သိန်းထွန်း ( IR)

သံတမန်တို့၏ အတတ်ပညာများတွင် စကားအရာကြွယ်ဝခြင်း၊ လိမ္မာပါးနပ်စွာ ပြောဆိုတတ်ခြင်း၊ မိမိလိုလားချက် ပြည့်မြောက်စေရန် စကားဖြင့်တစ်ဖက်သားကို ပြောဆိုစည်းရုံးနိုင်ခြင်းများ ပါဝင်သည်။ သံတမန်များကဲ့သို့ သက်ဆိုင်ရာဌာနအသီးသီး၊ အဖွဲ့အစည်းအသီးသီးအား ဦးဆောင်နေသူများ၊ စီးပွားရေးလုပ်ငန်းရှင်များသာမက နယ်ပယ်စုံ၊ အလွှာစုံမှ ကျင်လည်နေရသူများ အနေနဲ့လည်း စီမံ၊ အုပ်ချုပ်၊ လူမှုဆက်ဆံကြရာတွင် နှုတ်မှုရေးရာ အတတ်သည် ထိရောက်သောနည်းလမ်းတစ်ရပ် ဖြစ်သည်။

ရုပ်သွင်ပြင်လက္ခဏာ

လူမှုဆက်ဆံရေးတွင် ပုဂ္ဂိုလ်တစ်ဦးနှင့်တစ်ဦး ပထမဆုံးစတင်တွေ့ဆုံသည်နှင့် ရုပ်သွင်ပြင်လက္ခဏာကို ဦးစွာအကဲခတ်တတ်ကြသည်။ ပြီးမှတစ်ဦးနှင့်တစ်ဦး ပြောဆိုကြသည့်စကားအပေါ် သုံးသပ်အကဲဖြတ်တတ်ကြသည်။ နောက်ဆုံးမှ လုပ်ကိုင်ဆောင်ရွက်မှုကို အကဲဖြတ်လေ့ရှိကြပါသည်။ အမြင်၊ အကြားနှင့် ဆောင်ရွက်ချက်တို့ပြီးမှသာ တစ်ဦးနဲ့တစ်ဦးအကြား ရင်းနှီးမှု၊ ယုံကြည်မှုများ တည်ဆောက်တတ်ကြသည်။ ယင်းသည် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့အကြား ယုံကြည်မှုတည်ဆောက်ကြသည့် သမားရိုးကျ ပုံစံတစ်ရပ်ဟု ဆိုနိုင်ပါသည်။ ယနေ့ခေတ်တွင် တစ်ဦးနှင့်တစ်ဦး အပြင်လောကတွင် မြင်တွေ့ရခြင်းမရှိဘဲ လူမှုကွန်ရက်များတွင် လူမှုဆက်ဆံရေးများ တည်ဆောက်လာနိုင်ပြီဖြစ်သည်။ ထို့အတွက် လူမှုဆက်ဆံရေးပုံစံများ ပြောင်းလဲလာသည်ကို တွေ့ရသည်။

နှုတ်မှုရေးရာ

လူမှုဆက်ဆံရေးနယ်ပယ်၊ လုပ်ငန်းခွင်နယ်ပယ်တွင် မိမိတို့ကျင်လည်ရသည့် အခြေအနေ၊ အချိန်အခါအလိုက် ပြောဆိုဆက်ဆံရမှုများ နေ့စဉ်ပြုလုပ်နေကြရသည်။ ပြောဆိုဆက်ဆံမှုများ၏ အဓိကအစိတ်အပိုင်း တစ်ရပ်ဖြစ်သည့် နှုတ်အားဖြင့် ပြောဆိုဆက်ဆံခြင်းသည် လူတိုင်းအတွက် နေ့စဉ်လုပ်ရိုးလုပ်စဉ်တစ်ရပ် ဖြစ်သည်။ ထိုလုပ်ရိုးလုပ်စဉ်တစ်ရပ်အား မှန်ကန်ထိရောက်စွာ အသုံးပြုနိုင်ပါက အကျိုးများသကဲ့သို့ မှန်ကန်ထိရောက်စွာ အသုံးမပြုတတ်ပါကလည်း အကျိုးပျက်စီးစေပေမည်။ နှုတ်မှုရေးရာနှင့်ပတ်သက်၍ မြန်မာဆိုရိုးစကားရှိပါသည်။ ချစ်စေသည်မှာလည်း ဤပါးစပ်၊ မုန်းစေသည်မှာလည်း ဤပါးစပ်ဟုဆိုကြသည်။ သို့ဖြစ်ရာ မိမိပြောဆိုသော စကားများသည် ထိရောက်အကျိုးရှိသင့်သည့်အပြင် အများအား မထိခိုက်စေသည့် ဆင်ခြင်မှုဖြင့် မျှတသောပြောဆိုမှုဖြစ်ရန် လိုအပ်မည်ဖြစ်သည်

