မောင်မိုးသူ

 

၂၀၁၉ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှာ ကွယ်လွန်သွားရှာတဲ့ ဒေါ်ကလျာနှင့်မောင်မိုးသူအကြောင်းဆောင်းပါးကို အဲဒီနေ့မှာပဲ အိမ်မှာရှိနေတဲ့ ဓာတ်ပုံလေး တစ်ပုံနဲ့ရေးသားလိုက်မိတဲ့အတွက် နောက်နေ့ကြေးမုံသတင်းစာမှာ အဲဒီဆောင်းပါးရော၊ အဲဒီဓာတ်ပုံရော လူအများစု စိတ်ဝင်စားကြပေါ့။ မောင်မိုး သူကိုလည်း ဖုန်းတွေဘာတွေဆက်ပြောကြ၊ လူမှုကွန်ရက်စာမျက်နှာပေါ်မှာလည်း တင်ထားတာကို တွေ့ရလေတော့ မောင်မိုးသူလည်း လွန်ခဲ့တဲ့ငါးနှစ် ၂၀၁၄ ခုနှစ်ဧပြီလ၂၁ ရက်နေ့က ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဟံသာဝတီ ဦးဝင်းတင်နှင့် မောင်မိုးသူအကြောင်း ရေးချင်စိတ်ဖြစ်ပေါ်လာတာနဲ့ ဒီဆောင်းပါးကိုရေးလိုက်ရတာဖြစ်ပါတယ်။

တကယ်တော့ ဟံသာဝတီဦးဝင်းတင်နှင့် မောင်မိုးသူအကြောင်းကိုမြန်မာသံတော်ဆင့်မှာ မောင်မိုးသူရေးသားခဲ့ပြီး စာအုပ်အဖြစ်လည်း ၂၀၁၆ ခုနှစ်မှာ ထုတ်ဝေခဲ့ပြီးသားဖြစ်ပါတယ်။ အဲဒီစာအုပ်ထဲမှာ စာအုပ်ရဲ့မျက်နှာဖုံးဖြစ်ပေါ်လာပုံကို မောင်မိုးသူက အဲဒီတုန်းက ဒီလိုရေး သားခဲ့ပါတယ်။ ဟံသာဝတီဦးဝင်းတင်နှင့် မောင်မိုးသူဆောင်းပါးတွေကိုစုစည်းပြီး စာအုပ်ထုတ်မည်ဆိုတော့ ပထမဆုံးပြေးပြီးမြင်မိ၊ သတိရမိတာက မျိုးမြင့်ရဲ့ဦးဝင်းတင်ပုံဖြစ်ပါတယ်။

 

