နေပြည်တော် ၇ ဇူလိုင်
မြန်မာနိုင်ငံသည် နိုင်ငံတကာက လိုလားနှစ်သက်သည့် ဒီမိုကရေစီစနစ်နှင့်အညီ ဒီမိုကရေစီနိုင်ငံအဖြစ် အသွင်ကူးပြောင်းတက်လှမ်းနေသည်မှာ အတော်အတန်ခရီးရောက်နေပြီဖြစ်သည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ သက်တမ်းမှာ နုနယ်ပြီး ပြီးပြည့်စုံမှုမရှိသေးသော်လည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီစံနှုန်းများမှာ ဒီမိုကရေစီ သက်တမ်းရင့်နိုင်ငံများထက်ပင်ကျော်လွန်နေသည့်ဆောင်ရွက်မှုများကို မြင်တွေ့ရမည်ဖြစ်သည်။
ဒီမိုကရေစီစနစ်နှင့်အညီ ရွေးချယ်တင်မြှောက်ခံထားရသော အရပ်သား အစိုးရအနေဖြင့် ဒီမိုကရေစီ စံနှုန်းများနှင့် အလေ့အထများ ရှင်သန်ဖွံ့ဖြိုးစေရေး၊ ဒီမိုကရေစီယ္တရားများ ခိုင်မာအားကောင်းလာရေး၊ တရားဥပဒေစိုးမိုးမှု ဖြောင့်မတ်မှန်ကန်ရေး၊ ရေရှည်တည်တံ့ခိုင်မြဲပြီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ် အေးချမ်းမှုရရှိရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နေကြသည်။
ထိုသို့ကြိုးပမ်းဆောင်ရွက်ရာတွင် အောင်မြင်မှုများ၊ တိုးတက်မှုများ ရရှိနေသကဲ့သို့ တစ်ဖက်တွင် စိန်ခေါ်မှုများ၊ အနှောင့်အယှက်၊ အဖျက်အဆီးများနှင့် ကြုံတွေ့နေရသည်။ စိန်ခေါ်မှုများကို စိတ်မပျက်၊ အားမလျှော့ဘဲ မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်သို့ရောက်အောင် မမှိတ်မသုန် တူရူကြိုးပမ်း တက်လှမ်းလျက်ရှိသည်။ ရည်မှန်းချက်ပန်းတိုင်သို့တက်လှမ်းရာ၌ ကိုယ့်ဝန်ကိုယ်ထမ်း၊ ကိုယ့်လမ်းကိုယ်ဖောက်ခဲ့ရသည်။ မိတ်ကောင်း၊ ဆွေကောင်းများ၏ ပံ့ပိုးကူညီမှုရှိသော်လည်း ပြည်တွင်းအင်အားဖြင့်သာ ကြိုးပမ်းအားထုတ်လျက်ရှိသည်။
စစ်မှန်သောဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေသော ပြည်သူ့အစိုးရ နိုင်ငံ့တာဝန်စတင်ယူစဉ်ကတည်းက ဒီမိုကရေစီနိုင်ငံကြီးများက လူ့အခွင့်အရေးကိုအကြောင်းပြု၍ ဖိအားအမျိုးမျိုးပေးလာသည်မှာ အံ့ဩဖွယ်ဖြစ် သည်။ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဆီသို့ ဦးတည်တက်လှမ်းနေ သည်ကိုမျက်ကွယ်ပြုပြီး လူ့အခွင့် အရေးကိုအကြောင်းပြု၍ အပြုသဘော မဆောင်သည့် ဆောင်ရွက်မှုများ၊ စည်းလုံးညီညွတ်မှု ပျက်ပြား စေမည့်ပြုလုပ်မှုများ၊ နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေ တည်တံ့ခိုင်မြဲမှုကိုထိပါးစေမည့် အပြုအမူများ ပြုလုပ်လျက်ရှိသည်။
တစိုက်မတ်မတ် ဖိအားပေးနေသော ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ ဂျီနီဗာမြို့ ကုလသမဂ္ဂရုံး၌ ဇူလိုင်လ ၂ ရက်နေ့က ပြုလုပ်သော လူ့အခွင့်အရေးကောင်စီအစည်းအဝေးတွင် အထူးအစီရင်ခံစာတင်သွင်းသူက လူ့အခွင့်အရေးစွပ်စွဲမှုများ ပြုလုပ်လာပြန်သည်။ ယင်းနှင့်ပတ်သက်၍ မြန်မာအမြဲတမ်းကိုယ်စားလှယ်က မြန်မာနိုင်ငံအပေါ် စွပ်စွဲမှုများ၊ ထိပါးစေ သည့်လုပ်ရပ်များအား လုံးဝသည်းခံမည်မဟုတ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။
ပြဿနာကို ဓမ္မဓိဋ္ဌာန်ကျကျ ဘက်မလိုက်ဘဲ ရှုမြင်တတ်ရန်၊ မှန်ကန်စွာဆန်းစစ်နိုင်ရန်၊ မှန်ကန်သော အဖြေရှာနိုင်ရန်၊ သက်ဆိုင်သည့်နိုင်ငံတွင် လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးအတွက် အပြုသဘော ဆောင်သည့်နည်းလမ်းဖြင့် ပံ့ပိုးကူညီရန် အရေးကြီးကြောင်း အလေးအနက်ပြောကြားခဲ့သည်။ ထို့အပြင် နိုင်ငံအတွင်းရှိ အစိုးရနှင့်ပြည်သူများ၏ ရှုထောင့်အမြင်၊ နိုင်ငံ၏ ထူးခြားသည့်အခြေအနေနှင့် သမိုင်းကြောင်း၊ ယဉ်ကျေးမှုနောက်ခံများ၊ ကန့်သတ်ချက်များ၊ စိန်ခေါ်မှုများနှင့် ရှုပ်ထွေး နက်နဲမှုများကို လျစ်လျူမရှုသင့် ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်အပါအဝင်သက်ဆိုင်ရာ ကုလသမဂ္ဂယန္တရားများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ကို ထပ်လောင်းအတည်ပြုပြောကြားခဲ့ သည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံသည် လူ့အခွင့်အရေးကို တန်ဖိုးထားလေးစားပြီး စစ်မှန်သော ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်လျက်ရှိရာ မှန်ကန်သောစေတနာဖြင့် အပြုသဘောဆောင်သော ပူးပေါင်း ဆောင်ရွက်မှုများဖြင့်သာ ချဉ်းကပ်ဖြေရှင်းဆောင်ရွက်သင့်သည်။ မြန်မာနိုင်ငံအပေါ် အခြေအမြစ်မရှိသော စွပ်စွဲချက်များဖြင့် နာမည်ဖျက်ရန်၊ သိက္ခာကျဆင်းစေရန် ဖိအားအမျိုးမျိုးပေးခြင်းတို့ကို ပြုလုပ်မည့်အစား ရေရှည်တည်တံ့ခိုင်မြဲသည့် အဖြေရှာမှုများဖြင့် မြန်မာနိုင်ငံနှင့်အတူ အပြုသဘောဆောင်အကောင်းမြင်သော ပူးပေါင်းဆောင်ရွက်မှုများသာ ပြုလုပ်သွားပါရန်အလေးအနက်တိုက်တွန်းအပ်ပါသည်။
ကြေးမုံ