ခြူးစန္ဒီနွေး

ဗင်နီဇွဲလားနိုင်ငံမှာ အခြေခံစားသောက်ကုန် တွေပြတ်လပ်တာကြောင့် ပြည်သူတွေ အခက်တွေ့ရတာလည်း ဟိုးအရင်ကတည်းကပါ။ အခုလည်း လောင်စာဆီ ပြတ်လပ်မှုကြောင့် ဗင်နီဇွဲလားနိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍကို ခြိမ်းခြောက်လာပြန်ပါတယ်။

သီးနှံတွေစွန့်ပစ်လိုက်ရ

စီးပွားရေးအကျပ်အတည်းတွေနဲ့ ပြင်းပြင်းထန်ထန် ရင်ဆိုင်နေရတဲ့အချိန် အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကြောင့် လောင်စာဆီရှားပါးလာမှု နဲ့ မှားယွင်းတဲ့ စီမံခန့်ခွဲမှုတွေကြောင့် ဗင်နီဇွဲလားနိုင်ငံရဲ့ အစားအသောက်ထုတ်လုပ်တဲ့ ကဏ္ဍကိုရိုက်ခတ်လာပါတယ်။ ဗင်နီဇွဲလားနိုင်ငံအတွင်းက လယ်သမားတစ်ဦးကတော့ မကြာသေးခင်ကဘဲ သူ့ရဲ့ပျက်စီးနေတဲ့  သီးနှံတွေအားလုံးကို စွန့်ပစ်လိုက်ရပါတယ်။

လောင်စာဆီ ပြတ်လပ်မှုကတော့ မေလအတွင်းကစပြီး အခက်ကြုံလာတာပါ။ လောင်စာဆီပြတ်လပ်မှုကြောင့်ပဲ နိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍကို ချောက်ကမ်းပါးစွန်ထိအောင် တွန်းပို့လိုက် ပါတယ်။ ဆာလောင်မွတ်သိပ်မှုတွေ၊ အစာအာဟာရ မပြည့်ဝမှုတွေရဲ့ ခြိမ်းခြောက်မှု အန္တရာယ်နဲ့ ရင်ဆိုင်လာရပါတယ်။ ဒီလိုမဟုတ်ရင်တောင် တိုင်းပြည်ရဲ့ ထက်ဝက်နီးပါးသော ပြည်သူတွေဟာ တစ်နေ့မှာ ဟင်းလျာသုံးမျိုးထက် လျော့နည်းပြီး စားသောက်နေရပါတယ်။

လောင်စာဆီရှားပါးလာ

လယ်သမားတစ်ဦးဖြစ်တဲ့ ဂျိုအန်ဒရိုင်း ဆန်တီရာဂိုကတော့ သီးနှံစိုက်ခင်းတွေကို ပြသပြီး အရာအားလုံး ပျက်စီးသွားပြီလို့ ပြောပါတယ်။ အချိန်များစွာ ရင်းနှီးထားတဲ့ လုပ်အားတွေအားလုံးလည်း ဆုံးရှုံးကုန်ပါပြီ။

တကယ်တော့ ဗင်နီဇွဲလားနိုင်ငံဆိုတာ ရေနံပေါကြွယ်ဝတဲ့ နိုင်ငံတစ်ခုပါ။ သို့သော်လည်း နှစ်ပေါင်းများစွာကြာအောင် မှားယွင်းတဲ့ စီမံခန့်ခွဲမှုတွေ၊ အကျင့်ပျက်ခြစားမှုတွေ များလာတာတွေနဲ့ အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေ တဖြည်းဖြည်း များလာတာတွေကြောင့် လောင်စာဆီ ရှားပါးလာပါတယ်။

အစတုန်းကတော့ လောင်စာဆီ ပြတ်လပ်မှုကြောင့် လယ်သမားတွေနဲ့ တောင်သူတွေဟာ သူတို့ရဲ့ သီးနှံကို ဈေးကွက်ကို မတင်ပို့နိုင်ရုံဘဲ ဖြစ်ခဲ့တာပါ။ အခုအခါမှာတော့ သီးနှံအသစ်တွေ စိုက်ပျိုးဖို့ပါ အခက်တွေ့လာခဲ့ပါတယ်။

