၁၅ ဇူလိုင်
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အစဉ်ဦးထိပ်ထားသလို တိုင်းရင်းသားခေါင်းဆောင်များကလည်း နိုင်ငံ့လွတ်လပ်ရေးအတွက် ကိုယ်ကျိုးမဖက် စွန့်လွှတ်စွန့်စားကြိုးပမ်းခဲ့သည့် ဗိုလ်ချုပ်အပေါ် အစဉ်ထာဝရ ချစ်ခင်လေးစားခဲ့ကြ၏။
၁၉၄၇ ဇူလိုင် ၁၉ ရက်တွင် ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့တော့လည်း သေသူကို ရှင်သူက တသည့်နှယ် မချိတင်ကဲ ကြေကွဲဝမ်းနည်း ခဲ့ကြ၏။
ဗိုလ်ချုပ်ကျဆုံးပြီးသည့် နောက်တစ်နေ့ ၁၉၄၇ ဇူလိုင် ၂၀ ရက်နေ့တွင် ကချင်တိုင်းရင်း သားခေါင်းဆောင်ကြီး ဆမားဒူးဝါး ဆင်ဝါးနောင်သည် တာဝါလိမ်းအိမ်ရှိ ဗိုလ်ချုပ်ရုပ်ကလာပ်ကို မြင်ရသောအခါ ဣမြေဆည်နိုင်တော့ဘဲ မျက်ရည်ပေါက်ကြီးများ ကျရှာလေတော့သည်။ ဤသို့လျှင် စစ်မက်တိုက်ခိုက်မှုကို ဝါသနာပါ၍ ခက်ထန်သော စိတ်ကြမ်းရှိသည်ဟု ဆိုကြသော ဒူးဝါးကြီးပင်လျှင် မျက်ရည်ကျ လောက်အောင် ယူကျုံးမရ ဖြစ်ခဲ့ရရှာလေသည်။
သို့နှင့် ၂၀၁၉ ခုနှစ် (၇၂) နှစ်မြောက် အာဇာနည်နေ့အခါသမယတွင် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပေါ် တစ်ချိန်က တိုင်းရင်းသားခေါင်းဆောင်ကြီးများနှင့် ဗိုလ်ချုပ်၏ လုပ်ဖော်ကိုင်ဖက်ပုဂ္ဂိုလ် အချို့၏ လွမ်းဘွဲ့မှတ်တမ်းများကို ထိုထိုသော စာပန်းချီသမိုင်းမှတ်တမ်းများထဲမှ ကောက်နုတ် ၍ အနုသန္ဓေဆက်စပ်ဖော်ပြအပ်ပါ၏။
ကချင်တိုင်းရင်းသားခေါင်းဆောင် ဆမားဒူးဝါး ဆင်ဝါးနောင်
“ဗိုလ်ချုပ်ကို လှိုက်လှိုက်လှဲလှဲ မချီးကျူးဘဲ မနေနိုင်သည့် အချက်တစ်ခုမှာလည်း သူများ တွေက နန်းရင်းဝန်တို့ ဘာတို့လုပ်တယ်ဆိုရင် အိမ်ဝင်းတံခါးပေါက်မှာ ပုလိပ်တို့၊ အစောင့်တို့၊ ဘာတို့ ထားရှိတယ်ဆိုတာ သိရတယ်။ သို့သော် ဗိုလ်ချုပ်ကတော့ ဘာမျှ မထားချင်ဘူး။ ကုန်ကုန် ပြောရမယ်ဆိုရင် မည်သည့်ဆင်းရဲသားမဆို မိမိတို့၏ အရေးပြဿနာများကို ဗိုလ်ချုပ်ထံ အလွယ်တကူ ဝင်ရောက်ပြောဆိုနိုင်ခွင့်ရှိတယ်။ ဒီလိုအချက်တွေကို ထောက်ရှုခြင်းအားဖြင့် ဗိုလ်ချုပ်ဟာ တိုင်းပြည်ဆင်းရဲသားများကို မည်သို့ကရုဏာရှိပြီး မည်သို့လွတ်လပ်ခွင့်ပေး တယ်ဆိုတာကို အလွယ်တကူ ကျနစွာသိနိုင်ပါ တယ်။ (၁၉၄၇ ခု ဇူလိုင်လ ၂၉ ရက် တိုင်းပြု ပြည်ပြုလွှတ်တော် ကြေကွဲဝမ်းနည်းကြောင်း အဆို)