စကားတစ်ခွန်း၏တန်ဖိုး

ချစ်ဖွယ်စကား၊ အမုန်းစကားတို့သည် ချစ်ခြင်း၊ မုန်းခြင်း၊ အကျိုးလိုလား ခြင်းတို့အပေါ် အများအားဖြင့် အခြေခံသော်လည်း မျှတသောစကားသည် ပညာအပေါ် အခြေခံလေ့ ရှိကြသည်။ မျှတသောစကားဖြစ်ခြင်းကြောင့် ပညာ၊ နားလည်မှု၊ ကိုယ်ချင်းစာမှု၊ တရားမျှတမှုတို့ ပါဝင်နေမည်ဖြစ်သည်။ တရားမျှ တသောစကားသည် ချစ်ခြင်း၊ မုန်းခြင်း၊ သူ့အကျိုး၊ ကိုယ့်အကျိုး၊ အဂတိတရားများနှင့်ကင်းလွတ်ပြီး အများအကျိုးကို ဦးတည်တတ်ကြသည်

မျှတသော စကားတစ်ခွန်းဖြစ်ရန်အတွက် အောက်ပါအခြေခံအချက်များ လိုအပ်ပါသည်-

(၁)  အပြုသဘောစိတ်ရင်းစေတနာ၊

(၂) ပြောဆိုမည့် အကြောင်းအရာရွေးချယ်တတ်မှု၊

(၃) မြော်မြင်တွေးခေါ်မှု

(၄) အပြန်အလှန်လေးစားမှု၊ ကိုယ်ချင်းစာတရား၊

(၅) ကာလ၊ ဒေသ၊ အခြေအနေအလိုက် စကားပရိယာယ်ကြွယ်ဝမှု

(၆) ဖြတ်ထိုးဉာဏ်၊

(၇) တိကျမှု၊

(၈) အချက်အလက်မှန်ကန်မှု

ထို့အပြင် စကားတစ်ခွန်း၏ တန်ဖိုးသည် ပြောဆိုသူ၏အရေးပါမှု၊ ပြောဆိုရသည့် အကြောင်းအရာ၏ အတိမ်အနက်၊ အခြေအနေ၊ အချိန်အခါနှင့် စကားလုံး ရွေးချယ်တတ်မှုအရလည်း တန်ဖိုးပြောင်းလဲနိုင်သည်။ လုပ်ငန်းတာဝန် ကြီးလာသည်နှင့်အမျှ စကားလုံးတစ်လုံး၏ တန်ဖိုးသည်လည်း မြင့်မားလာလေ့ရှိသည်။ တန်ဖိုးမြင့်လာသောစကား၏ ကောင်းကျိုး၊ ဆိုးကျိုး အကျိုးသက်ရောက်မှုသည်လည်း မြင့်တက်လာမည်ဖြစ်သည်။ ယင်းသည်အများနှင့် ဆက်ဆံနေရသူများ အနေဖြင့် လူထုဆက်ဆံရေး သဘောမှ ကင်းကွာ၍မရနိုင်သည်ကို သတိထားဖွယ်ဖြစ်သည်။

