၁၅ ဇူလိုင်
ယနေ့ခေတ် ကွန်ပျူတာသိပ္ပံသင်ကြားရခြင်း၏ အဓိကအကြောင်းရင်းမှာ နည်းပညာကိုအသုံးပြု၍ ပြဿနာများဖြေရှင်းနိုင်ရန် မရှိမဖြစ်လိုအပ်သော ပညာရပ်တစ်ခုဖြစ်လာသည်။ လုပ်ငန်းအသီးသီးရှိ အခန်းကဏ္ဍများ တိုးတက်စေရန်နှင့် လုပ်ငန်းအခက်အခဲများကို ဖြေရှင်းနိုင်စေရန် ဒီဇိုင်းဘာသာရပ်များ၊ ဆော့ဝဲလ်ပညာရပ်များနှင့် လုပ်ငန်းများတွင် လိုအပ်သော ဟက်ဝဲလ်ပစ္စည်းများကို သင်ယူလေ့လာရသည်။ နည်းပညာခတ်တွင် ကွန်ပျူတာသည် မရှိမဖြစ်လိုအပ်သော စက်ပစ္စည်းတစ်ခုအဖြစ် လူသားတို့အပေါ် အကျိုးပြုလျက်ရှိသည်။ ကွန်ပျူတာသိပ္ပံဘာသာရပ်သည် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနေသည်။
ခေတ်မီနည်းပညာရပ်များ တိုးတက်ပြောင်းလဲလာခြင်းနှင့်အတူကွန်ပျူတာပညာရပ်သည်လည်း တိုးတက်ပြောင်းလဲလာသည်။ ယင်းကြောင့်စဉ်ဆက်မပြတ် တိုးတက်ပြောင်းလဲနေသည့် သတင်းအချက်အလက်နှင့်နည်းပညာများကို အချိန်နှင့်တစ်ပြေးညီ လေ့လာဆည်းပူးရန် လိုအပ်ပြီး အသစ်သစ်များကို တီထွင်ကြံဆဖော်ထုတ်မည့် မျိုးဆက်သစ်လူငယ်များ၏ အခန်းကဏ္ဍသည် အရေးကြီးလာသည်။
ပညာရှင်များမွေးထုတ်
ကွန်ပျူတာတက္ကသိုလ်သည် နိုင်ငံအတွက် လိုအပ်ချက်ဖြစ်သည့်ကွန်ပျူတာပညာရှင် မျိုးဆက်သစ်လူငယ်များ ပေါ်ထွက်လာစေရေးအတွက်ပင်မ အသိုက်အမြုံကြီးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံတကာနှင့်ချိတ်ဆက်ကာ သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိခြင်း၊ နိုင်ငံတကာ အဆင့်မီ စာတွေ့လက်တွေ့ သင်ကြားပြသမှုများမှတစ်ဆင့် လုပ်ငန်းခွင်ဝင်ရောက်နိုင်သည်အထိ အထောက်အကူပြု လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်ခြင်းစသည့် ပညာရှင်များမွေးထုတ်ပေးရာ တစ်ခုတည်းသော တက္ကသိုလ်ဖြစ်ခြင်းကြောင့်ပင်။
ထို့ကြောင့်၂၀၁၇၊ ၂၀၁၈ စစ်တမ်းကောက်ချက်များအရ မြန်မာတစ်နိုင်ငံလုံးရှိ တက္ကသိုလ်အမှတ်ပေးစနစ်များတွင် ထိပ်ဆုံးမှ ရပ်တည်ခဲ့သော တက္ကသိုလ်များအနက် ကွန်ပျူတာတက္ကသိုလ်သည် တစ်ခုအပါအဝင် ဖြစ်ခဲ့သည်။
ကွန်ပျူတာတက္ကသိုလ်နောက်ခံသမိုင်း
ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်ကို ၁၉၇၁ ခုနှစ်တွင် တက္ကသိုလ်များ သင်္ချာတွက်စက်ဌာန (UCC)အဖြစ် စတင်တည်ထောင်ခဲ့ပြီး ၁၉၈၈ ခုနှစ်မတ် ၂၉ ရက်မှစ၍ ကွန်ပျူတာတက္ကသိုလ် Institute of Computer Science & Technology)အဖြစ် အဆင့်တိုးမြှင့်ခဲ့သည်။