ချင်းဝန်ကြီး ဦးဝမ်ကိုဟော
မြန်မာတစ်မျိုးသားလုံးသည် ဗိုလ်ချုပ်ကို အကြောင်းပြု၍ ယခုကဲ့သို့သော ညီညွတ်မှုကို ရရှိခဲ့ပေသည်။ ဗိုလ်ချုပ်၏ ကျေးဇူးကြောင့် ကျွန်ုပ်တို့ စည်းလုံးမိကြပြီမှာ မှန်ပါသည်။ သို့သော် ပြည်ထောင်စုသားများ၏ စည်းလုံးမှုမှာ အခြေတည်စဖြစ်သည့်အလျောက် သေးကွေး နုနယ်သေးကြောင်းကို အစဉ်မပြတ် သတိချပ် ရပေမည်။ ဤစည်းလုံးမှုကြီး မယိမ်းမယိုင် ကျောက်စာတိုင်အလား ခိုင်မြဲတည်တံ့နေစေရန် အစွမ်းရှိသမျှ ကြိုးစားကြရပေမည်။ ကျွန်ုပ်တို့ ပြည်ထောင်စုသားအချင်းချင်းများတွင် လူမျိုးရေးခွဲခြားစိတ်များ မည်သည့်အခါမျှ မကိန်း အောင်းစေရန် အထူးသတိပြုရပေမည်။(အောင်သန်း၏ အောင်ဆန်း)
ဗိုလ်ထွန်းလှ(တက္ကသိုလ်နေဝင်း)
ပစ္စုပ္ပန်ခေတ် မြန်မာပြည်နိုင်ငံရေးသမိုင်းကို စာတင်၍ ရေးသားသည်ရှိသော် “ မြန်မာပြည် ဘွား တိုင်းရင်းသားလူမျိုးအချင်းချင်း သွေးစည်းပြီး ညီညွတ်မှုချစ်ကြည်ရေးအတွက် အဘယ် နိုင်ငံရေးခေါင်းဆောင်သည် အချိန်အနည်းဆုံး တွင် အများဆုံး လုပ်ဆောင်ခဲ့လေသနည်း” ဟူသော မေးခွန်းတစ်ရပ်သည်လည်း ဖြစ်ပေါ်လာလိမ့်မည်။ ထိုမေးခွန်းကို အထူးစဉ်းစား၍ မနေဘဲ မဆိုင်းမတွ ကျွန်ုပ်ဖြေကြားလိုပေသည်။
ကျွန်ုပ်၏အဖြေကား “ဗမာ၊ ရှမ်း၊ ကချင်၊ ကရင်၊ ချင်း၊ စသော တိုင်းရင်းသားအချင်းချင်း သွေးစည်းမိအောင် ချစ်ကြည်ရေးကို အများဆုံး စွမ်းဆောင်ကြိုးပမ်းခဲ့သူမှာ မကြာမီက ရေတိမ်နစ် ခဲ့ရှာသော ကျွန်ုပ်တို့၏ ဆရာဗိုလ်ချုပ်အောင်ဆန်း ပင်ဖြစ်သည်” ဟူသတည်း။
တိုင်းရင်းသားလူနည်းစုတို့ နေထိုင်ရာ နယ်ပယ်များ၌ ဗိုလ်ချုပ်သည် မည်မျှစိတ်ပါဝင်စား သည်ကိုကား သူအစိုးရအဖွဲ့ထဲ ဝင်ပြီးသည့်အချိန်မှသည် နောက်ဆုံးသူ ရေတိမ်နစ်ခဲ့သည်အထိ မြန်မာ ပြည်တောင်တန်းဒေသ၊ နယ်စွန်နယ်ဖျားဒေသ ဟူသမျှကို အလွန်ဆင်းရဲပင်ပန်းခံကာ တရကြမ်း ခရီးထွက်ခဲ့ခြင်းဖြင့် ထင်ရှားစေခဲ့လေသည်။
