mdn

သတင်းဆောင်းပါး - တိုက်မောင်း

 

မိသားစုစကားဝိုင်း

 

လူသားသည် တစ်ဦးတစ်ယောက်တည်းနေထိုင် တတ်သော သတ္တဝါမဟုတ်။ ကမ္ဘာဦးကာလ ကတည်းက အုပ်စုလိုက်၊ အဖွဲ့လိုက် ရွှေ့ပြောင်းနေထ်ိုင်ကြရာမှ ကျေးရွာများ၊ မြို့ရွာများ ထူထောင် လာကြ၏။ အဖွဲ့၊ အုပ်စုများ၏ အခြေခံမှာ မိသားစုဖြစ်လေသည်။ မိသားစုများမှာပင် မိဘနှင့် သားသမီး၊ မောင်နှမများအကြား မတူကွဲပြား ခြားနားမှုများ ရှိနေသည်။ ထိုအခါ မိသားစု အတွင်း၌ပင် ပြဿနာများဖြစ်လာပြီး ဖြေရှင်းရန် လိုအပ်လာ၏။ အဖေဖြစ်သူက ဦးဆောင်၍ ဖြစ်စေ၊ အမေဖြစ်သူက ဦးဆောင်၍ဖြစ်စေ ဖြစ်ပေါ်လာသည့် အကြောင်းအရာအပေါ် မူတည်ပြီး ဖြေရှင်းပေးကြရသည်။ ထိုအချိန်မျိုးတွင် မိသား စုအားလုံး ဝိုင်းဖွဲ့ရန် လိုအပ်လာ၏။ မိသားစုဝင် များအားလုံး စုံလင်စွာစုဝေး၍ နှီးနှောတိုင်ပင် အဖြေရှာခြင်းသည်ပင်လျှင် အစည်းအဝေးများ ၏ အခြေခံအစဟု ဆိုချင်ပါသည်။

 

စကားဝိုင်းနှင့် အစည်းအဝေး

 

မိသားစုများဝိုင်းဖွဲ့၍ စကားပြောခြင်းကို အစည်းအဝေးဟု ခေါ်ပါမည်လား။ ဝိုင်းဖွဲ့စကား ပြောခြင်း သည် မိသားစုအတွင်း ပြဿနာများ၊ စုပေါင်းလုပ်ကိုင်ရန်ရှိသည်များကို ဖြေရှင်းရန်နှင့် နည်းလမ်း ရှာဖွေရန်ဖြစ်သည်။ ဝိုင်းဖွဲ့စကား ပြောရာတွင် စမည့်အချိန်ပါမည်။ သို့သော် ဘယ်သူပြီးမှ ဘယ်သူ ပြောရမည်ဆိုသည့် အစီအစဉ် အသေးစိတ်မပါနိုင်။ ကြိုက်တဲ့သူက ကြိုက်တဲ့အချိန် ဝင်၍ လွတ်လွတ် လပ်လပ် ဆွေးနွေးနိုင်၏။ မှတ်တမ်းလိုက်မည့်သူမလို။ ဆုံးဖြတ်ချက်များတော့ ပါနိုင်သည်။ လုပ်ရမည့် သူလည်း ရှိနိုင်၏။

 

စကားပြောမည့်နေရာသည် ထမင်းဝိုင်းလည်း ဖြစ်နိုင်သလို၊ မီးဖိုနံဘေးတွင်လည်း ဖြစ်န်ိုင်၏။ အချိန်အတွက် စိတ်ပူစရာမလို။ လူစုံတဲ့အချိန် စနိုင်သည်။ မိသားစုထမင်းဝိုင်း၊ သူငယ်ချင်းများ နဲ့ လက်ဖက်ရည်ဝိုင်း၊ ကျောင်းသား ကျောင်းသူ များအဖို့ စာသင်ချိန်ပြင်ပ စကားစမြည် ပြော ခြင်းများကို ဆိုလိုခြင်းဖြစ်သည်။ အစည်းအဝေး နှင့် စကားဝိုင်း ဘာကွာသနည်း။

 

အစည်းအဝေးဆိုသည်မှာ

 

