ဟံသာဝတီ - ဦးအုန်းကြိုင်

စိတ်ဝယ်တသသမေ့မရနိုင်သောနေ့

မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးခဲ့သည်မှာ ယနေ့ဆိုလျှင် ၇၂ - နှစ်တင်းတင်း ပြည့်ခဲ့ပြန်လေပြီ။ ကျွန်တော့်အဖို့ရာ သွေးသားရင်းချာ ဖခင်ရင်းပမာ လေးစားမြတ်နိုးခဲ့ရသည့် ပုဂ္ဂိုလ်မို့၊ ယနေ့ထက်တိုင် စိတ်ဝယ် တသသ မေ့မရနိုင်ခဲ့သည်က အမှန်ဖြစ်သည်။

ပြန်ပြောင်းမပြောချင်မတွေးချင်

ယနေ့ ၇၂ - နှစ်မြောက် အာဇာနည်နေ့ဝယ် ပြန်ပြောင်းတွေးဆ သတိတရဖြစ်ခဲ့သည်တို့အနက် လုပ်ကြံခံရ၍ ကျဆုံးခဲ့ရသည့် ဖြစ်စဉ်ထုပ္ပတ် အကြောင်းရပ်တို့ကို ပြန်ပြောင်းမပြောချင် မတွေးချင်တော့တာလည်း အမှန်ပင်ဖြစ်သည်။

ဗိုလ်ချုပ်ချပြသော လမ်းညွှန်ချက်များ

ယနေ့ ကျွန်တော်တို့တစ်မျိုးသားလုံး အားခဲကြိုးပမ်း ဖော်ဆောင်နေကြသည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ်ကြီး တည်ဆောက်ရေးအတွက် အထောက်အကူ ပြုနိုင်သည့် လွန်ခဲ့သော ၇၂ - နှစ်ကျော်က ဗိုလ်ချုပ်ချပြခဲ့သော လမ်းညွှန်ချက်များကို ကျွန်တော်ကိုယ်တိုင် တိုင်းပြည်ပြု လွှတ်တော်တက်ရောက်၍ မှတ်သားခဲ့ရသလောက် ပြန်လည် တင်ပြလိုသည်။

လွမ်းနေကြရုံဖြင့် မပြီးသေး

ကျွန်တော်တို့အဖို့ ကျေးဇူးရှင်ဗိုလ်ချုပ်အား လွမ်းဆွတ်တသသ တိရနေကြရုံဖြင့် နိုင်ငံတော်အတွက် အကျိုးမရှိနိုင်ပါ။ ဗိုလ်ချုပ်ချပြခဲ့သော လမ်းညွှန်ချက်များကို ယနေ့လို အချိန်မျိုးတွင် ပြန်လည်စိစစ် လက်ခံအကောင်အထည်ဖော်ဆောင်နိုင်ကြမှသာ နိုင်ငံတော်အတွက် တကယ်တမ်းအကျိုး ရှိမည်အမှန်ဖြစ်ပါသည်။ ထို့ကြောင့် ယနေ့ ၇၂ - နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ဆောင်းပါးကို အထူးပြုတင်ပြ ရခြင်းဖြစ်ပါသည်။

သမိုင်းဝင်စာချုပ်ကြီး

လွန်ခဲ့သော ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ဗြိတိသျှအစိုးရ နန်းရင်းဝန် မစ္စတာကလီမင့် အက်တလီနှင့် မြန်မာ့လွတ်လပ်ရေး ဗိသုကာဗိုလ်ချုပ်အောင်ဆန်းတို့ မြန်မာ နိုင်ငံလွတ်လပ်ရေးကို ရှေးရှုသော စာချုပ်တစ်ရပ်ကို လန်ဒန်မြို့တွင် လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြသည်။ ထိုစာချုပ်မှာ မြန်မာ့ သမိုင်းဝင်အောင်ဆန်း - အက်တလီစာချုပ်ဟုတွင်သည်။