ယခုဗိုလ်ချုပ်ခမျာ သူကိုယ်တိုင် စတင်အုတ် မြစ်ချကာ တည်ဆောက်ခဲ့သော လွတ်လပ်ရေး ဗိမာန်ကြီးသို့ ရောက်လုနီးမှ ကျဆုံးသွားရရှာလေရာတွင် နိုင်ငံ့ခေါင်းဆောင်များ၊ လူထုဆင်းရဲသားများ၊ ရဲဘော်များက ဝမ်းနည်းကြေကွဲသလောက် တိုင်းရင်းသားလူနည်းစုတို့ပင်လည်း သူတို့အဖို့ အကြီးဆုံးသော ဆုံးရှုံးရခြင်းတစ်ရပ်သည် ဖြစ်ပေါ်လာခဲ့လေပြီဟု နှမြောတသ ယူကျုံးမရ ဖြစ်ခဲ့ရရှာလေသည်။
မြန်မာပြည်မမှ လူထုနှင့် တိုင်းရင်းသား လူနည်းစုတို့၏ သွေးစည်းမှုပန်းချီကားကို တပင်တပန်း အကြိမ်ကြိမ်မွမ်းမံရေးဆွဲခဲ့သော ဗိုလ်ချုပ်သည် ၁၉၄၇ ခုနှစ် ပင်လုံကွန်ဖရင့်တွင် ယင်းပန်းချီ ကားကြီး၏ အဆုံးသတ်ခြယ်လှယ်ခြင်းများ ပြီး မြောက်ခဲ့လေသည်။ (၁၉၄၇ခု စက်တင်ဘာ ၁၅ ရက်)
သခင်ထွန်းတင်(ရန်ကုန်ခရိုင် ဖဆပလ စည်းရုံးရေးမှူးဟောင်း)
“ဗမာနှင့် တိုင်းရင်းသားများ သွေးစည်းကြ ဖို့ဆိုတဲ့ ကိစ္စကို ဗိုလ်ချုပ်အောင်ဆန်းဟာ အလွန် အရေးထားပါတယ်။ ကျွန်တော် မှတ်မိပါသေးတယ်။ ဂျပန်လက်နက်ချပြီးနောက် ရန်ကုန်ကို ပြန်ရောက်လာကြတဲ့ အင်္ဂလိပ်အရာရှိကြီးတွေဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ၄င်း၏နိုင်ငံရေးအဖွဲ့ ဖြစ်တဲ့ ပြည်သူ့လွတ်လပ်ရေးအဖွဲ့ ကြီးကို ပျက်စီးတိမ်မြုပ် သွားအောင် အနုနည်းရော၊ အကြမ်းနည်းနဲ့ပါ အမျိုးမျိုးလုပ်ကြံနေတဲ့အချိန်ဖြစ်ပါတယ်။ အဲဒီလို အချိန်မျိုးမှာ ကရင်နီနယ် (ယခုကယားပြည်နယ်)က ကရင်နီလူထုခေါင်းဆောင်များဖြစ်တဲ့ ဦးစိန်၊ သိုင်းဗဟန်နှင့် နယ်စားမြို့စား လူငယ်လူရွယ် စော်ဘွားကလေးများဟာ ဗြိတိသျှအရာရှိများ တားမြစ်ထားကြတဲ့ကြားထဲက ကျွန်တော်တို့၏ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တွေ့ဆုံရန် လာရောက်ကြပါတယ်။