အစည်းအဝေးတွင် အကြောင်းအရာ သို့မဟုတ် အစည်းအဝေးခေါင်းစဉ်သည် အဓိကကျသည်။ ဆွေးနွေးညှိနှိုင်းရန်ရှိက တက်ရောက်လာ သူများက အသေးစိတ် ဆွေးနွေးနိုင်ရန် ကြိုတင်ယူဆောင် လာရမည့် အချက်အလက်များကို သက်ဆိုင်ရာဌာနအလိုက် အစည်းအဝေးဖိတ် စာတွင် တစ်ပါတည်း ထည့်သွင်းဖော်ပြရန်လိုသည်။ အစီအစဉ်(Agenda)ပါရမည်။ ဖိတ်ကြားမည့်စာရင်း ပါရမည်။ အစည်းအဝေး စမည့် အချိန်၊ အစည်းအဝေးပြီးဆုံးရမည့် အချိန်များကို Agenda ၌တစ်ပါတည်း ပူးတွဲ၍ ပါသင့်သော်လည်း များသောအားဖြင့် အစည်းအဝေးစမည့် အချိန်သာပါပြီးဆုံးမည့်အချိန်ကို ထည့်မထားတတ်ကြ။ အစည်းအဝေး ပြုလုပ်မည့်နေရာ ပါသည်။ ဖြစ်နိုင်လျှင် အစည်းအဝေးပြုလုပ် မည့် တည်နေရာ မြေပုံကြမ်းကိုပါ ထည့်ပေးသင့်သည်။

 

အစည်းအဝေးအတွက် လိုအပ်ချက်များ

 

အစည်းအဝေးနှင့်ပတ်သက်၍ ကြိုတင်ညှိနှိုင်း ရန်ကိစ္စများရှိပါက ဦးဆောင်ပြုလုပ်သည့်ဌာနမှ တာဝန် ရှိသူက အခြားဌာနများနှင့် အစည်းအဝေး မစတင်ခင် ကြိုတင်ဆက်သွယ် ဆောင်ရွက်ထားရမည်။ အခမ်းအနားမှူးလိုအပ်က စီစဉ်ထားရမည်။ ပုံမှန်အစည်းအဝေးဖြစ်ပါက ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များမှ ဆောင်ရွက်ပြီး၊ မပြီးကို တက်ရောက်လာသူများက တင်ပြနိုင်စေရန် အခမ်းအနား မှူးက ဖိတ်ခေါ်ပေးရမည်။ တက်ရောက်လာသူများ စာရင်းကို မှတ်တမ်းတင်ထားရမည်။ အစည်း အဝေး စမည့်အချိန် အပေါ်မူတည်၍ အဆာပြေစားသောက်ဖွယ်ရာများကိုလည်း ကြိုတင်စီစဉ်ထား ရမည်။ ဖြစ်နိုင်ပါက အစည်းအဝေးစမည့်အချိန်သည် နေ့လယ်စာ၊ ညနေစာ စားသောက်မည့် အချိန်တို့နှင့် နီးကပ်မှုမရှိစေရန် လိုသည်။

 

အစည်းအဝေးတွင် သတိပြုဖွယ်ရာများ

 

ပုံမှန်အားဖြင့် အစည်းအဝေးများသည် ဦးဆောင်မည့်ပုဂ္ဂိုလ်၏ အချိန်ပေးနိုင်မှုအပေါ် တွင် မူတည်၍ စဉ်းစားကြ၏။ ရံဖန်ရံခါ အဆိုပါ ပုဂ္ဂိုလ်သည် အချိန်အနည်းငယ်လွဲရုံမှ တစ်ပါး အခြားတစ်နေရာ ၌လည်း အစည်းအဝေးတစ်ခုက ရှိနေပြန်၏။ ထိုအခါ အစည်းအဝေးစီစဉ်သူအဖို့ မူလက ကြိုတင် စီစဉ်ထားသည့်အချိန်ကို မစဉ်းစားနိုင်ဘဲ ရသည့်အချိန်အပေါ် မူတည်၍ ကတိုက်ကရိုက် ပြုလုပ်ရ သည်များလည်း ရှိနိုင်ပါသည်။ အရေးကြီးသည့်အစည်းအဝေးများဖြစ်ပါက ဖြစ်နိုင်လျှင် မူလစီစဉ်ထား သည့်အတိုင်းသာ ဆောင်ရွက်စေသင့်ပါသည်။

