ပင် စောင့်ခဲ့ရသည်။ ထိုမျှစောင့်ရသဖြင့် သမိုင်းတွင် ခေါင်းဆောင်ကောင်းရရှိအောင် စောင့်ရသည့်အချိန်ကာလသည် ကျုံ့လာပြီ၊ တိုးတက်လာခြင်းသဘောမြင်တွေ့ရကြောင်း ဒေါက်တာတိုးလှ ရေးပြသည်။ (စာ-၂၁၈)  

 

အတိတ်ကနိုင်ငံရေး ဦးဆောင်မှုအမှား

 

သမိုင်းထဲမှာ သင်ခန်းစာကောင်းတွေ  အများကြီးရှိသည်။ မျက်မှောက်ခေတ်တွင် ကိုယ်တွေ့ကြုံရသည်များလည်း ရှိသောကြောင့် အတိတ်ကနိုင်ငံရေး ဦးဆောင်မှုအမှားများကို နိုင်ငံရေးသံဝေဂ  ယူသင့်ကြပါသည်ဟု ဒေါက်တာတိုးလှက  သမိုင်းနှင့်နိုင်ငံရေး (သူ့စာတမ်း)ကို နိဂုံးချုပ်ထားသည်။

 

မှတ်သားစရာစုံလင်ပါသည်

 

ဒေါက်တာ တိုးလှ၏ စာတမ်းတွင် မှတ်သားစရာတွေပါသည်။ စုံသည်။ ဤနေရာမှာ ခြုံငုံမိသမျှ ကျွန်တော်ပြန်ရေးခြင်းပါ။ အဓိက  တင်ပြမျှဝေလိုသည်မှာ လူတစ်ယောက်၏ဘဝ၊  လူတစ်ယောက်၏သမိုင်းကို ဘယ်လိုခံစားရမလဲ။ ဘယ်လိုရေးခြယ်ရမလဲ။ ဘယ်လိုမှတ်တမ်းတင်ရမည်လဲ။ ဘယ်လိုနားလည်လက်ခံမိသလဲ။  ဘယ်လိုပါဝင်ကပြမည်လဲ။ 

 

သမိုင်းစာအုပ်တွင် ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်းဟူ၍ ရှိသည်။ ငယ်ငယ်ကျောင်းသားဘဝကတည်းက သင်ယူခဲ့ရသည်။ ကမ္ဘာ့မြေပုံ၊ မြန်မာပြည်မြေပုံ တွေ့ကြုံရသည်။ ပင်လယ်တွေအကြောင်းဖတ်ရသည်။ မြစ်တွေအကြောင်း သင်ရသည်။  ခေါင်းဆောင်ကြီးများအကြောင်း လေ့လာရသည်။ အဆိုးအကောင်း အားကျရသည်။ မေးခွန်းတွေ ဖြေရသည်။ စာမေးပွဲတွေမှာ ဖြေဆိုရသည်။ ထိုစဉ်က   ကျောင်းသင်ခန်းစာ သမိုင်းပါကလား။ ယခုလက်တွေ့ဘဝရောက်ပြီ။

 

အသက်ရလာပြီ

 

အသက်ရလာတော့ သမိုင်းကိုပိုပြီး ဖတ်ဖြစ်သည်။ ကိုယ်လည်း သမိုင်းထဲက လူသား။  အလကားနေ၍မရ။ အလုပ်လုပ်ရသည်။ ခရီးထွက်ရသည်။ သူငယ်ချင်းများ၊ မိတ်ဆွေများနှင့် စကားပြောရသည်။ လောဘ၊ ဒေါသ၊ မောဟတွေဖြစ်ရသည်။ ပတ်ဝန်းကျင်ကလည်း အစုံအလင်။  အုပ်ချုပ်သူ၊ အုပ်ချုပ်ပုံ၊ ပွင့်လင်းမြင်သာမှု၊ တရားမျှတမှု၊ လွတ်လပ်ရေး၊ ဖိနှိပ်ချုပ်ချယ်မှု စသည်စသည်။ 

 

သမိုင်းဝင်ပုဂ္ဂိုလ်တွေ သေလွန်ပြီးအနှစ် ၅၀ ကြာမှ သူတို့အကြောင်း သမိုင်းရေးသင့်သည်ဟုပင် ဝေဖန်သူတွေက ထောက်ပြနေကြပြီ။ စာရှုသူများ သဘောတူကြပါမည်လား။

 

ကိုယ်သာလျှင် ကိုယ့်ဘဝပဲ့ကိုင်။

 

ကိုယ့်သမိုင်း ကိုယ်ရေးနေကြသည် မဟုတ်လား။

 

နိဂုံး

 

(၁)  ကျွန်တော်က သမိုင်းပညာရှင်မဟုတ်ရပါ။

 

(၂)  ဥပဒေစာအုပ်တွေဖတ်ရင်း အလှည့်အပြောင်းအဖြစ် မအအောင် သမိုင်းစာတမ်းကို ဖတ်မိခြင်း မျှသာ။

 

(၃)  ဒေါက်တာတိုးလှကဲ့သို့    သမိုင်းပညာရှင်များ တိုးပွားပြီး သမိုင်းစာတမ်းများ ပီပီသသ ရေးသားနိုင်ကြပါစေကြောင်း ... ။