ကျွန်တော်တို့ ပြည်သူ့လွတ်လပ်ရေးအဖွဲ့က ကရင်နီ ခေါင်းဆောင်များကို ရန်ကုန်ဘုရားလမ်း ဆန်းကဖီးမှာ နံနက်စာ ထမင်းစားပွဲဖြင့် ဧည့်ခံပြုစု ပါတယ်။ ကရင်နီလူထုကလည်း ဂျပန်ကို တော်လှန် တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။ ကရင်နီ ခေါင်းဆောင်များကလည်း အင်္ဂလိပ်လက်အောက်မှာ သူတို့ မနေလိုကြောင်း၊ မြန်မာအမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအကြောင်း သတင်းကြားရတာ အလွန်ဝမ်းသာ အားတက်စရာ ကောင်း၍ လူကိုယ်တိုင်တွေ့ရအောင် အင်္ဂလိပ် အရာရှိကြီးတစ်ဦး အတင်းတားမြစ်သည့်ကြားမှပင် လာရောက်တွေ့ဆုံကြောင်း ထမင်းစားပွဲမှာ ပြောင်ပြောင်ပင် ဖွင့်ပြောကြပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းက “ကျွန်တော်တို့ ကတော့ လွတ်လပ်ရေးကို မရရအောင် လုပ်မှာပဲ။ လွတ်လပ်ရေးရဖို့ အကြောင်းတွေကလည်း ရှိတယ်။ ကျွန်တော်တို့ မြန်မာပြည်မကြီးက လွတ်လပ်ရေး ရပြီးတော့ ခင်ဗျားတို့ တောင်တန်းဒေသနှင့် ပြည်နယ်တွေ လွတ်လပ်ရေးမရဘဲ ကျန်နေရင် ခင်ဗျားတို့နယ်ထဲမှာ အင်္ဂလိပ်က အမြောက်ကြီး တွေလာပြီး ထောင်နေရင် ကျွန်တော်တို့ရတဲ့ လွတ်လပ်ရေးဟာ အလကား ဖြစ်မှာပဲ။ ခင်ဗျားတို့ က ကျွန်တော်တို့ကို မချစ်ချင်တောင်မှ အတင်းပဲ ချစ်မှာပါပဲ။ ခင်ဗျားတို့ကို ကျွန်တော်တို့ အတင်းပဲ (နသားဘားယား)ရမှာပဲ။ “ ဟု ရယ်ပြုံးပြုံးကြီး နှင့် ပြောပြီး ကုလားထိုင်ပေါ်သို့ ထိုင်ချလိုက်ပါသည်။
ဗိုလ်ချုပ်အောင်ဆန်း၏ အပိုမပါ ရိုးရိုးကြီး တဲ့တိုးပြောချလိုက်တာကို ကရင်နီခေါင်းဆောင်များ တော်တော်သဘောကျကြပါသည်။ သူတို့၏မျက်နှာများမှာ သိပ်ပြီး ရွှင်လန်းလာကြပါသည်။ ကွဲကွာနေသော ညီအစ်ကိုချင်း ပြန်တွေ့ရသည့်အခါ အလွန်အမင်းဝမ်းသာသလို ဝမ်းသာကြသည့် မျက်နှာများကို ကျွန်တော်မြင်ရပါသည် (အောင်သန်း၏ အောင်ဆန်း)
ဝန်ကြီးချုပ် ဦးနု
မြန်မာပြည်ကို စည်းစည်းလုံးလုံး ညီညီ ညွတ်ညွတ်နှင့်လုပ်နိုင်တာ ဗမာရာဇဝင် ပြန်ကြည့်လျှင် အနော်ရထာမင်းစောလက်ထက်မှာ တစ်ကြိမ်၊ ဘုရင့်နောင်လက်ထက်မှာ တစ်ကြိမ်၊ အလောင်းဘုရားလက်ထက်မှာတစ်ကြိမ်၊ ဆင်ဖြူ ရှင်လက်ထက်မှာ တစ်ကြိမ်၊ အဲသည် လေးကြိမ်ပဲ မြန်မာနိုင်ငံတစ်နိုင်ငံလုံးကို စည်းစည်းလုံးလုံး နှင့် လုပ်နိုင်တာကို ကျွန်တော်တွေ့ရတယ်။ ယခု ဗိုလ်ချုပ်ခေတ်မှာဆိုလျှင် သည်တစ်ခေတ်လည်း လေးကြိမ်လိုပဲ၊ တစ်နိုင်ငံလုံးမှာ လူကြီးရော၊ ကလေးပါ စည်းလုံးအောင် လုပ်သွားနိုင် တယ်ဆိုတာ ကျွန်တော်တို့ တွေ့ရတယ်။