 

အစည်းအဝေးများကို အချိန်အကြာကြီးဆွဲ၍ မပြုလုပ်သင့်ပါ။ သတ်မှတ်ချိန်အတွင်းပြီးအောင် အစည်းအဝေးကို ဦးဆောင်သူက တာဝန်ယူရပါမည်။ အချို့ပုဂ္ဂိုလ်များသည် ဆိုင်ဆိုင် မဆိုင်ဆိုင် ကြုံတုန်းလေးပြောလိုက်ဦးမည်ဟုဆိုကာ ပဝေသဏီချဲ့၍ မပြီးနိုင်တော့။ အဓိက ဆွေးနွေးမည့် အကြောင်းအရာနှင့် သွေဖည်သွားပြီး အစည်းအဝေး၏အဟုန်ကိုပါ ကျဆင်းသွားစေနိုင်သည်။ ထို့ကြောင့် လိုအပ်ပါက အခမ်းအနားမှူးက တစ်ဦးလျှင်ဆွေးနွေးနိုင်သည့်အချိန် မည်မျှရသည်ကို ကြိုတင် ကြေညာထားပေးရမည်။ တင်ပြချက်များသည် လိုတိုရှင်းထိမိရမည်။ ဆွေးနွေးသည့် ခေါင်းစဉ် ကို အသက်ဝင်အောင် ခေါ်ဆောင်ပေးနိုင်ရမည်။

 

အစည်းအဝေး၏ ကောင်းကျိုးများ

 

အစည်းအဝေးများသည် ဆွေးနွေးပွဲများနှင့် မတူပါ။ ဟောပြောပွဲများ၏ သဘောသဘာဝများကဲ့သို့ တစ်ဖက်သတ်လည်းမဟုတ်။ အပြန်အလှန် အငြင်းအခုန် ပြောဆိုဆွေးနွေးနိုင်သည်။ အဖြေ ထွက်လာသည်အထိ ညှိနှိုင်း၍ရ၏။ ဆုံးဖြတ်ချက်ချမည့်ခေါင်းဆောင်ကို အကြံဉာဏ်ပွင့်လင်းလာ စေရန် အထောက်အကူဖြစ်စေ၏။ တွေးတောစရာများ တစ်ပုံတစ်ပင်ကြီး ရစေ၏။ ထိရောက်သော အစည်းအဝေးများသည် အချိန်ကုန်ရကျိုးနပ်စေ၏။ တက်ရောက်လာသူများကို ဗဟုသုတရစေ၏။ ရှေ့လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် မြန်ဆန်ထိရောက်စေ၏။

 

ထိရောက်သော အစည်းအဝေးများဖြစ်ရန်

 

ဌာန၊ အဖွဲ့အစည်းများအနေဖြင့် ထိရောက် သော အစည်းအဝေးများကို ကျင်းပပြုလုပ်တတ်ကြရန် လိုပါသည်။ အပတ်စဉ်၊ လစဉ် အစည်း အဝေးများ ပြုလုပ်ရာတွင် အချိန်ကုန်၊ လူပန်းရုံ မဖြစ်စေသင့်။ ယခင်ဆောင်ရွက်ခဲ့သည့် အစည်းအဝေးမှတ်တမ်းပါ ဆုံးဖြတ်ချက်များကို ဆောင်ရွက်ပြီး/မပြီး ပြန်လည်တင်ပြစေရမည်။ မပြီးပြတ်သေးပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို အဆုံး အဖြတ်ပေးမည့်သူထံကြောင်း ကျိုးခိုင်လုံစွာ တင်ပြကြရမည်။ တာဝန်ရှိသူက လိုအပ်သည်များကို အချိန်မီ ပံ့ပိုးကူညီနိုင်ပြီး ရုံး လုပ်ငန်းများမှာ ပိုမိုလျင်မြန်ချောမွေ့လာမည်ဖြစ် သည်။ နိုင်ငံတော်အဆင့် ပြုလုပ်သော အစည်း အဝေး၊ အခမ်းအနားများအဖို့မူ ပို၍ အရေးကြီးပါသည်။ ငွေကြေးသုံးစွဲမှု ကြီးမားသည်နှင့်အမျှ ရလဒ်လည်း ကြီးကြီးမားမားဖြစ်ဖို့ လိုပါသည်။ စာရေးသူသည် နိုင်ငံ့ဝန်ထမ်းဖြစ် သည့် အားလျော်စွာ အစည်းအဝေးများစွာကို တက်ရောက်ခဲ့ဖူးပါသည်။ ရုံးချုပ်၌ဖြစ်စေ၊ နယ်စပ် ဒေသ၌ ဖြစ်စေ နိုင်ငံခြားသားများနှင့်ပါ အစည်းအဝေးများတွင် ပါဝင်ခဲ့ဖူးသည်။ ၎င်းတို့ထံမှ အတု ယူဖွယ် အကြောင်းအချက်အချို့ကိုလည်း ရရှိခဲ့ပါ၏။