တက္ကသိုလ်များသင်္ချာတွက်စက်ဌာန (UCC) အဖြစ် တည်ရှိနေခဲ့ပြီး ၁၉၇၃ ခုနှစ်မှ စတင်ကာ ရန်ကုန်တက္ကသိုလ်၊ သင်္ချာဌာနနှင့် ပူးပေါင်း၍ မဟာသိပ္ပံ(ကွန်ပျူတာသိပ္ပံ)နှင့် ဘွဲ့လွန်သင်တန်းနှင့် ဘွဲ့လွန်ကွန်ပျူတာ သင်တန်းများကို စတင်ဖွင့်လှစ်သင်ကြားပို့ချခဲ့သည်။ ၁၉၈၆-၁၉၈၇ ပညာသင်နှစ်မှစ၍ ရန်ကုန်တက္ကသိုလ်အောက်တွင် ကွန်ပျူတာသိပ္ပံဌာန ဖွင့်လှစ်၍ ကွန်ပျူတာသိပ္ပံဘွဲ့နှင့် ကွန်ပျူတာနည်းပညာဘွဲ့များအတွက် သင်တန်းများလက်ခံသင်ကြားခဲ့သည်။ ၁၉၈၈ ခုနှစ် မတ် ၂၉ ရက်တွင် UCC ကို ကွန်ပျူတာ တက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့်သတ်မှတ်ခဲ့ပြီး ဇွန် ၁ ရက်တွင် မြန်မာ အမည် ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်ဟု လည်းကောင်း၊ University of Computer Studies, Yangon (UCSY) အမည်သို့ထပ်မံပြောင်းလဲခဲ့သည်။
၁၉၉၇ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ကွန်ပျူတာတက္ကသိုလ်ကိုပညာရေးဝန်ကြီးဌာနလက်အောက်မှ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသို့လွှဲပြောင်းခဲ့သည်။ ကျောင်းသားဦးရေ တိုးတက်လာသဖြင့် ၂၀ဝဝ ပြည့်နှစ်တွင်လှိုင်မြို့နယ်ရှိ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်အပြင် ရွှေပြည်သာမြို့နယ်တွင်ကျောင်းသစ် တစ်ကျောင်း တိုးချဲ့တည်ဆောက်ခဲ့သည်။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ၆ ရက်တွင် ရွှေပြည်သာမြို့နယ်ရှိ ယခုလက်ရှိ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်တည်ရှိရာနေရာသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။
ခရက်ဒစ်စနစ်ဖြင့် အမှတ်ပေး
၁၉၇၁ ခုနှစ်မှ စတင်ကာ တည်ထောင်ခဲ့သည့် ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်သည် အသက်မွေးဝမ်းကျောင်းတက္ကသိုလ်ဖြစ်သည်နှင့်အညီ ပညာသင်နှစ်ကာလမှာ ငါးနှစ်ဖြစ်ပြီး စာတွေ့သာမက လက်တွေ့ကွင်းဆင်းခြင်းကိုပါ လုပ်ဆောင်ရသည့် တက္ကသိုလ်တစ်ခုဖြစ်သည်။ ယင်းကြောင့် ပြင်ပလက်တွေ့လုပ်ငန်းခွင်သို့မရောက်မီ ကွန်ပျူတာဖြင့် လုပ်ဆောင်နည်းစနစ်များကို အဆင့်ဆင် ဆောင်ရွက်ခြင်း၊ စမ်းသပ်စစ်ဆေးခြင်း၊ တွေ့ကြုံရသည့် အခက်အခဲ ပြဿနာများကို ဖြေရှင်းနိုင်အောင် စာတွေ့ကို လက်တွေ့ဖြင့် ပူးတွဲသင်ကြားရသည့်တက္ကသိုလ်တစ်ခုလည်း ဖြစ်သည်။
အဆိုပါတက္ကသိုလ်သည် ၂၀၁၈ ပညာသင်နှစ်မှစတင်ကာ ကျောင်းတွင်းရမှတ်များကို ခရက်ဒစ်စနစ်ဖြင့် အမှတ်ပေးသည့်စနစ်သို့ ပြောင်းလဲကျင့်သုံးခဲ့သည်။