ကရင် - ဗမာချစ်ကြည်ရေး၊ ကရင် - ဗမာ နားလည်ရေးဆိုတာကို ရအောင် ဗမာတွေဘက် ကနေပြီး မားမားမတ်မတ်လုပ်ခဲ့တာ ဘယ်သူလဲဆိုလျှင် ဗိုလ်ချုပ်ဖြစ်ခဲ့တဲ့အကြောင်း ကရင်ကိုယ်စား လှယ်ကြီးတွေ၊ ခေါင်းဆောင်ကြီးတွေက ဒီမှာ အတိအလင်းဝန်ခံပါလိမ့်မည်။ ဗိုလ်ချုပ်ခေါင်းဆောင်ပြီး ကရင်-ဗမာချစ်ကြည်ရေးကို လုပ်သွားတဲ့ အတွက် ဖက်ဆစ်ဂျပန်ကို တော်လှန်တဲ့အခါမှာ ကရင်-ဗမာအကုန် တညီတညာတည်း အလံတစ်ခုတည်းကို ကိုင်ပြီးတော့ တိုက်ခိုက်ခဲ့တဲ့အတွက် မြိုင်မြိုင်ဆိုင်ဆိုင်ကြီးဖြစ်ခဲ့တာ ကျွန်တော်တို့ အထင်အရှားတွေ့ရပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ အင်မတန်ဝမ်းနည်း စရာကောင်းတဲ့အချက်တစ်ခုက ဘာလဲဆိုလျှင် ကျွန်တော်တို့ ခေါင်းဆောင်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်ဟာ သူလုပ်သွားတဲ့ အလုပ်ကြီးပြီးခါနီး ပန်းတိုင်ရောက် ခါနီးဖြစ်နေတာကို သူကိုယ်တိုင် မတွေ့ရဘဲ မသမာတဲ့ ရန်သူတွေရဲ့ လက်ချက်နှင့် ကျဆုံးသွားတာ အင်မတန် အသည်းနာစရာ ကောင်းပါတယ်။ အဲသည်တော့ ကျွန်တော်တို့ ဗိုလ်ချုပ်အပေါ်မှာ တကယ်သစ္စာရှိတယ်။ တကယ် ကျေးဇူးဆပ်ချင်တယ်၊ တကယ် တိုင်းပြည်လူထုအတွက် လုပ်ချင်တယ်ဆိုရင် ကျွန်တော်တို့ရဲ့ရှေ့မှာ လမ်းတစ်လမ်းပဲ ရှိတယ်။ ဘာလဲဆိုလျှင် စည်းစည်းလုံးလုံး ညီညီညွတ် ညွတ်နှင့် ဗိုလ်ချုပ်ရှိစဉ် အခါတုန်းကထက် ဆတက်ထမ်းပိုးတိုးပြီး ကျွန်တော်တို့ဟာ ဗိုလ်ချုပ်ချသွားတဲ့၊ ရည်မှန်းထားတဲ့၊ လွတ်လပ်တဲ့သမ္မတ နိုင်ငံထူထောင်ပြီးတဲ့နောက် နှစ်ပေါင်း တစ်ရာ၊ နှစ်ရာစသည်ဖြင့် ကျွန်တော်တို့တစ်တွေ ညီညီညွတ်ညွတ်နှင့်ချီတက်သွားကြဖို့ ကျွန်တော် လေးလေးနက်နက် တောင်းပန်ပါတယ်။ (၁၉၄၇ ခု ဇူလိုင်လ ၂၉ ရက် တိုင်းပြုပြည်ပြုလွှတ်တော်တွင် မြိတ်လွှတ်တော်အမတ် သခင်နု တင်သွင်း သော ကြေကွဲဝမ်းနည်းကြောင်းအဆို)
ကရင်အမျိုးသား ဗိုလ်မှူးချုပ်ဟောင်း စောကြာဒို