ရေးခဲ့ဖူးသောစာအုပ်လေး

ပန်းချီမျိုးမြင့်ဟာ ရှစ်လေးလုံးအရေးတော်ပုံအပြီး NLD တည်ထောင်တော့ မောင်မိုးသူနှင့်အတူလိုက်ပါလာတဲ့ စာပေအနုပညာ ရှင်များထဲက ဝိုင်းတော်သားတစ်ဦးဖြစ်ပြီး NLD တွင် နေ့စဉ်နေ့တိုင်း Card Section မှာ အဖွဲ့ဝင်ကတ်ပြားတွေရေးကြတဲ့၊ NLD ရဲ့ ပြန်ကြား ရေးအတွက် ပုံတွေဆွဲပေးရတဲ့ ပန်းချီဆရာဖြစ်ပါတယ်။ NLD က ပထမဆုံးထုတ်ဝေရိုက်နှိပ်တဲ့ ဒေါ်စုပုံကို ဆွဲပေးခဲ့သူလည်း မျိုးမြင့်ပါပဲ။ နောက် မောင်မိုးသူတို့တစ်တွေအားလုံး ထောင်ထဲရောက်သွားချိန်မှာ မျိုးမြင့်စင်ကာပူသွားပြီး ပန်းချီဆွဲအသက်မွေးဝမ်းမှုပြုပါတယ်။ နောက်ထိုင်း ချင်းမိုင်ရောက်တယ်။ နောက် မြန်မာပြည်ပြန်ရောက်တယ်။ မြန်မာ ပြည်ပြန်ရောက်တာနဲ့ NLD ရဲ့ ဒီလှိုင်းဂျာနယ်မှာ ဒီဇိုင်းတာဝန်ခံရေးဆွဲပါ တယ်။ ဦးဝင်းတင်ကွယ်လွန်တော့ မျိုးမြင့်ဆွဲတဲ့ ဦးဝင်းတင်ပုံဟာ တကယ်ပဲပြောင်မြောက်ကောင်းမွန်လှပါတယ်။ ဒါနဲ့ ဟံသာဝတီ ဦးဝင်းတင်နှင့် မောင်မိုးသူစာအုပ်ထုတ်ဝေရင် မျိုးမြင့်ရဲ့ဦးဝင်းတင်ပုံကို သုံးချင်သုံးမယ်ဆိုပြီး မျိုးမြင့်ဆီကိုတောင်းလိုက်တော့ မျိုးမြင့်က ချက်ချင်းပို့ပေးပါတယ်။ ဦးဝင်းတင်ပုံတော့ရပြီ။ မောင်မိုးသူရဲ့ပုံကိုလည်း ပန်းချီဆရာ တော်တော်များများက ပုံတူရော ကာတွန်းပုံတွေပါ အများကြီးမှအများကြီးပါ။ အဲဒီအထဲက ကွယ်လွန်သွားပြီဖြစ်တဲ့ မောင်မောင်သိုက်ပုံရယ်၊ ဝသုန်နဲ့ ခင်မောင်ရင်ရဲ့ပုံရယ် ရှိပါတယ်။ အဲဒီပန်းချီဆရာသုံးယောက်စလုံးဟာ မောင်မိုးသူကိုချစ်လို့ဆွဲပေးထားကြသူများဖြစ်ပါတယ်။ ခင်မောင်ရင်ရဲ့ ပုံကိုထားတော့၊ မောင်မောင်သိုက်နှင့် ဝသုန်ရဲ့ ပုံတွေကိုကြည့်လိုက်တော့ မောင်မိုးသူက အတော်ငယ်နေပါတယ်။ မောင်မောင်သိုက်ပုံကတော့ ပိုငယ်တာပေါ့။ ဒါပေမယ့် ဦးဝင်းတင်နှင့်တွဲပြီး လုပ်ခဲ့တဲ့မောင်မိုးသူဟာ ဝသုန်ဆွဲတဲ့ ပုံထဲက အရွယ်ဖြစ်တာမို့ မျိုးမြင့်ဆွဲတဲ့ ဦးဝင်းတင်ပုံနှင့်ယှဉ်ပြီး ဝသုန်ရဲ့မောင်မိုး သူပုံကိုသုံးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ မျိုးမြင့်တို့၊ ဝသုန်တို့ရဲ့ ပုံတွေကို မျက်နှာဖုံး ဒီဇိုင်းလုပ်ဖို့ကျတော့ အလွယ်တကူမဖြစ်စေချင်တာမို့ တင်ထွဏ်းကို ဆက်ရ ပါတယ်။ ဒီဇိုင်းတင်ထွဏ်းရဲ့ ဗီဇကလည်းလာပြတော့ မောင်မိုးသူသဘောကျ ပါတယ်။ အဲဒီနောက်ကျောဖုံးမှာတော့ ဦးဝင်းတင်ကွယ်လွန်ခြင်း တစ်နှစ်ပြည့်မှာ မျိုးမြင့်ရဲ့ ဦးဝင်းတင်ဗွီနိုင်းပုံကြီးရှေ့မှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်အကြောင်း ပြောကြားချက်၊ ကောက်နုတ်ချက်ဖော်ပြဖို့ ဆုံးဖြတ်လိုက်ပါတယ်။ မျက်နှာဖုံးနှင့်ကျောဖုံးဖြစ်မြောက်အောင် အဲဒီလို အဲဒီလိုကြိုးပမ်းခဲ့ရကြောင်း အဲဒီစာအုပ်မှာ မောင်မိုးသူရေးခဲ့ဖူးပါတယ်။

 