“မနှစ်ကစပြီး ဆရာမတို့ ဘာပြောင်းလဲလိုက်လဲဆိုတာ့ ခရက်ဒစ်ပေးတဲ့စနစ်ပါ။ ခရက်ဒစ်စနစ်ပြောင်းတဲ့အတွက် ဘာအကျိုးကျေးဇူးတွေရလဲဆိုတော့နိုင်ငံတကာကျောင်းသားတွေနဲ့ ကျောင်းသားဖလှယ်ရေးအစီအစဉ်တွေ လုပ်တယ်။ အဲဒီအခါကျရင် သူရဲ့ခရက်ဒစ်တွေ ကူးပြောင်းလို့ပါတယ်။ နောက်ဘယ်ဘာသာ ယူထားထား ဟိုရောက်ရင် ကိုယ်ယူတဲ့ဘာသာကို သင်ယူချိန်တိုးလို့ရတယ်။ ခါတိုင်းလိုမျိုး တစ်နှစ်လုံးကြီးအောင်မှ အောင်မယ်။ ကျတာနဲ့ နောက်ထပ်တစ်နှစ်လုံးပြန်တက်ဆိုတာမျိုး မရှိဘူး။ သူယူတဲ့ဘာသာရပ်ပေါ်မူတည်ပြီး သူ့မှာ ခရက်ဒစ်ရှိတယ်ဆို သူအောင်သွားမယ်။ ဒါကြောင့် ကျောင်းသားတွေအနေနဲ့ ဒီည စာကျက်၊ နောက်နေ့ကျ စာမေးပွဲဖြေဆိုပြီး လုပ်လို့မရဘူး။ တစ်နှစ်လုံးဆက်တိုက် စာစဉ်တို့၊ ပရောဂျက်တို့လုပ်ခဲ့မှသာ သူ့ရဲ့ ခရက်ဒစ်ကိုရရှိမှာပါ” ဟု ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မီမီသက်သွင်က ရှင်းပြသည်။
ခရက်ဒစ်ရမှတ်များကို ကျောင်းတွင်းလုပ်ဆောင်ချက်များဖြစ်သည့်စာစဉ်၊ ပရောဂျက်များမှတစ်ဆင့် ရမှတ် ၅၀ မှ ၆၀ ကြားပေးခြင်း ဖြစ်သည်။ ကျန်သည့် ပညာသင်နှစ် နှစ်ဝက်အတွက်ကိုမူ လုပ်ငန်းခွင်အတွင်းသို့ လက်တွေ့ကွင်းဆင်းလုပ်ကိုင်သည့် ရမှတ်ပေါ်မူတည်ပြီး အမှတ်ပေးသွားမည် ဖြစ်သည်။
အောင်မြင်ပြီးမြောက်ပါက အထူးပြုဘာသာရပ်အလိုက် အောက်ပါကွန်ပျူတာ ဆိုင်ရာဘွဲ့များကို ပေးအပ်ချီးမြှင့်သွားမည် ဖြစ်သည်။
B.C.Sc. (Software Engineering) ကွန်ပျူတာသိပ္ပံဘွဲ့(ပရိုဂရမ်အင်ဂျင်နီယာ)၊ B.C.Sc.(Knowledge Engineering) ကွန်ပျူတာသိပ္ပံဘွဲ့ (အသိပညာအင်ဂျင်နီယာ)၊ B. C. Sc. (Business Information System) ကွန်ပျူတာသိပ္ပံဘွဲ့(စီးပွားရေးသတင်းအချက်အလက်စနစ်)၊ B.C.Sc.(Computer Security and Forensis) ကွန်ပျူတာသိပ္ပံဘွဲ့ (ကွန်ပျူတာလုံခြုံရေးနှင့် သက်သေအထောက်အထား ရှာဖွေစစ်ဆေးမှုပညာ) B.C.Tech.(Embedded System) ကွန်ပျူတာ နည်းပညာဘွဲ့ (မြှုပ်နှံထိန်းချုပ်စနစ်)၊ B. C. Tech. (Computer Communication and Networks) ကွန်ပျူတာနည်းပညာဘွဲ့(ဆက်သွယ်ရေးနှင့် ကွန်ရက်ပညာ)ဘွဲ့များဖြစ်သည်။
ထို့ပြင် သက်ဆိုင်ရာ ဘွဲ့အသီးသီးရရှိပြီး သတ်မှတ်အရည်အချင်း ပြည့်မီစွာ အောင်မြင်ပါက ရန်ကုန်ကွန်ပျူတာတက္ကသိုလ်တွင် မဟာဘွဲ့များနှင့် ပါရဂူဘွဲ့များအထိ အဆင့်ဆင့် တက်ရောက်ခွင့်ရှိသည်။
အလုပ်အကိုင် အခွင့်အလမ်းများစွာပေးနိုင်သည့် ပညာရပ်တစ်ခုဖြစ်