သီးနှံစိုက်ပျိုးနိုင်အောင်ကြိုစား

လောင်စာဆီပြတ်လပ်မှုဟာ ဗင်နီဇွဲလားနိုင်ငံရဲ့ ခြောက်နှစ်ကြာ စီးပွားရေး ပဋိပက္ခမှာ နောက်ဆုံးရိုက်ခတ်မှုပါပဲ။ ဗင်နီဇွဲလားသမ္မတ မာဒူရိုရဲ့ အုပ်ချုပ်မှုအောက်မှာ စီးပွားရေးတွေ ကမောက်ကမဖြစ်ကုန်ပြီး နိုင်ငံရေးအတိုက်အခံတွေအပေါ် ပြင်းပြင်းထန်ထန် နှိပ်ကွပ်မှုတွေကြောင့် အမေရိကန်အစိုးရရဲ့ ပိတ်ဆို့မှုတွေနဲ့ ကြုံတွေ့လာရပါတယ်။ ရာဇဝတ်မှုတွေ၊ ငွေကြေး ဖောင်းပွမှုတွေ၊ ဈေးနှုန်းထိန်းချုပ်မှုတွေ အားလုံး ယိုယွင်းနေခဲ့ပေမယ့်လည်း လယ်သမားတွေကတော့ သီးနှံတွေ စိုက်ပျိုးထုတ်လုပ်နိုင်အောင် ကြိုးစားခဲ့ကြပါတယ်။

တောင်သူတွေရဲ့ အခက်အခဲ

မစ္စတာဆန်တီရာဂိုရဲ့ စိုက်ခင်းကတော့ ဗင်နီဇွဲလားနိုင်ငံ အနောက်ပိုင်း တောင်တန်းဒေသမှာရှိပါတယ်။ အဲဒီဒေသမှာ တစ်နိုင်ငံလုံးအတွက် အာလူးနဲ့ မုန်လာဥနီ ၆၀ ရာခိုင်နှုန်းကို စိုက်ပျိုးပါတယ်။ ဒါပေမယ့် ၂၀၁၈ နှစ်လယ် ပိုင်းလောက်မှာ သီးနှံရိတ်သိမ်းမှုကို လုပ်နိုင်ပါတယ်။

အဓိကအကြောင်းရင်းကတော့ လောင်စာဆီ ပြတ်လပ်မှုကြောင့်ပါပဲ။ တခြားသော ပြဿနာတွေကတော့ ဓာတ်မြေသြဇာ မလုံလောက်မှု၊ မျိုးစေ့ မလုံလောက်မှုတို့ကြောင့်ပါလို့ ဒေသခံလယ်သမားတွေက ပြောပါတယ်။ ပက်ဗလိုလန်နိုဒေသမှာ နေထိုင်ကြတဲ့ လယ်သမားပေါင်း ၇၀ဝဝ ခန့်ဟာ တစ်ပတ်မှာ ပျမ်းမျှအားဖြင့် လောင်စာဆီ ၂၀ဝဝဝ ခန့်ကို အသုံးပြုရပါတယ်။

တောင်သူလယ်သမားတွေဟာ သူတို့ရဲ့ သီးနှံတွေကို ဈေးကွက်တင်ပို့ဖို့ လောင်စာလုံလုံ လောက်လောက် မရှိတာကြောင့်ရယ်၊ သီးနှံအသစ်တွေစိုက်ပျိုးဖို့ မြေသြဇာနဲ့ မျိုးစေ့မရတာရယ်ကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်လာရတာပဲ ဖြစ်ပါတယ်။

ချက်ပြုတ်ဖို့ ဂက်စ်တောင်မရ

ဗင်နီဇွဲလားနိုင်ငံရဲ့ အဓိက စိုက်ပျိုးရေးအဖွဲ့ဖြစ်တဲ့ ဖီဒရီဂိုကတော့ နိုင်ငံရဲ့အဓိက စိုက်ပျိုးသီးနှံ တွေဖြစ်တဲ့ စပါးနဲ့ ပြောင်းဟာ အခုနှစ်အတွင်းမှာ ၅၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါ့အပြင် ပေါ်တူဂူဆာ ပြည်နယ်ရဲ့ အဓိကထုတ်ကုန်ဖြစ်တဲ့သကြားဟာလည်း တန်ပေါင်းငါးသန်းခန့် ကျဆင်းသွားလိမ့် မယ်လို့ ဒေသခံ ကြံစိုက်ပျိုးသူများအသင်းက ပြောပါတယ်။