 

ပြုပြင်သင့်သည့်အချက်များ

 

အစည်းအဝေး တက်ရောက်သူများသည် အဆုံးအဖြတ်ပေးနိုင်သူများ သို့မဟုတ် ဘာသာ ရပ်ဆိုင်ရာ ကျွမ်းကျင်သူများ ဖြစ်နေ၏။ ဘယ်သူ မအားလို့ ဘယ်သူ့ကိုယ်စား တက်ရောက်သည် ဆိုတာမျိုး နိုင်ငံခြားသားများဆီမှ သိပ်မကြားရ။ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသည်လို့ ဆိုချင်ဆို။ ကျွန်တော် တို့နိုင်ငံရှိ အစည်းအဝေးအများစုတွင် “ဆရာက အခြားအစည်းအဝေးတစ်ခုရှိလို့ ဆရာ့ ကိုယ်စား တက်တာပါ” ဆိုသည့်အသံမျိုး၊ “ကျွန်တော့်ဆရာကို ပြန်တင်ပြလိုက်ပါ့မယ်”ဆို တာမျိုး၊ “မကြာခင်မှာ အကြောင်းပြန်ပေးပါ့မယ်” ဆိုတာမျိုးများနှင့် ချာလပတ်ရမ်းနေပြီး တစ်ထိုင်တည်း မပြီးပြတ်သည့် ကိစ္စများက ဒုနှင့်ဒေး။ အစည်းအဝေးများတွင် ကိုယ်စားတက်ရောက်ခြင်း၊ အဆုံးအဖြတ်ပေးနိုင်သူ ကိုယ်တိုင် မတက်ရောက်နိုင်ခြင်း စသည့်အချက်များကို ပြုပြင်ကြရန် လိုအပ်ပါသည်။ ဌာနတစ်ခုနှင့် တစ်ခု ယခုထက်ပိုပြီး ပေါင်းစပ်ညှိနှိုင်းမှု အားကောင်းဖို့ လိုအပ်မည်ထင်ပါသည်။

 

မိသားစုကြားမှစ၍ နိုင်ငံတော်အဆင့်ထိ ပြဿနာပေါင်းသောင်းခြောက်ထောင်ကို နေ့စဉ်နှင့်အမျှ ဖြေရှင်းနေကြရ၏။ အချို့ ပြဿနာများသည် အများပြည်သူနှင့်ဆိုင်၏။ ဌာန၊ အဖွဲ့ အစည်းအလိုက် ပူးပေါင်းဆောင်ရွက်ကြမှသာ အောင်မြင်မှုရနိုင်၏။ ထိုအခါ အစည်းအဝေးသည် မဖြစ်မနေပြုလုပ်ရန် လိုအပ်လာ၏။ တိုင်းပြည်သည် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ဖြည်းဖြည်းနှင့်မှန်မှန် လျှောက်လှမ်း နေ၏။ ရှေ့သို့ မြန် မြန် ရောက်ရန်လည်း လို၏။ အိမ်နီးနားချင်းများ ကို အမီလိုက်နိုင်ရန် အားလုံးက တက်ညီလက်ညီ ကြိုးစားကြရမည့် အချိန်အခါကောင်းဖြစ်၏။ မဖြစ်မနေလုပ်ရမည့် အစည်းအဝေး များကို ထိရောက်ပြီး အကျိုးရှိအောင် စီမံဆောင်ရွက် ကြရန် လိုအပ်ပါကြောင်း တိုက်တွန်းရေးသား လိုက်ရပါသည်။