ရန်ကုန်ကွန်ပျူတာတက္ကသိုလ်သည် နိုင်ငံတကာရှိ တက္ကသိုလ်ပေါင်း ၂၀ နှင့် MoU ထိုးထားပြီး အဆိုပါ တက္ကသိုလ်များနှင့် သုတေသနစာတမ်းများ ဖလှယ်ခြင်း၊ Student Exchange သွားရောက်နိုင်ခြင်း၊ Project များ ပြုလုပ်နိုင်ခြင်း၊ Double Degree Master Program စသည့် မာစတာဘွဲ့များ အပြန်အလှန်ပေးအပ်နိုင်သည့် တက္ကသိုလ်တစ်ခု ဖြစ်သည်။
၄င်းအပြင် နည်းပညာပြပွဲများ၊ ထုတ်ကုန်ပြပွဲများ (ကျောင်းသား ကျောင်းသူများ တီထွင်ထားသည့် ထုတ်ကုန်များကို နည်းပညာကုမ္ပဏီများသို့ ပြသခြင်း)၊ Mobile Application Development ပြိုင်ပွဲများ စသည့် ပြိုင်ပွဲ၊ ပြပွဲများမှတစ်ဆင့် နည်းပညာ ကုမ္ပဏီများနှင့် ချိတ်ဆက်ကာ ကျောင်းသား ကျောင်းသူများ၏ အရည်အသွေး ကို တိုးမြှင့် ထုတ်လုပ်ပေးလျက်ရှိသည့် တက္ကသိုလ်လည်း ဖြစ်သည်။
ယင်းနှင့်စပ်လျဉ်းပြီး ပါမောက္ခချုပ် ဒေါက်တာမီမီသက်သွင်က “IT Industry ဖြစ်တဲ့အတွက် လူ့စွမ်းအားအရင်းအမြစ်တွေကို မွေးထုတ်ပေးနေတာပါ။ ဆရာမတို့ဖြစ်ချင်တာက ကျောင်းသား ကျောင်းသူတွေကို စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ ဖြစ်စေချင်တာပါ။ အခုကြည့်လိုက်ရင်လည်း IT Company တွေရဲ့ ဦးဆောင်သူတော်တော်များများက ဆရာမတို့ကျောင်းက မွေးထုတ်ပေးလိုက်တဲ့ ကျောင်းသား ကျောင်းသူတွေပဲဆိုတော့ သူတို့တွေကနေတစ်ဆင့်ဆရာမတို့နိုင်ငံရဲ့ IT Industry ကို ဖွံ့ဖြိုးသွားစေချင်တဲ့ ရည်ရွယ်ချက်ပါ။ ဆရာမတို့အနေနဲ့ နိုင်ငံအတွက် လိုအပ်နေတဲ့ သုတေသနလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ ပေါ်ပေါက်ဖို့၊ နောက်တစ်ခုက ပြည်သူလူထုကို IT အသိပညာပေးသွားချင်တာပါ” ဟု ပြောသည်။
ရန်ကုန်ကွန်ပျူတာတက္ကသိုလ်သည် ကျောင်းသားပေါင်း ၂၀ဝဝဝ နီးပါး မွေးထုတ်ပေးခဲ့ပြီးဖြစ်ပြီး လက်ရှိအချိန်တွင် ကျောင်းသား ကျောင်းသူပေါင်း ၂၀ဝဝ ခန့် ပညာသင်ကြားလျက်ရှိသည့် တက္ကသိုလ်ဖြစ်သည်။
“အခုဆို IT နည်းပညာကလည်း ခေတ်ကောင်းလာတဲ့အချိန် ဖြစ်လာတော့သူတို့အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေလည်း များပါတယ်။ နောက်ကျောင်းမပြီးခင်ကတည်းက အလုပ်တွေက လာခေါ်နေကြတယ်။ ရတယ်။ ဟိုတုန်းကတော့ ခက်ခဲပါတယ်။IT က နိုင်ငံခြားသွားရင်သွား၊ မသွားရင် Word တို့ Excel တို့ စာရိုက်ဖို့လောက်ပဲ။ အခုကျတော့ ကံကောင်းတာက ပြည်ပက နည်းပညာကုမ္ပဏီတွေကရော၊ ပြည်တွင်း နည်းပညာ ကုမ္ပဏီတွေရော၊ ဒါ့အပြင် ရုံးဌာန၊ ဘဏ်၊ ဘယ်နေရာမဆို IT အက်ပလီကေးရှင်းတွေက သုံးလာတဲ့အခါကျတော့ သူတို့အတွက် အလုပ်အကိုင် အခွင့်အလမ်းက ကောင်းလာတယ်” ဟု ပါမောက္ခချုပ်က ပြောသည်။