သမ္မတမာဒူရိုကတော့ စိုက်ပျိုးရေးကဏ္ဍမှာ ကြုံတွေ့နေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ဖို့ရာ အမေရိကန်ဒေါ်လာ ၃၅ သန်းခန့် ချေးငွေထုတ်ပေးသွားမယ်လို့ ကတိပြုခဲ့ပါတယ်။ တိုင်းပြည်အတွင်း လောင်စာဆီပြတ်လပ်မှုဟာ သမ္မတမာဒူရိုအစိုးရ အုပ်ချုပ်စဉ်အတွင်း ရိုက်ခတ်မှုအများဆုံးလို့ ဆိုရမှာပါ။ ဒီလိုပြတ်လပ်မှုကြောင့် ပြည်သူသန်းပေါင်းများစွာဟာ လျှပ်စစ်မီးမရ၊ ရေမရနဲ့ ချက်ပြုတ်ဖို့ ဓာတ်ငွေ့တောင်မရှိတဲ့ အခြေအနေ မျိုး ဖြစ်ကုန်ပါတယ်။

ပြည်ပက အစားအသောက်နဲ့ ပြန်မဖြည့်နိုင်

ပက်ဗလိုလန်နိုမှာတော့ လွန်ခဲ့တဲ့လအတွင်းက ပိတ်ထားတဲ့ ဓာတ်ဆီဆိုင်ရှေ့မှာ စောင့်ဆိုင်းနေကြတဲ့ ကားအစီးပေါင်း ၁၅၀ ခန့် ရှိပြီး ခြောက်ရက်ကြာ စောင့်ဆိုင်းနေကြတာ လည်းဖြစ်တယ်လို့ သိရပါတယ်။

ကားပိုင်ရှင်တွေကတော့ လုယက်သူတွေကို ကြောက်တာကြောင့် ကားထဲမှာပဲ အိပ်စက်ခဲ့ ကြပါတယ်။ တိုင်းပြည်အတွင်း အစားအသောက် ထုတ်လုပ်မှု ပြိုလဲသွားခြင်းကို ပြည်ပက အစားအသောက်တွေနဲ့ ဖြည့်ဆည်းဖို့ မဖြစ်နိုင်ဘူးလို့ စီးပွားရေးပညာရှင်တွေက ပြောပါတယ်။

အစားအသောက်ကဏ္ဍ ထိခိုက်လာနိုင်

၁၉၅၀ ဝန်းကျင်ခန့်ကစလို့ ဗင်နီဇွဲလားနိုင်ငံရဲ့ သွင်းကုန်တွေဟာ အဆိုးရွားဆုံး အခြေအနေတွေ ဖြစ်ကုန်ပါတယ်။ စီးပွားရေးပြဿနာတွေကြောင့် ငွေကြေးပြတ်လပ်မှုတွေ ဖြစ်လာပါတယ်။ ပြီးခဲ့တဲ့ ဧပြီလအတွင်းက တိုင်းပြည်ရဲ့ တင်သွင်းကုန် အမေရိကန်ဒေါ်လာ ၃၀၃ သန်း ရှိပါတယ်။ ၂၀၁၂ ခုနှစ်ကနဲ့ ယှဉ်ရင် ၉၂ ရာခိုင်နှုန်းအထိ ကျဆင်း သွားတာကို တွေ့ရပါတယ်။

သွင်းကုန်ပမာဏ လျော့နည်းလာမှု၊ နိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍမှာ ယိုင်နဲ့လာမှုတို့ကြောင့် အစားအသောက်ရရှိမှု ဆိုးဆိုးရွားရွား ထိခိုက်လာမှာ ထင်ရှားလှပါတယ်လို့ စီးပွားရေးပညာရှင် တစ်ဦးဖြစ်သူ ဖရန်စစ္စကိုရိုဒရီဂု့စ်က ပြောပါ တယ်။