ဂျပန်ခေတ်တစ်နေ့မှာ ဂျပန်သံအမတ်က ဗိုလ်ချုပ်နဲ့ ကျွန်တော်တို့ကို နေ့လယ်စာ စားရန် ဖိတ်ပါသည်။ ထိုနေ့မှာ အတော်ကလေး ပူပါသည်။ ကျွန်တော်တို့ ဝတ်ထားသော ယူနီဖောင်းများမှာ အလွန်ထူပြီး ကျွန်တော်တို့အားလုံး ချွေးတလုံးလုံးနှင့် ဖြစ်နေပါသည်။ ဗိုလ်ချုပ်ဝတ်ထားတဲ့ ယူနီဖောင်းမှာ ကျွန်တော်တို့ ယူနီ ဖောင်းထက် ပိုထူရကား ဗိုလ်ချုပ်အဖို့ ပြုတ်ထားသကဲ့သို့ ဖြစ်နေပါသည်။
“ကျွန်တော်တို့ ဖြစ်အင်ကိုမြင်သော ဂျပန် သံအမတ်က ကျွန်တော်တို့အပေါ် အင်္ကျီများကို ချွတ်ထားရန် အလိုက်သိစွာ အကြံပေးပါသည်။ ကျွန်တော်တို့လည်း မဆိုင်းမတွပင် အပေါ်အင်္ကျီများကို ချွတ်ပစ်လိုက်ပါသည်။”
“ဗိုလ်ချုပ်ဟာ သူ့အပေါ်အင်္ကျီကို တော်တော်နှင့် မချွတ်ပါ။ စဉ်းစားနေပုံပေါ်ပါ သည်။ နောက်ဆုံးချွတ်လိုက်သောအခါ သူ့ အောက်ခံစွပ်ကျယ်အင်္ကျီမှာ ရစရာမရှိအောင် စုတ်ပြဲနေသည်ကို တွေ့ရပါသည်။ ကျွန်တော်တို့ စွပ်ကျယ်များလည်း စုတ်ပြဲနေပါသည်။ သို့သော်လည်း ဗိုလ်ချုပ်စွပ်ကျယ်မှာ တစ်ခုနှင့် တစ်ခု သီထားသလား အောက်မေ့ရလောက်အောင်ပင် စုတ်ပြဲနေပါသည်။” (အောင်သန်း၏ အောင်ဆန်း)
ကရင်တိုင်းရင်းသားခေါင်းဆောင် စောစံဖိုးသင်(ဝန်ကြီး)
၁၉၄၃ ခု ဩဂုတ် ၁ ရက်နေ့ မြန်မာပြည် လွတ်လပ်ပြီဆိုတာ ကြေညာတော့ ကျွန်တော် ရန်ကုန်ဆင်းလာသည်။ ဆင်းလာတော့ ကျွန်တော့် မိတ်ဆွေတွေက ရန်ကုန်ကို မသွားနဲ့ သခင်တွေ ခင်ဗျားကို သတ်လိမ့်မယ်လို့ ပြောသည်။ ဒါပေမယ့် ကျွန်တော်က သွားရမယ်လို့ပြောပြီး ထွက်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သွားတွေ့သည်။ ကျွန်တော်သည် သူ့ရှေ့တွင် မတ်တတ်ရပ်၍ နေပါသည်။ သူလည်း အလုပ်များနေ၍ မော်မကြည့်အားပါ။ အတော်ကြာမှပင် ကျွန်တော့်ကို မော့ကြည့်ပြီး မေးလိုက်ပါသည်။
“ခင်ဗျား ဘယ်သူလဲ” “ကျုပ် ခင်ဗျားရဲ့ရန်သူပဲ၊ စောစံဖိုးသင် ဆိုတာ ကျုပ်ပဲ” ။ သူက ကျွန်တော့်ကိုကြည့်ပြီး ဘယ်လိုပြော သလဲ ဆိုရင် “A brave Enemy is a good Friend” (ရဲရင့်သောရန်သူသည် မိတ်ဆွေ ကောင်းဖြစ်တယ်) လို့ပြောပြီး လက်ဖက်ရည် ကြမ်းတစ်ခွက်ကို ခရားမှ ငှဲ့ပေး၏။ ကျွန်တော်သည် ယင်းစကား တစ်ခွန်းဖြင့်ပင် သူ့ကို အကျကြီး ကျသွားပါတော့သည်။ သံလိုက်ကဲ့သို့ ဆွဲဆောင်မှုရှိသောညှို့ဓာတ်ကို ကျွန်တော်အစွဲ ကြီး စွဲသွားပါတော့သည်။