တိုင်းပြည်ပြုလွှတ်တော်ရွေးကောက်ပွဲ

၎င်းစာချုပ်အရ လွတ်လပ်သော မြန်မာနိုင်ငံအတွက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ တစ်ရပ်ရေးဆွဲရန်၊ တိုင်းပြည်ပြု လွှတ်တော် (National Assembly) ရွေးကောက်ပွဲကို ထိုနှစ် ဧပြီလတွင် ကျင်းပသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ဖဆပလ အဖွဲ့ချုပ်က ၉၅ ဒသမ ၃ ရာခိုင်နှုန်းဖြင့် တစ်နိုင်ငံလုံး သောင်ပြိုကမ်းပြို ရွေးကောက်တင်မြှောက်ခံရသည်။

ဖဆပလပဏာမ ပြင်ဆင်မှုညီလာခံ

ရွေးကောက်ပွဲပြီးသည့်နောက် ကျင်းပလတံ့သော တိုင်းပြည်ပြုလွှတ်တော်အတွက် လုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရန် မေလ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ ဂျူဗလီဟော၌ ဖဆပလပဏာမ ပြင်ဆင်မှုညီလာခံကို ကျင်းပ၍ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ရေးဆွဲရန် အခြေခံမူများ ချမှတ်ကြသည်။

ပထမဆုံးအခြေခံဥပဒေရေးဆွဲခြင်း

တိုင်းပြည်ပြုလွှတ်တော်ကို ထိုနှစ် ဇွန်လ ၁၀ ရက်နေ့တွင် စတင်ဖွင့်လှစ်၍ ပဏာမပြင်ဆင်မှု ညီလာခံဆုံးဖြတ်ချက်နှင့်အညီ မြန်မာနိုင်ငံတော်၏ ပထမဆုံးသောအခြေခံဥပဒေကို ရေးဆွဲကြရာ စက်တင်ဘာလ ၁၄ ရက်နေ့ကို ဗြိတိသျှပါလီမန်က လက်ခံအတည်ပြုပြီးနောက်၊ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးအက်ဥပဒေကိုပါ ပြဋ္ဌာန်းခဲ့ခြင်းဖြင့် ထိုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင် မြန်မာနိုင်ငံသည် အချုပ်အခြာ အာဏာပိုင် လုံးဝလွတ်လပ်သော ပြည်ထောင်စုသမ္မတ နိုင်ငံတော်အဖြစ်သို့ ရောက်ခဲ့လေသည်။

တစ်ဦးနှင့်တစ်ဦးယုံကြည်ခဲ့ကြရာမှ

ဤကဲ့သို့ လုံးဝလွတ်လပ်သော နိုင်ငံတော်အဖြစ်သို့ ရောက်ခဲ့သည်ဟုဆိုရာတွင် မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် တစ်မြေတည်းနေ တစ်ရေတည်းသောက် သွေးရင်းသားချင်း တိုင်းရင်းသားများအားတစ်ဦးနှင့် တစ်ဦးနားလည်မှု၊ ယုံကြည်မှု၊ စိတ်ချရမှုများကို အဆင့်ဆင့် တည်ဆောက်အကောင်အထည်ဖော်ဆောင်၍ တစည်းတလုံး တည်းသော ပြည်ထောင်စုစိတ်ဓာတ်ဖြင့် နိုင်ငံတော်ကို အောင်မြင်စွာ ပုံဖော်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

အောက်ပါတို့မှာ ဇွန်လ ၁၀ ရက် တိုင်းပြည်ပြုလွှတ်တော်၌ မိန့်ကြားသော အခြေခံဥပဒေ ရေးဆွဲရေးဆိုင်ရာ ဗိုလ်ချုပ်၏လမ်းညွှန်ချက်များဖြစ်သည်။

''ကျွန်တော်တို့ပေးပြီးသား ကတိ၊ နားလည်ပြီးသား သဘောတူညီချက်တွေကို နယ်ချဲ့သမားတွေလို ကျွန်တော်တို့ ဖောက်ဖျက်ခြင်းမလုပ်ပါဘူး။ အဲသည်လိုပေးပြီးသား ကတိနဲ့ နားလည်ပြီးသား သဘောတူညီချက်တွေကို ဖောက်ဖျက်မည် လားလို့ သံသယရှိတဲ့လူတွေဟာ ကျွန်တော်တို့ရဲ့ Sense of honour, Sense of Self-Respect, Sense of Prideတို့ကိုစော်ကားတယ်လို့ ကျွန်တော်တို့ယူဆပါတယ်။