ဝင်ခွင့်လျှောက်ထားလိုပါက
ကွန်ပျူတာသိပ္ပံပညာသည် သတင်းအချက်အလက်နှင့် အတွက်အချက်များဆိုင်ရာ အခြေခံသီအိုရီသဘောတရားမျာကို လေ့လာခြင်းနှင့် ယင်းအခြေခံအုတ်မြစ်များပေါ်တွင် အခြေပြု၍ ကွန်ပျူတာစနစ်များကို အသုံးပြုကာ လက်တွေ့အသုံးချမှုများအား စူးစမ်းလေ့လာသော ပညာရပ်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကွန်ပျူတာတက္ကသိုလ် ၂၃ ခုရှိပြီး အဆိုပါတက္ကသိုလ်များသို့ပညာသင်ကြားခွင့် လျှောက်ထားရယူနိုင်သည်။
လျှောက်ထားလိုသူများသည် စုစုပေါင်းရမှတ် ၄၅၀ နှင့်အထက် ရရှိသူများ (သို့မဟုတ်) အင်္ဂလိပ်စာနှင့် သင်္ချာနှစ်ဘာသာ စုစုပေါင်း ရမှတ် ၁၄၀ နှင့်အထက် ရရှိသူများအတွက် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှကျောင်းသား ကျောင်းသူဦးရေ ၅၀ဝ လက်ခံပေးသွားမည်ဖြစ်သည်။
ဝင်ခွင့်လျှောက်ထားမည့် ကျောင်းသား ကျောင်းသူများအတွက် ပါမောက္ခချုပ်ဒေါက်တာမီမီသက်သွင်က “ဆရာမတို့ကျောင်းက အခွင့်အလမ်းတွေအများကြီး ပေးနိုင်သလို စိန်ခေါ်မှုတွေကိုလည်း အများကြီး ကျော်ဖြတ်ရမယ်။ IT ကို တကယ်စိတ်ဝင်စားရမယ်။ ဘာဖြစ်လို့လဲဆိုတော့ IT က တိုးတက်မှုနှုန်း အလွန်မြန်တယ်။ ဒါလေးတော့ ကျွမ်းကျင်စွာတတ်သွားပြီဆိုပြီး ရပ်လိုက်လို့မရဘူး။ အမြဲတမ်းလေ့လာနေရမှာဆိုတော့ IT ဘာသာရပ်ကြီးကို တကယ်စိတ်ဝင်စားပြီး လေ့လာချင်သူတွေကို ဆရာမတို့ဘက်က ဖိတ်ခေါ်ပါတယ်။ အခွင့်အလမ်းအများကြီး ရှိပါတယ်။ တကယ်စိတ်ဝင်စားရင်တော့ ဘဝမှာ အောင်မြင်ပေမယ့် စိတ်မဝင်စားရင်တော့ ပင်ပန်းပါလိမ့်မယ်” ဟု ပြောသည်။
ဝင်ခွင့်လျှောက်ထားလိုသူများသည် မိမိကိုင်ဆောင်သော နိုင်ငံသား စိစစ်ရေးကတ်ပြားအမှတ် (သို့)နိုင်ငံသားလက်မှတ်အမှတ်များကို အပြည့်အစုံဖော်ပြ၍ မိတ္တူများကို တစ်ပါတည်း ပူးတွဲတင်ပြရမည်။ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများကို ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်ရှိ ရန်ကုန်တက္ကသိုလ်သို့ စာတိုက်မှဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ တိုက်ရိုက် လျှောက်ထားနိုင်သည်။ အသေးစိတ် သိရှိလိုပါက ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၊ ဌာနမှူး (သင်တန်း)ဖုန်း-ဝ၉-၂၆၆၉၂၆၉၂၈ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်း နိုင်သည်။
ခင်ဇာလီ
ဓာတ်ပုံ - မီချီကိုဟန်