ထိုနေ့ ဇူလိုင်လ ၁၉ ရက်နေ့ ဝန်ကြီးအဖွဲ့ အစည်းအဝေးကို လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီးဖြစ်သူ ကျွန်တော်နှင့် ပြည်ပခရီးလွန်နေသော ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းတို့မှအပ အခြားဝန်ကြီးအားလုံး အစုံအညီ တက်ရောက်ကြသည်။ ထိုနေ့က ဝန်ကြီး များကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာဝတ်စုံကို ဝတ်ဆင်၍ ဝန်ကြီးများအစည်း အဝေးသို့ တက်ရောက်လာသည်။
လူများတွင် “သေကံမရောက် သက်မပျောက်” ဆိုသောစကားသည် အလွန်မှန်ကန်ပါ၏။ ထိုနေ့က အစည်းအဝေးသို့ ကျွန်တော် မတက်ဖြစ်ရန် ကျွန်တော့် အစ်မသမီး မင်္ဂလာဆောင်က ကျွန်တော့်ကို အတင်းဆွဲထား၏။ မင်္ဂလာပွဲပြီး၍ ကျွန်တော်ထွက်လာတော့ သင်္ဘော၊ သောင်တင်၏။ သောင်မတင်ပါက ရန်ကုန်ကို သင်္ဘောဆိုက်ပြီး အိမ်မပြန်ဘဲ အစည်းအဝေး ရုံးခန်းမသို့ အချိန်မီတန်းသွားရန်ပင် ကြံစည်ထား၏။ သို့သော် သင်္ဘောသောင်တင်၍ ကျွန်တော့်ကို ကံဖယ်လိုက်၏။
ဒုတိယ သေကံမရောက် သက်မပျောက် သူကား ကျွန်တော့်အတွင်းဝန် အိုင်စီအက် ဦးစိုးတင့်ဖြစ်သည်။ ဦးစိုးတင့်မှာ ဝန်ကြီးဖြစ်သူ ကျွန်တော်အချိန်မီ မရောက်လာသဖြင့် အာရ်တီဘီစီမံကိန်းကို ဝန်ကြီးအဖွဲ့သို့ တင်ပြရန် တာဝန်ယူရသူဖြစ်၏။ သို့သော် ဒုတိယအတွင်းဝန် ဦးအုန်းမောင်က ဤစီမံကိန်းကို သူတင်ပြပါရစေဟု စိတ်အားထက်သန်စွာ ပြောလာသောကြောင့် ဦးအုန်းမောင်၏ ဆန္ဒအတိုင်း ဦးစိုးတင့်က လိုက် လျောရ၏။ ထို့ကြောင့် ဦးစိုးတင့်လည်း လုပ်ကြံမှု ဖြစ်သောအခန်းထဲသို့ မရောက်ရတော့ဘဲ သေဘေးမှ လွတ်သွား၏။