လက်တစ်လုံးခြားလိမ်တဲ့နည်းမသုံး

''ကျွန်တော်တို့ပေးပြီးသား ကတိ၊ နားလည်ပြီးသား သဘောတူညီချက်တို့အရ တောင်တန်းနယ်က ကိုယ်စားလှယ်တွေဟာ ဒီတိုင်းပြည်ပြု လွှတ်တော်ထ ဲရောက်လာတဲ့အခါ သေသေချာချာ နားလည်စေချင်တာက ဘယ်နည်းနဲ့မျှ ကျွန်တော်တို့ ဗမာလူများစုဖြစ်တဲ့ လူတွေဟာ ခင်ဗျားတို့ကို အတင်းအားဖြင့် ကျွန်တော်တို့ပြည်ထောင်စုထဲ မသွင်းပါဘူး။ သဘောမတူဘဲ မနေနိုင်တဲ့ အခြေအနေမျိုးကို လက်တစ်လုံးခြားလိမ်တဲ့နည်းနဲ့လည်း ကျွန်တော်တို့မလုပ်ပါဘူးဆိုတာ အတိအလင်းနားလည်စေချင်ပါတယ်။

ဒီမိုကရေစီနဲ့ ဆန့်ကျင်လျှင်

''အခုခေတ်မှာ ဘယ်တိုင်းနိုင်ငံမှ ကမ္ဘာကြီးမှာဖြစ်နေတဲ့ ဝါဒနှင့်၊ အရေးကိစ္စတွေရဲ့ ဂယက်အရိုက်မခံရတဲ့ နိုင်ငံရယ်လို့ ရှိမှာမဟုတ်ဘူး။ ဒီမိုကရေစီဝါဒ၊ ဒီမိုကရေစီစနစ်၊ ဒီမိုကရေစီ သဘောတရားတွေ ခေတ်စားနေတဲ့ ဒီကမ္ဘာကြီးမှာ ဒီမိုကရေစီ သဘောထားမထားနိုင်တဲ့ နယ်ဟာ အနှေးနဲ့အမြန်ဆိုသလို၊ အဲသည်နယ်မှာရှိတဲ့ လူတွေနိုးကြားထကြွလာပြီး သည်လိုကမ္ဘာကြီးရဲ့ သဘောတရားတွေနဲ့ ဖြစ်ပျက်နေတဲ့ ခေတ်သဘောတွေနှင့် ဆန့်ကျင်ဘက် သဘောတရားတွေကို တွန်းလှန်ပစ်ကြမှာပဲဆိုတာ ကျွန်တော်နိမိတ်ဖတ်ထား ချင်တယ်။

မရှုပ်ရှုပ်အောင်လုပ်နေကြလို့

''ကျွန်တော်တို့နဲ့ အတူတူပါပြီး မလုပ်ချင်ဘူးဆိုလျှင် ကျွန်တော်တို့ အတင်းမတိုက်တွန်းချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုလျှင် ကျွန်တော်တို့ အင်မတန် ရှင်းရှင်းလင်းလင်း သဘောထားနေတဲ့ အထဲကနေပြီးတော့ မရှုပ်ရှုပ်အောင် လုပ်နေကြတဲ့ လူတွေက ယခုတလောမှာ တော်တော်များနေတော့ ဒါကို ထပ်ပြီး ရှင်းအောင်ပြောရခြင်းဖြစ်ပါတယ်။ ကျွန်တော့်မိတ်ဆွေ တစ်ယောက်က ကျွန်တော့်ကိုပြောသလိုပဲ၊ ခင်ဗျား အဲသည်လို ရှင်းရှင်းပြောတာကိုပဲ၊ သူတို့စိတ်ထဲမှာ ရှုပ်နေတယ်ဆိုတော့ အဲဒါတော့မတတ်နိုင်ဘူး။

ကြိုတင်လုပ်ထားတာမရှိသေးဘူး

''အဲသည်တော့ ပြည်ထောင်စုနိုင်ငံတော်မှာ ဘယ်နည်းတွေ ပါရမယ်ဆိုတာ ကျွန်တော်တို့ လုပ်ထားတာမရှိသေးဘူး။ ပါချင်တဲ့ လူတွေမှပါကြ။ အဓိပ္ပာယ်က နယ်ကိုသတ်မှတ်မထားဘဲ ပြည်ထောင်စု မြန်မာနိုင်ငံတော်လို့ သာမည ထည့်ထားတာပဲ ဖြစ်ပါတယ်။ ”