မှန်ကန်သောဆုံးဖြတ်ချက်

စကားပြောဆိုရာတွင် မပြောမီစဉ်းစား၊ စဉ်းစားပြီးပြော၊ ပြောပြီး ပြန်စဉ်းစားဆိုသည့် ဆုံးမစကားမှာ အလွန်ပင်အလေးထားသင့်သည့် ဆုံးမစကားဖြစ်သည်။ နှုတ်မှုရေးရာ ကျွမ်းကျင်မှု သို့မဟုတ် စကားပြောကျွမ်းကျင်မှုတို့သည် ပြဿနာတစ်ရပ် ဖြေရှင်းရာတွင် အရေးပါသည့် နည်းလမ်းတစ်ရပ်လည်း ဖြစ်သည်။ ပြဿနာတစ်ရပ် ဖြေရှင်းမှုအဆင့်များ မှန်ကန်မှသာ ပြဿနာ၏ အခြေအနေတိုင်းကို နားလည်နိုင်ကာ စကားပြောရာတွင်လည်း အခြေအနေ၊ အချိန်အခါနှင့် လိုက်လျောညီထွေစွာ ပြောဆိုဆက်ဆံနိုင်မည် ဖြစ်သည်။ နည်းလမ်းမှန်စွာဖြင့် ပြဿနာတစ်ရပ်အား ချဉ်းကပ်ရာတွင် အချက်အလက်မှန်၊ နည်းလမ်းမှန်၊ အတွေးအခေါ်မှန်၊ သဘောထားမှန်၊ သုံးသပ်ချက်အမှန်နှင့် ချဉ်းကပ်မှသာ အကောင်းဆုံးသော ဆုံးဖြတ်ချက်ကို ချမှတ်နိုင်မည်ဖြစ်သည်။ မှန်ကန်သောဆုံးဖြတ်ချက်၏နောက်တွင် မှန်ကန်သောစကား၊ မှန်ကန်သော လုပ်ဆောင်ချက် ရရှိနိုင်မည်ဖြစ်သည်။

ဘေးထွက်ဆိုးကျိုးများ ပေါ်ပေါက်စေနိုင်

အခြေခံ သတင်းအချက်အလက်မှားပါက သုံးသပ်ချက်မှားကာ ပြောဆိုသည့် စကားများလည်း လွဲမှားနိုင်သည်။ ထို့အတူ သတင်းမှန်သော်လည်း ဆန္ဒစွဲ၊ အယူအဆစွဲများ ရှိနေပါကလည်း တည့်မတ်မှန်ကန်သည့် စကားဖြစ်ရန်ခက်ခဲနိုင်သည်။ လိုရာ ဆွဲတွေးခြင်း၊ လိုရာ ဆွဲပြောဆိုခြင်းများသည် ဆန္ဒစွဲ၊ အယူအဆစွဲများနှင့် ဆက်စပ်လျက်ရှိသည်။ အခြေခံအကြောင်းအရာ၊ အချက်အလက်အမှန်အပေါ်မှာသာ မျှတစွာရပ်တည်သုံးသပ်ဆုံးဖြတ်ခြင်းဖြင့် တည့်မတ်မှန်ကန်သော ပြောဆိုမှု ဖြစ်လာနိုင်ပေမည်။ ကိစ္စရပ်တစ်ခုအပေါ် ရှုထောင် မှန်မှန်၊ နည်းလမ်းမှန်မှန်၊ သဘောထားမှန်မှန် မချဉ်းကပ်နိုင်သရွေ့ အပြောမှား၊ အလုပ်မှားဖြင့် ရည်ရွယ်ရာ ဦးတည်ချက်သို့ မရောက်နိုင်သည်သာမက မလိုလား အပ်သော ဘေးထွက်ဆိုးကျိုးများကို ပေါ်ပေါက်စေနိုင်ပါသည်။ တစ်ခါတစ်ရံ ပြောင်းပြန်အကျိုးသက်ရောက်မှုပင် ဖြစ်သွားတတ်ပေသည်။

အကြမ်းဖျင်းသုံးသပ်

လူတစ်ယောက်၏စကားကို နားထောင်ခြင်းဖြင့် စကားနောက်ကွယ်မှ စိတ်စေတနာ၊ ပြဿနာတစ်ရပ်အပေါ် ချဉ်းကပ်ပုံ၊ ပြဿနာ၏ အခြေခံအကြောင်း တရားများရှာဖွေမှု၊ ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်ဆင်ခြင်မှု၊ အဖြေထုတ်မှုတို့ကို အကြမ်းဖျင်းသုံးသပ်နိုင်ပါသည်။ ယနေ့ကာလသည် သဘောထား အယူအဆများမှအစ နည်းပညာများ၊ အတွေးအခေါ်များ နယ်ပယ်ကျယ်ဝန်းနေသည်ဖြစ်၍ လွန်ခဲ့သောဆယ်စုနှစ်များနှင့် မတူတော့ချေ။ ပြောင်းလဲနေသည့်ကမ္ဘာကြီးနှင့် လိုက်လျောညီထွေစွာ မိမိတို့၏အတွေးအခေါ်၊ အယူအဆ၊ အပြောအဆို၊ အပြုအမူများကို ပြောင်းလဲကြမှသာ ဟန်ချက်ညီသော အခြေအနေကို ဖန်တီးနိုင်ပေမည်။