လွမ်းစရာအတိတ်

တကယ်တမ်း ဦးဝင်းတင်နှင့်မောင်မိုးသူ စတင်သိကျွမ်းရတာ ကြေးမုံသတင်းစာ စတင်ထုတ်ဝေတဲ့အချိန်က ဖြစ်ပါတယ်။ ကြေးမုံသတင်းစာတိုက်ထုတ်ဝေသူဟာ ဦးသောင်းဖြစ်ပါတယ်။ ကြေးမုံသတင်းစာတိုက်ရဲ့ အယ်ဒီတာချုပ်က ဆရာဇဝနဖြစ်ပြီး အယ်ဒီတာက စိန်ခင်မောင်ရီဖြစ်ပါတယ်။ အဲဒီအချိန်က မောင်မိုးသူက မန္တလေးတက္ကသိုလ်က ကျောင်းသားဖြစ်ပါတယ်။ ကြေးမုံသတင်းစာမှာ တက္ကသိုလ်သတင်းတွေကို မန္တလေးကနေ ရေးဖြစ်ပါတယ်။ ကြေးမုံသတင်းစာတိုက်ရောက်တော့ စိန်ခင်မောင်ရီနဲ့လည်းတွေ့၊ ဦးဝင်းတင်နဲ့လည်း တွေ့ဖြစ်ခဲ့ပါတယ်။ ကြေးမုံသတင်းစာတိုက်က ရယ်စရာသောကြာစာစောင်ထုတ်ဝေချိန်မှာတော့ မောင်မိုးသူလည်း အစ်ကိုဆွေကလောင်အမည်နဲ့သောကြာမှာ လစဉ်ရေးခဲ့ပါတယ်။ ဒါကြောင့် ရန်ကုန်ရောက်တိုင်း ကြေးမုံတိုက်ကိုဝင်ပြီး စိန်ခင်မောင်ရီ၊ ကိုဝင်းတင်တို့နဲ့ တွေ့လေ့တွေ့ထရှိပါတယ်။ အဲဒီနောက်ဟံသာဝတီသတင်းစာတိုက်ကို မန္တလေးမှာ ပြောင်းပြီးထုတ်ဝေနေချိန်မှာ အယ်ဒီတာ ချုပ်အဖြစ် ဦးဝင်းတင်လိုက်ပါလာပါတယ်။ အဲဒီအချိန်မှာတော့ မောင်မိုးသူက ရန်ကုန်ရောက်နေပါပြီ။ အစိုးရကထုတ်ဝေတဲ့ လုပ်သားပြည်သူ့ နေ့စဉ်သတင်းစာ ရဲ့ အယ်ဒီတာချုပ်အဖြစ် ဆရာကြီးရွှေဥဒေါင်းကို ခန့်အပ်ပါတယ်။ ဆရာကြီး ရွှေဥဒေါင်းအယ်ဒီတာချုပ်လုပ်ဖို့ လက်ခံဖို့ရန်ကုန်ကို ဆင်းလာချိန်မှာ ဆရာကြီး ရွှေဥဒေါင်းနှင့် မောင်မိုးသူတို့ဟာ ရထားတစ်စင်းထဲလိုက်ပါခဲ့ကြသူများ ဖြစ်ပါ တယ်။ ဆရာကြီးရွှေဥဒေါင်းက လုပ်သားပြည်သူ့သတင်းစာရဲ့ အယ်ဒီတာချုပ်အလုပ်မှ နုတ်ထွက်ချိန်မှာ ဆရာကြီးရွှေဥဒေါင်းနှင့်ဦးဝင်းတင်၊ လူထုကိုစိန်ဝင်း၊ မောင်မိုးသူတို့ကိုခေါ် ပြီး သူ့ရဲ့နုတ်ထွက်စာအကြောင်းကို ပြောပြခဲ့ဖူးပါတယ်။ ဆရာကြီးရွှေဥဒေါင်း ရန်ကုန်ကနေ မန္တလေးအပြန် ရထားပေါ်မှာ အတူတူလိုက်ပါခဲ့သူကတော့ ဦးဝင်းတင်ပဲဖြစ်ပါတယ်။ ဆရာကြီးရွှေဥဒေါင်း ရန်ကုန်အဆင်းမှာ မောင်မိုးသူနဲ့ နှစ်ယောက်အတူလာခဲ့သလို ဆရာကြီးရွှေဥဒေါင်း ရန်ကုန်မှမန္တလေးကို အပြန်မှာလည်း ဆရာကြီးရွှေဥဒေါင်းနှင့်အတူ ဦးဝင်းတင်လိုက်ပါခဲ့ပါတယ်။ ဦးဝင်းတင်က မောင်မိုးသူကို အမြဲနိုင်ပေါက်တစ်ခုရှိပါတယ်။ အဲဒါ ကတော့ ဆရာကြီးရွှေဥဒေါင်းက ဦးဝင်းတင်ထံကို