ပြည့်စုံလုံလောက်တဲ့ သဘောတရားမျိုး

''နောက်ပြီး အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံတော်လို့ ဆိုရခြင်းဟာ လွတ်လပ်တယ်ဆိုတဲ့ အဓိပ္ပာယ်ကို ကျွန်တော်ထပ်ပြီးရှင်းပြနေစရာမလိုပါဘူးလို့ ထင်ရပေမယ့် အချုပ်အခြာအာဏာ (Sovereign Power) ရှိရမယ်လို့ ဘာ့ကြောင့်ထပ်ပြီး ဆိုရပါသလဲဆိုလျှင် အချုပ်အခြာအာဏာသဘောတရား အမျိုးမျိုးရှိပါတယ်။ အမှန်ကတော့ (State) နိုင်ငံတော် ဆိုကတည်းက အချုပ်အခြာအာဏာဟာ အကျုံးဝင်ပြီးသားပဲ။ သို့သော် သည်နိုင်ငံတော်ဆိုတာနဲ့ အားမရနိုင်သေးဘဲ အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံတော်ဆိုမှသာလျှင် ပြည့်စုံ လုံလောက်တဲ့ သဘောတရားမျိုးလည်းရှိပါတယ်။

နိုင်ငံအမျိုးမျိုးအစားစား

''ပထမသဘောတရားကတော့ကာ Theory စာသဘော လောက်သာဖြစ်တယ်။ ဒုတိယ သဘောတရားကတော့ လက်တွေ့ဖြစ်ဖြစ်တဲ့ သဘောတရားမျိုးလဲဆိုရင် သည်လွတ်လပ်တဲ့ နိုင်ငံတော်ဆိုပြီးတော့ ဖွဲ့စည်းတည်ထောင်လိုက်ကြတဲ့ နိုင်ငံအသီးသီးတို့ ရှိကြပေမယ့် အချုပ်အခြာအာဏာနဲ့ ပြည့်စုံတဲ့နိုင်ငံ (Sovereign State)။ အချို့နိုင်ငံတွေကတော့ အဲသည်လို မဟုတ်ဘဲနှင့် ပြည်ထောင်အချင်းချင်း ဆက်သွယ်တဲ့ နိုင်ငံရေးစကားမှာဆိုရင် (Vassal State) လို့ဆိုခံရပါတယ်။ Vassal ဆိုတာက တပည့်ကျွန်နိုင်ငံသဘောမျိုးပဲ။ ကျွန်ဆိုပေမယ့် Colony လည်း မဟုတ်ဘူး။ သူ့ဖာသာသူ၊ သူ့မင်းနှင့်သူချင်းနှင့် သူ့အစိုးရနဲ့ပဲ။ အပြင်ပန်းအားဖြင့်တော့ လွတ်လပ်တယ်။ သို့သော်လည်း နိုင်ငံကြီးတစ်နိုင်ငံရဲ့ ဩဇာလွှမ်းမိုးမှု ချုပ်ချယ်မှုကို အထူးတလည် ခံနေရတဲ့နိုင်ငံဖြစ် လို့Vassal State လို့ ခေါ်တာဖြစ်တယ်။

နိုင်ငံကြီးနှစ်နိုင်ငံအကြားညပ်နေတဲ့နိုင်ငံ

နောက်ပြီးတော့ နိုင်ငံကြီးနှစ်နိုင်ငံအကြားမှာ နယ်နိမိတ် ခြားပေးရုံလောက်ဖြစ်တဲ့ နိုင်ငံမျိုးလည်းရှိပါတယ်။(Buffer State) အဲသည်လို နိုင်ငံအမျိုးမျိုးကို လက်တွေ့အားဖြင့် ရှိတယ်ဆိုတာ ကျွန်တော်တို့တွေ့ရပါတယ်။