အရေးတကြီးလိုအပ်ချက်များ

မိမိတို့နိုင်ငံ၏ လျှောက်လှမ်းဆဲခရီးတွင် အမျိုးသားရင်ကြားစေ့ရေး၊ စည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေးတို့သည် အရေးတကြီး လိုအပ်ချက်များဖြစ်သည်။ ယင်းတို့ကိုအခြေခံ၍ နိုင်ငံတည်ဆောက်ရေးများကို ဆက်လက်ဆောင်ရွက်ရန်များ ကျန်ရှိနေသေးသည်ကို သတိချပ်ကြရမည်ဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့အကြား ရည်မှန်းချက်၊ အယူအဆ၊ ယုံကြည်မှု၊ ယဉ်ကျေးမှု အတိမ်အနက် ကွဲပြားမှုများ ရှိနေတတ်ကြပါသည်။ ယင်းမတူကွဲပြားမှုများကို နားလည်လက်ခံနိုင်မှသာလျှင် သို့တည်းမဟုတ် ညှိနှိုင်း သဘောတူကြမှသာလျှင် ရင်ကြားစေ့ရေးအဆင့်သို့ ရောက်ရှိနိုင်ပါမည်။ ဤနေရာတွင် အပြုသဘောဆက်ဆံရေးနှင့် ရင်ကြားစေ့ရေး ဆက်စပ်မှုကို ဖော်ပြလိုပါသည်။

ရင်ကြားစေ့ရေးလုပ်ငန်းစဉ်

ရင်ကြားစေ့ရေးတွင် သဘောထားများနှင့် အမူအကျင့်များကို အပျက်သဘောမှ အပြုသဘောသို့ ထိရောက်စွာပြောင်းလဲခြင်းပါဝင်သည်။ ယင်းသို့ပြောင်းလဲခြင်းများသည် ရင်ကြားစေ့ရေးလုပ်ငန်းစဉ်၏ သဘောသဘာဝနှင့်ယင်း၏ အဓိကရည်မှန်းချက်များကို ဖော်ဆောင်ကြောင်း ပညာရှင်များနှင် လက်တွေ့လုပ်ဆောင်သူများက အခိုင်အမာယုံကြည်ကြသည်။ ရင်ကြားစေ့ရေး ရည်မှန်းချက်၏ ပထမအဆင့်မှာ ပဋိပက္ခသဏ္ဌာန်ပုံစံများမှ ဖယ်ခွာရန်ဖြစ်ကြောင်း ဆိုကြပါသည်။ အဆိုပါအဆင့်တွင် ပြည်သူလူထုသည် တိုက်ခိုက်ခံရမှုအန္တရာယ်မရှိဘဲ၊ တစ်ဦးနှင့်တစ်ဦး ထိခိုက်နာကျင်မှု မရှိစေဘဲ ပူးပေါင်းနေထိုင်နိုင်မည် ဖြစ်သည်။

ရေရှည်လုပ်ငန်းစဉ်တစ်ရပ်

ရင်ကြားစေ့ရေးရည်မှန်းချက်၏ ဒုတိယအဆင့်မှာ ချီးကျူးမှုသဏ္ဌာန်ပုံစံများ တည်ဆောက်ရန်ဖြစ်သည်။ ယင်းပုံစံမှာ အဆင့်များစွာပါဝင်သော ရေရှည်လုပ်ငန်းစဉ်တစ်ရပ် ဖြစ်သည်။ လူတိုင်းသည် သဘောထားများ ပြောင်းလဲခြင်း (ဥပမာ လက်စားချေခြင်းအစား သည်းခံခြင်း)၊ အပြုအမူများ ပြောင်းလဲခြင်း (ပူးတွဲလုပ်ဆောင်ခြင်း) နှင့် အဖွဲ့အစည်းပုံစံဝန်းကျင် ပြောင်းလဲခြင်း (နှစ်ဖက်မှ ပူးတွဲဖွဲ့စည်းလုပ်ဆောင်ခြင်း) ကဲ့သို့သော အပြောင်းအလဲများ ပြုလုပ်ရန်လိုအပ်ပါသည်။ သို့ဖြစ်ရာ ရင်ကြားစေ့ရေးဆိုသည်မှာ ပဋိပက္ခနှင့် အကွဲအပြဲဖြစ်စေသည့် ဆက်ဆံရေးများကို ကိုင်တွယ်ဖြေရှင်းခြင်း နှင့် အပြုသဘော အခြေအနေတစ်ရပ်ကို ပြန်လည်ထိန်းသိမ်းခြင်း သို့မဟုတ်တည်ဆောက်ခြင်းလုပ်ငန်းစဉ်ပင် ဖြစ်သည်။ ယင်းလုပ်ငန်းစဉ်သည် နှစ်ဖက်စလုံးမှ ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများ၏ ယုံကြည်ချက်များနှင့် သဘောထားများပြောင်းလဲခြင်း အစိတ်အပိုင်းလည်းဖြစ်ရာ ယင်းသည် အပြုသဘော ဆက်ဆံရေးနှင့် အစဉ်ခိုင်မြဲသည့် ငြိမ်းချမ်းရေး တည်ဆောက်မှုကို အထောက်အကူ ဖြစ်စေနိုင်သည်။ ရင်ကြားစေ့ရေးအား (အကူးအပြောင်း တရားမျှတမှုအနေဖြင့်) နောက်ပြန်ကြည့်ခြင်းအပေါ် တစ်ခါတစ်ရံ ဝေဖန်ကြသည်။ သို့သော်လည်း ယင်းသည်ပင် ရှေ့မျှော်ကြည့်သော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်ဟု ဆိုသည်။