မောင်မိုးသူကိုဆုံးမဖို့အပ်သွားပါသတဲ့။ တကယ်လည်း ဆရာကြီးက အပ်သွားခဲ့ပါတယ်။ ဦးဝင်းတင်က အဲဒါကို အမြဲပြောလေ့ရှိပါတယ်။ ဟံသာဝတီသတင်းစာတိုက်ထုတ်ဝေစဉ်က မောင်မိုးသူက ရန်ကုန်ရောက်နေပါပြီ။ တစ်ခါတစ်ရံမှသာ ဦးဝင်းတင်ရှိတဲ့ဟံသာဝတီတိုက်ကို ရောက်ပါတယ်။ အဲဒီတုန်းက အနွေးထည်ဂျာကင်ဝတ်ပြီး ဦးဝင်းတင်အခန်းကို သွားရောက်နှုတ်ဆက်လေ့ရှိတဲ့ မောင်မိုးသူကို ဦးဝင်းတင်က ဂျာကင်ဝတ်ချင်လို့ မန္တလေးတက်လာတာမဟုတ်လားလို့ အမြဲစပါတယ်။ ဦးဝင်းတင်ဟာ သူ့ရဲ့အပေါင်းအသင်း မိတ်ဆွေများအပေါ် တလေးတစားဆက်ဆံလေ့ရှိသူဖြစ်သလို သူ့ရဲ့တပည့်အရင်းဖြစ်တဲ့ ကိုပြားကြီး(ဦးမောင်မောင်ခင်)နှင့်မောင်မိုးသူတို့ကို တရင်းတနှီး အမြဲနောက်ပြောင်စနောက်လေ့ရှိပါတယ်။ သူတို့ဟာ ရှစ်လေးလုံး အရေးတော်ပုံမှာ အတူပါဝင်လာခဲ့ပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်ရာ မှာလည်း ဒေါ်အောင်ဆန်းစုကြည်အဖွဲ့မှ မောင်သော်က၊ ဦးဝင်းတင်နှင့် မောင်မိုးသူတို့အတူ ပါဝင်ခဲ့ပါတယ်။ ၈၉ အဖမ်းခံရတော့ ထောင်ထဲမှာ ဦးဝင်းတင်နှင့် မောင်မိုးသူအတူနေခဲ့ရပါတယ်။ မောင်မိုးသူက ၉၂ မှာ လွတ်ပြီး ၉၆ မှာ ထောင်ထဲပြန်ဝင်ရတော့လည်း ဦးဝင်းတင်က ထောင်ထဲမှာရှိတုန်းပဲ။ မောင်မိုးသူနဲ့အတူနေရပါတယ်။ မောင်မိုးသူက ၂၀ဝဝ အပြင်ရောက်လာတော့ ဦးဝင်းတင်ကျန်ခဲ့ပါတယ်။ ဦးဝင်းတင်ထောင်ကထွက်လာတဲ့နေ့မှာ ထောင်ယူနီဖောင်းအင်္ကျီအပြာနဲ့ထွက်လာသူဖြစ်ပါတယ်။ ထွက်လာလာချင်း အင်းစိန်ကိုပြားကြီးရဲ့ အိမ်မှာ မောင်မိုးသူ၊ ကိုဝံသတို့ သွားရောက်တွေ့ဆုံကြပြီး ဦးဝင်းတင် ထောင်က ထွက်လာပြီးသည့်နောက် ဒီလှိုင်းဂျာနယ် စတင်ထုတ်ဝေချိန်မှာ ဒီလှိုင်း ဂျာနယ်ရဲ့ အတိုင်ပင်ခံအယ်ဒီတာအဖြစ် ဦးဝင်းတင်နှင့် မောင်မိုးသူ အတူလုပ်ကိုင်ခဲ့ပါတယ်။ ထိုနည်းတူ ဘဘဦးခင်မောင်လတ်၊ ဒေါ်ခင်မျိုးချစ်ရဲ့မြေး မောင်ရစ်က မိုးမခမဂ္ဂဇင်းထုတ်ဝေတော့လည်း ဦးဝင်းတင်နှင့်မောင်မိုးသူတို့ဟာ နာယကဖြစ်တာပေါ့၊ မိုးမခမဂ္ဂဇင်းရဲ့ နာယကကတော့ ဟံသာဝတီဦးဝင်းတင်နှင့် မောင်မိုးသူပဲဖြစ်ပါတယ်။ ဦးဝင်းတင်ကွယ်လွန်သွားပြီးနောက်ယခုဆက်လက်ထုတ်ဝေတဲ့ မိုးမခနာယကများကတော့ မောင်မိုးသူ၊ မောင်စွမ်းရည်နှင့် မာမာအေးတို့ ဆက်လက်တာဝန်ယူရပါတယ်