လုံးဝလွတ်လပ်တဲ့နိုင်ငံ

''ကျွန်တော်တို့ လိုချင်တာက နိုင်ငံကြီးနှစ်နိုင်ငံအကြားမှာ နယ်နိမိတ်ခြားပေးရုံလောက်ဖြစ်တဲ့ Buffer State မျိုးလို နယ်ခြားနိုင်ငံငယ်ကလေးမျိုးလည်း မဖြစ်ချင်ဘူး။ နောက်ပြီးတော့ နိုင်ငံကြီးတစ်နိုင်ငံရဲ့ ဩဇာလွှမ်းမိုးမှု အထူးတလည်ခံရတဲ့ Vassal State မျိုးလည်းမဖြစ်ချင်ဘူး။ ကျွန်တော်တို့ ဖြစ်ချင်တဲ့ နိုင်ငံကတော့ လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံတော်ပဲဖြစ်ချင်တယ်။

သမ္မတစနစ်နဲ့ဖွဲ့စည်းရမည်

''ကျွန်တော်တို့ နိုင်ငံကို သမ္မတစနစ်နဲ့ ဖွဲ့စည်းရမယ်။ တခြားစနစ်နဲ့ဖွဲ့တာ ကျွန်တော်တို့ မလိုလားဘူး။ သမ္မတစနစ်ဆိုတာ ဒီဘက်ခေတ်ကျမှပေါ်လာတဲ့ စနစ်မျိုးဖြစ်တယ်။

ပြည်သူကလွှဲပေးလို့သာ အစိုးရပေါ်လာတာ

''အမှန်စင်စစ်နိုင်ငံတော်မှာရှိတဲ့ အချုပ်အခြာအာဏာကို ပိုင်တဲ့လူဟာ ဘယ်သူဖြစ်ရမလဲဆိုရင် ကျွန်တော်တို့ယုံကြည် ယူဆချက်ကတော့ နိုင်ငံသူနိုင်ငံသားတွေဟာ အချုပ်အခြာ အာဏာကို ပိုင်စိုးတဲ့လူတွေလို့ယူဆတယ်။ အဲဒီလိုပိုင်ဆိုင်တဲ့ လူတွေကလွှဲပေးလို့သာ အစိုးရဆိုတာ ပေါ်လာရခြင်း ဖြစ်ပါ တယ်။

မလိုချင်တဲ့အခါ အစိုးရဆင်းပေးရမယ်

''အဲသည်လွှဲပေးတဲ့အတိုင်း အစိုးရပေါ်လာတဲ့အခါမှာ အဲသည်အစိုးရတွေဟာ အချုပ်အခြာအာဏာကို ပိုင်ထားတဲ့ နိုင်ငံသူနိုင်ငံသားတွေက မလိုချင်တဲ့အခါမှာ မလိုတဲ့အလျောက် ဆင်းပေးနိုင်တဲ့ အခြေအနေမျိုးရှိရမယ်။

ပြည်နယ်တွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစေမယ်

''ပြည်ထောင်စုထဲမှာ ဘယ်နယ်တွေ ဘယ်နယ်တွေပါမလဲ ဆိုတာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေထဲမှာ သတ်မှတ်ရမယ်။ အဲသည်လို သတ်မှတ်သည်နှင့်အမျှ ကိုယ်ပိုင်အုပ်ချုပ်ရေး အာဏာများလည်း အပြည့်အဝရရှိစေရမှာဖြစ်တယ်။

အာဏာဟူသမျှ ပြည်သူ့ထံမှ

''အချုပ်အခြာအာဏာပိုင် လွတ်လပ်သော သမ္မတမြန်မာနိုင်ငံတော်နှင့်တကွ အပါအဝင်ဖြစ်သည့် ပြည်နယ်သားများနှင့် အစိုးရအဖွဲ့အစည်းအားလုံးတို့၏ အခွင့်အာဏာဟူသမျှတို့သည် တိုင်းသူပြည်သားတို့ထံမှ ဆင်းသက်စေရမှာဖြစ်တယ်။

မူလဘူတပြည်သူက

''ရာဇဝင်ကြောင်းလိုက်ကြည့်။ ဗမာရာဇဝင်ကြောင်း ကြည့်မလား။ ကမ္ဘာ့ရာဇဝင်ကြောင်း ကြည့်မလား။ ဘယ်လိုပဲကြည့်ကြည့်၊ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာဆိုတာ မူလ ဘူတလိုက်ကြည့်ရင် တိုင်းသူပြည်သားတွေ လက်ထဲမှာပဲ ရှိတယ်ဆိုတာတွေ့ရပါလိမ့်မယ်။ ကမ္ဘာအစသမ္မတမင်းဆိုတာ လူတွေတင်မြှောက်ခဲ့တာပဲ။