လျှောက်ဆဲခရီးလမ်း သာယာဖြောင့်ဖြူးစေချင်

အသွင်ကူးပြောင်းဆဲကာလ နိုင်ငံအတွက် အရေးကြီးလိုအပ်ချက်များ အောင်မြင်ရေး ကြိုးပမ်းနေချိန်တွင် မလိုလားအပ်သော အပြောအဆို တိမ်းစောင်းမှု၊ အထင်အမြင် လွဲမှားစေမှုများကြောင့် အမှိုက်ကစ ပြာသာဒ်မီးလောင် မဖြစ်စေလို။ ထိုသို့ဆိုသဖြင့် အရာရာမပြောရ၊ မဆိုရ၊ မလုပ်ရဟူ၍ ဆိုလိုခြင်းမဟုတ်။ လူတစ်ဦး၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်လိုခြင်းလည်း မဟုတ်ပါ။ သူတစ်ဦး သို့မဟုတ် လူအများကို မထိခိုက်စေသည့် လွတ်လပ်မှုနှင့် တာဝန်ယူမှုကို ဖော်ပြလိုရင်းပင် ဖြစ်ပါသည်။ ကာလံဒေသံအဂဂ္ဃံဓနံအလိုက် ပြောဆိုကြ၊ လုပ်ကိုင်ကြမည်ဆိုလျှင် နိုင်ငံသားအားလုံး ယုံကြည်မျှော်လင့်နေသည့် လျှောက်လှမ်းဆဲခရီးလမ်းကို သာယာ ဖြောင့်ဖြူးစေနိုင်ပေလိမ့်မည်။

အထောက်အကူရရှိစေနိုင်

အမျိုးသားရင်ကြားစေ့ရေး၊ စည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေး၏အခြေခံသည် အများ ပြောကြားနေကြသည့် အပြန်အလှန်နားလည်မှု၊ ယုံကြည်မှု လိုအပ်ချက်ပင်ဖြစ်သည်။ တစ်ဦးတည်း၏ဆန္ဒသဘောဖြင့် ပြောကြားသည်ဖြစ်စေ၊ အဖွဲ့အစည်းအား ကိုယ်စားပြု ပြောကြားသည်ဖြစ်စေ၊ လူမှုကွန်ရက်များတွင် ပြောကြားသည်ဖြစ်စေ ရေရှည်မြော်တွေးသော စကားများဖြစ်မည်ဆိုပါက နားလည်မှုနှင့်ယုံကြည်မှုများ တည်ဆောက်နိုင်မည်ဟု မျှော်မှန်းနိုင်ပါသည်။ မိမိတို့အချင်းချင်းအကြား အမုန်းစကားများ၊ ရန်လိုစကားများ၊ အပျက်သဘောစကားများ၊ အပြစ်တင်စကားများ ရှောင်ရှားကြခြင်းဖြင့် ယနေ့တည်ဆောက်နေသည့် ရင်ကြားစေ့ရေးကို အထောက်အကူရရှိစေ နိုင်မည်ဟု ယုံကြည်မိပါသည်။ ။

ကြေးမုံ