 

အမှတ်တရဆောင်းပါး

ဦးဝင်းတင်ဟာ ၂၀၁၄ ခုနှစ် ဧပြီလ ၂၁ ရက်နေ့မှာ ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်အဆောင်မှာ ကွယ်လွန်သွားရှာပါတယ်။ မကွယ်လွန်မီ၂၀ ရက်နေ့မှာ ဦးဝင်းတင်ရဲ့ အထူးကြပ်မတ်ဆောင်ကို မောင်မိုးသူရောက်တော့ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုမင်းကိုနိုင်တို့အတူရှိနေပါတယ်။ မောင်မိုးသူဝင်သွားတော့ ကိုမင်းကိုနိုင် အပြင်ထွက်ပေးပါတယ်။ မောင်မိုးသူရောက်လာ တော့ ဒေါ်အောင်ဆန်းစုကြည်က ဦးဝင်းတင်နံဘေးကခုံမှာ မောင်မိုးသူကိုထိုင်ခိုင်းပြီး ဆရာဦးဝင်းတင် စကားသိပ်မပြောနဲ့၊ ဆရာမိုးက စကားများများ ပြောလို့မှာကြားတဲ့အခါမှာ ဦးဝင်းတင်က ကိုမိုးသူက စကားမှပြောတတ်သူမှမဟုတ်တာလို့ စပါတယ်။ အဲဒီအချိန် ဥရောပမှပြန်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်က ဦးဝင်းတင်အတွက် ချောကလက်တစ်ထုပ် ပါလာပါတယ်။ ဦးဝင်းတင်က ကိုမိုးသူကိုလည်းကျွေးလေဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က မောင်မိုးသူကိုချောကလက်တစ်ခုပေးပါတယ်။ နောက် မောင်မိုးသူနှင့်ဦးဝင်းတင်တို့ကိုထားခဲ့ပြီး ဆရာဝန်များနဲ့တွေ့ဆုံမေးမြန်းဖို့ ပြန်သွားပါတယ်။ အဲဒီနေ့ဟာ ဧပြီ ၂၀ ရက်ဖြစ်ပြီး နောက်နေ့နံနက်မှာ ဆရာဦးဝင်းတင် ကွယ်လွန်သွားရှာ ပါတယ်။ ဆရာဦးဝင်းတင်ရဲ့ ဈာပနအခမ်းအနားကို ယုဒဿန်ခန်းမမှသည်ရေဝေးသုသာန်သို့ မောင်မိုးသူ လိုက်လံပို့ဆောင်ခဲ့ပါတယ်။ ဆရာဦးဝင်းတင်ရဲ့ဈာပနအခမ်းအနားဟာ အစည်ကားဆုံး ဈာပနအခမ်းအနားဖြစ်ပါတယ်။ ရေဝေးသုသာန်မှာ ဆရာဦးဝင်းတင်ကို ဂူသွင်းတဲ့အခမ်းအနားပြုလုပ်ဖို့နေရာကိုတော့ မောင်မိုးသူ လိုက်ပါမသွားဖြစ်ပါ။

ယခုတော့ ဦးဝင်းတင်ကွယ်လွန်တာ ငါးနှစ်ရှိခဲ့ပါပြီ။ အတူတွဲပြီး စာပေမှာ တာဝန်ယူခဲ့၊ နိုင်ငံရေးမှာ တာဝန်ယူခဲ့၊ ထောင်ထဲမှာလည်း တာဝန်ယူခဲ့၊ ကွယ်လွန်ချိန်အထိ အတူရှိခဲ့တဲ့ မောင်မိုးသူလည်း ဟံသာဝတီဦးဝင်းတင်နှင့်မောင်မိုးသူ အမှတ်တရဆောင်းပါးတစ်စောင် ရေးသားလိုက်ရခြင်းဖြစ်ပါတယ်။ ။ လွမ်းလျက်

မောင်မိုးသူ