ကျွန်တော့်သင်္ဘောမှာ ထိုနေ့ည ၈ နာရီ အချိန်ကျမှပင် မအူပင်ဆိပ်ကမ်းသို့ ဝင်တော့သည်။ ဇူလိုင် ၂၀ ရက် နံနက်တွင် မအူပင်ခရိုင်ဝန်နှင့် ရာဇဝတ်ဝန်တို့က သင်္ဘောပေါ်ရောက်လာ၍ သတင်းအစုံအလင်ပြောပြတော့မှပင် ကျွန်တော် မယုံချင်၍ မရတော့ချေ။ မျက်ရည်လည်ရွဲနှင့် ယုံရတော့သည်။ ယူကျုံးမရဖြစ်ရတော့သည်။ ကျွန်တော့်သင်္ဘောကို ရန်ကုန်သို့ အမြန်ဆုံး မောင်းခိုင်းရာ ထိုနေ့ နေ့လယ် ၂ နာရီတွင် ရန်ကုန် သို့ရောက်၏။ သင်္ဘောဆိပ်မှနေ၍ အတွင်းဝန်ရုံးသို့ တန်းသွားပြီး လုပ်ကြံမှုဖြစ်ပွားရာ ဝန်ကြီးများ အစည်းအဝေးခန်းမသို့ ဝင်ကြည့်ပါသည်။
ကျွန်တော်၏ အာရ်တီဘီစီမံကိန်း စာတမ်း ကြီးသည် ဦးအုန်းမောင် ကျဆုံးသောနေရာရှိ သွေးကွက်ထဲတွင် ဖရိုဖရဲလွင့်ပြီး သွေးစများဖြင့် ရွှဲနစ်နေ၏။ ဘုရားသခင် ဖယ်ရှားလိုက်၍သာ ကျွန်တော်သည် အစည်းအဝေးသို့ မရောက်ခဲ့ရ။ အကယ်၍သာ ကျွန်တော်သာ ရောက်လာလျှင် အာရ်တီဘီစီမံကိန်းစာတမ်းနစ်နေသော သွေး များသည် ကျွန်တော့်သွေးများဖြစ်ရမည် ဧကန်၊ ဤနေရာ၌ အိုင်ထွန်းနေသော သွေးအိုင်ကား ကျွန်တော့်သွေးများ ဖြစ်နေမည်သာတည်း။
ကျွန်တော့်ကိုယ်စား ဦးအုန်းမောင် ဝင်ခံရခြင်းနှင့် ကျွန်တော်သေဘေး လွတ်ခဲ့ခြင်းအတွက် ဝမ်းမသာမိပါ။ ဦးအုန်းမောင်အတွက် နှမြောတသ မဆုံးဖြစ်ရသလိုပင် ကျွန်တော့်မိတ်ဆွေ ဗိုလ်ချုပ်အောင်ဆန်းနှင့် လည်ပင်းဖက်၍ မသေလိုက်ရသောကြောင့် ဝမ်းနည်းနေပါသည်။ ကျွန်တော်ပါ ရောသေလိုက်ရလျှင် ဗိုလ်ချုပ်အတွက် ဤမျှ ပူဆွေးနေရမည်မဟုတ်ဟု တွေးမိသည်။ ယခုတော့ ကျွန်တော်သည် ကြေကွဲဝမ်းနည်း မဆုံးဖြစ်၍ ဗိုလ်ချုပ်ကျဆုံးသောနေရာ ကြမ်းပြင်၌ ထိုင်ချပြီး ငိုနေမိပါတော့သည်။
ဗိုလ်ချုပ်နှင့်အတူ လည်ပင်းဖက်၍ မသေလိုက်ရခြင်းအတွက် ဝမ်းနည်းနေရမည်လား။ သို့သော် ဗိုလ်ချုပ်ချမှတ်ခဲ့သော လမ်းစဉ်အတိုင်း တာဝန်ယူသွားရန် ကျန်ရစ်ခဲ့၍ ဝမ်းသာရမည်လား။ ကျဆုံးရှာသူ အာဇာနည်များနှင့်အတူ တစ်ပါတည်း ပါမသွား၍ ဝမ်းနည်းရမည်လား။ အသက်မသေ ကျန်နေခဲ့၍ ဝမ်းသာရမည် လား။ အာဇာနည်မဖြစ်လိုက်ရသော ကျွန်တော် ကား ဝမ်းသာရမည်လား၊ ဝမ်းနည်းရမည် လား မသိတော့အောင် စိတ်ကိုတည်ငြိမ် အောင် ချုပ်တည်းမှုမရ ဖြစ်နေပါတော့ သည်။ (တက္ကသိုလ်စိန်တင်၏ မြန်မာ့နိုင်ငံရေး ဇာတ်ခုံမှ စောစံဖိုးသင်)
ခင်မောင်ထွေး