အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့၌ ဇွန်လ ၃၀ ရက်မှ ဇူလိုင်လ ၁၀ ရက်အထိကျင်းပလျက်ရှိသည့် ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုဆိုင်ရာအဖွဲ့(UNSCEO) ၏ (၄၃)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီ ညီလာခံအစည်းအဝေး၌ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ဇူလိုင်လ ၆ ရက်က သတ်မှတ်လိုက်ကြောင်း ကြားသိရသဖြင့် များစွာဂုဏ်ယူဝမ်းမြောက်မိပါသည်။
တည်ရှိနေဆဲဖြစ်သော (သို့မဟုတ်) ကွယ်ပျောက်သွားခဲ့သော ယဉ်ကျေးမှုဓလေ့ (သို့မဟုတ်) မြို့ပြယဉ်ကျေးမှုတစ်ခု၏ အတုမရှိမှု(သို့မဟုတ်) ပြယုဂ်တစ်ခုအနေဖြင့် ကျန်ရှိနေမှု၊ လူ့သမိုင်းတွင် သိသာ ထင်ရှားရသောအဆင့်အတန်း (သို့မဟုတ်) ထို့ထက်ပိုစွာ ဖော်ပြပေးသော အဆောက်အအုံပုံစံများ၊ ဗိသုကာလက်ရာနည်းပညာဆိုင်ရာ အစိတ်အပိုင်းများ၊ ရေမြေဒေသများ၊ လူသားအားလုံး အသိအမှတ်ပြုလက်ခံနိုင်သောအရေးပါထင်ရှားမှုများ၊ ရှင်သန်နေဆဲထုံးဓလေ့များ၊ အတွေးအခေါ် များ၊ ယုံကြည်မှု၊ အနုပညာ၊ စာပေလက်ရာများဖြင့် ဆက်စပ်ဖြစ်ပျက်ခဲ့မှုများစသည့် က္ဘာလုံးဆိုင်ရာ စံတန်ဖိုးများဖြင့် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်ကော်မတီသို့တင်ပြခဲ့ရာ ယခုကဲ့သို့ အသိအမှတ်ပြုခံရခြင်းဖြစ်သည်။
မြန်မာ့မြေပေါ်တွင် သမိုင်းမတင်မီရှေးဦးကာလကတည်းက မြို့ပြ ဖွံ့ဖြိုးမှုနှင့် ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားခဲ့မှုများကို မပျောက်ပျက်သေးသော ယဉ်ကျေးမှုအမွေအနှစ်များအဖြစ် သက်သေထင်ရှားပြနေပါသည်။ မြန်မာနိုင်ငံရှိ မပျောက်ဆုံးသေးသော ရှေးဟောင်းအမွေအနှစ်များ တွင် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသသည် ယနေ့ထက်တိုင် သက်ဝင်လှုပ်ရှားမှုအရှိဆုံးအမွေအနှစ်ဟု ဆိုချင်ပါသည်။ ကမ္ဘာလုံးဆိုင်ရာ စံတန်ဖိုးများနှင့်ကိုက်ညီသကဲ့သို့ မြန်မာတို့ ယနေ့ထက်တိုင် လက်ခံအသိအမှတ်ပြုဆဲဖြစ်သော ယဉ်ကျေးမှုစံနှုန်းများနှင့် ထုံမွမ်းလွှမ်းခြုံနေဆဲဖြစ်ပါသည်။ ပုဂံယဉ်ကျေးမှု၊ ပုဂံဓလေ့ထုံးစံများကို မြန်မာတို့ ယနေ့ထက်တိုင် မြတ်နိုးတန်ဖိုးထားအသုံးပြုနေဆဲ ဖြစ်ပါသည်။ယဉ်ကျေးမှုအမွေအနှစ်များကို များသောအားဖြင့် မြေအောက်မှဖော်ထုတ်လေ့ရှိပြီး မြေပေါ်တွင် အထင်အရှားရှိနေသော ရှေးဟောင်း အမွေအနှစ်များတွင် ပုဂံဒေသသည် အထူးခြားဆုံးဖြစ်ပါသည်။
ပုဂံဒေသ သည် အစဉ်အဆက် သက်ဝင်လှုပ်ရှားဖြစ်နေခြင်းမှာ ဗုဒ္ဓအမွေအနှစ်များ လွှမ်းခြုံထားခြင်းကြောင့် ဖြစ်ပါသည်။ ဗုဒ္ဓသာသနာသမိုင်းတွင် မြန်မာနိုင်ငံ၌ ပုဂံခေတ်မှစတင်၍ ထေရဝါဒုဗုဒ္ဓဘာသာကို စတင်ယုံကြည်ကိုးကွယ်ခဲ့ရာ ယနေ့ထက်တိုင်ဖြစ်သည်။
ဘာသာရေးကိုအခြေခံသည့် ပုဂံခေတ်ကိုယ်ပိုင်ဟန်ဖြင့် တည်ရှိခဲ့သော ရှေးဟောင်းအဆောက်အအုံများမှ ဗိသုကာလက်ရာများ၊ စွဲမက်ဖွယ်ရာ ရှိသည့် ပန်းဆယ်မျိုးအနုပညာလက်ရာများ စသည့် စေတီ၊ ပုထိုး အဆောက်အအုံများကို ကမ္ဘာတည်သရွေ့ တည်ရှိနေစေရန်မှာ မြန်မာတို့၏ မြတ်နိုးတန်ဖိုးထားမှုနှင့် ထိန်းသိမ်းစောင့်ရှောက်မှုတို့အပြင်တစ်ကမ္ဘာလုံးကပါတန်ဖိုးထားထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေးကိုပါ ကြိုးပမ်းအားထုတ်ရပါမည်။
၂၀၁၄ ခုနှစ် ဇွန်လ ၂၂ ရက်က ကာတာနိုင်ငံ ဒိုဟာမြို့တွင် ကျင်းပ ခဲ့သော (၃၈) ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီ ညီလာခံအစည်းအဝေး၌ မြန်မာ့မြေပေါ်မှ ပျူမြို့ဟောင်းသုံးမြို့ဖြစ်သည့် ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာ တို့ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ်ဦးစွာလက်ခံအသိအမှတ်ပြုပြီးနောက် ယခုပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသသည် မြန်မာနိုင်ငံအတွက် ဒုတိယအကြိမ်မြောက် အသိအမှတ်ပြု ခံရသည့် ယဉ်ကျေးမှုဂုဏ်ဒြပ်ဖြစ်ပါသည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံ မြန်မာ့မြေတွင် မြန်မာတို့၏သမိုင်းအမွေအနှစ်၊ သမိုင်းဂုဏ်ဒြပ်နှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်တို့ကို မြင့်မားစေသည့်ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ အမြောက်အမြားရှိရာ ယ ခုကဲ့သို့ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရေးကို ဆက်လက်ကြိုးပမ်းအားထုတ်ကြ ရမည် ဖြစ်ပါသည်။ ကြေးမုံ