တင်ပို့မှုစရိတ် ပိုများလာ

လွန်ခဲ့တဲ့လတွေအတွင်း ကရာကတ်မြို့ကို အာလူးတင်ပို့မှု ကုန်ကျစရိတ်ဟာ သုံးဆခန့် ပိုလာတယ်လို့ သိရပါတယ်။ ဗင်နီဇွဲလားမှာ ပြည်သူတွေ ဆာလောင်နေချိန်မှာပဲ လောင်စာဆီ အကျပ်အတည်း ဖြစ်ပေါ်လာပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေ အလွန်မပြင်းထန်မီက ဗင်နီဇွဲလား နိုင်ငံသား ၅၅ ရာခိုင်နှုန်းဟာ တစ်နေ့လုံးမှာ ဟင်းသုံးမျိုးသာ စားရပါတယ်လို့ ဒေသခံ စစ်တမ်းကောက်ယူရေးအဖွဲ့ ဖြစ်တဲ့ ဒယ်ဖိုက ပြောပါတယ်။

စိုက်ပျိုးရေးကဏ္ဍမှာ လောင်စာဆီ ပြတ်လပ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ရိုက်ခတ်မှု တွေကို မြို့ ကြီးအချို့မှာ အရင်ကတည်းက ခံစားခဲ့ရပါတယ်။ သယ်ယူပို့ဆောင်မှုစရိတ်ကြောင့် မုန်လာဥ၊ အာလူးဈေးနှုန်းတွေဟာ ကရာကတ်မြို့ရဲ့ သီးနှံဈေးရုံတွေမှာ ဈေး နှစ်ဆ မြင့်တက်နေပါတယ်။

အစားအသောက်မရှိဘဲမရှင်သန်နိုင်

တိုင်းပြည်မှာ အစားအသောက်တွေ မရှိဘဲ ဆက်လက်ရှင်သန်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အခုအခါမှာတော့ စိုက်ခင်းပေါင်း ဟတ်တာ ၆၀ဝဝ ခန့်မှာ အလုပ်တွေ ရပ်နားထားရပါ တယ်လို့ ပက်ဗလိုလန်နိုရှိ စိုက်ပျိုးရေး အဖွဲ့အစည်းမှ အော်ဂတ်စ်တိုအလာကွန်က ပြောပါတယ်။ သီးနှံတွေကို သယ်ယူပို့ဆောင်သူတွေဟာ ဓာတ်ဆီပြတ်လပ်မှုကို ဖြေရှင်းနိုင်ဖို့ သယ်ယူပို့ဆောင်ရေးယာဉ်တွေကို ဒီဇယ်ပြောင်းသုံးကြပါတယ်။ ဒီဇယ်ဆီဟာ ဓာတ်ဆီနဲ့ ယှဉ်ရင် ရှာဖွေရ အနည်းငယ် လွယ်ကူပါသေးတယ်။ ဒါပေမယ့်လည်း သီးနှံသယ်ယူပို့ဆောင်မှု၊ ထုတ်လုပ်မှုတွေမှာ ဓာတ်ဆီဟာ အရေးပါတဲ့ နေရာမှာ ရှိနေတုန်းပါပဲ။

တိုင်းပြည်က ထွက်သွားတော့မှာလား

အခုဆိုရင် တိုင်းပြည်အတွင်း အကျပ်အတည်းတွေကြောင့် တိုင်းတပါးကို ထွက်သွားကြတဲ့ပြည်သူဟာ လေးသန်းနီးပါး ရှိနေပါပြီ။ တိုင်းပြည်အတွက် အစားအသောက်ကို ထုတ်လုပ်ပေးနေကြတဲ့ တောင်သူလယ်သမားတွေ၊ စိုက်ပျိုရေးကဏ္ဍ အခက်အခဲတွေကြောင့် တိုင်းပြည်ကနေ စွန့်ခွာပြီး တခြားကို ထွက်သွား ကြရင် နဂိုကမှ စီးပွားရေးယိုင်နဲ့နေတဲ့ ဗင်နီဇွဲ လားနိုင်ငံအတွက် ကြီးမားတဲ့ ရိုက်ခတ်မှုဖြစ်ပေါ် လာမှာပါ။

ကိုးကား -နယူးယောက်တိုင်းမ်