''အဲဒါကြောင့် အချုပ်အခြာအာဏာဟာ တိုင်းသူ ပြည်သားတွေရဲ့ လက်ထဲမှာပဲရှိတယ်ဆိုတဲ့ သဘောတရားကို အဓိက အခြေခံထားကြရမှာပဲ။

တရားမျှတမှုရှိစေရမယ်

''ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့ တိုင်းသူပြည်သား မှန်သမျှဟာ လူမှုရေးမှာလည်းကောင်း၊ စီးပွားရေးမှာလည်းကောင်း၊ နိုင်ငံရေးမှာလည်းကောင်း တရားမျှတမှုရှိစေရမှာ ဖြစ်တယ်။

လူမှုရေးတရားမျှတမှု

''လူမှုရေးတရားမျှတမှုရှိစေရမယ်ဆိုတဲ့ အဓိပ္ပာယ်က အလုပ်သမားနှင့် အလုပ်ရှင်ကိစ္စမျိုးတွေ၊ လယ်သမားနှင့် လယ်ရှင်ဆက်ဆံတဲ့ ကိစ္စမျိုးတွေ အစရှိသဖြင့် လူအချင်းချင်း ကိစ္စတွေ တစ်ယောက်နှင့် တစ်ယောက် တန်းတူအခွင့်အရေးရ စေရမယ်ဆိုတဲ့ သဘောဖြစ်တယ်။

စီးပွားရေးတရားမျှတမှု

''စီးပွားရေးမှာ ဆိုလို့ရှိရင် တစ်ဖက်စီးနင်းအားဖြင့် လုပ်နိုင်တဲ့အခြေအနေတွေကို ဖယ်ရှင်းပြီးတော့ အလုပ်တူလျှင် အခွင့်အရေးအတူတူဖြစ်အောင် စီမံဖန်တီးပေးဖို့ ဖြစ်ပါတယ်။

နိုင်ငံရေးတရားမျှတမှု

''နိုင်ငံရေးမှာလည်း တရားမျှတဖို့လိုတယ်။ နိုင်ငံရေးမှာ ဘယ်သူကတော့ဖြင့် မဲမရထိုက်ဘူး။ ဘယ်သူကတော့ဖြင့် မဲရထိုက်တယ်စသည်ဖြင့် နိုင်ငံရေးအရ ညှဉ်းဆဲမှုတွေ၊ အုပ်ချုပ်မှုတွေ မရှိစေရဘူး။ နောက်ပြီးတော့ ဘယ်သူဟာ ဘယ်လိုရာထူးမျိုးကို မရစေရဘူး။ ဘယ်သူကသာလျှင် ရရမယ်ဆိုတဲ့ အဲဒီလိုချုပ်ချယ်မှုတွေဟာ နိုင်ငံရေးတရားမျှတမှုကို ထိခိုက်တယ်။

''အဲသည်တော့ နိုင်ငံရေးမှာ နိုင်ငံသူနိုင်ငံသားဖြစ်တဲ့ သူတိုင်းမိမိတို့အရည်အချင်းကြောင့် အခွင့်အရေးရသွားနိုင်ဖို့ပါပဲ။ အားလုံးရရင်အားလုံးရဖို့ သည်သဘောမျိုးနဲ့တရား မျှတမှုရှိရမယ်။

အဆင့်အတန်းတူညီကြရမယ်

''နောက်အဆင့်အတန်း Equality of Status မှာလည်း တူညီရမယ်။ အဆင့်အတန်း တူညီရမယ်ဆိုတဲ့ သဘောကတော့ သူဌေးရယ်၊ ဆင်းရဲသားရယ်၊ ဘာရယ်အစရှိသဖြင့် ကွဲပြား ခြားနားတာ မရှိဘဲနဲ့ တူညီစေရမယ်။ သူဌေးဆိုရင် အခွင့်အရေး ပိုရစေပြီးတော့ ဆင်းရဲသားဆိုရင် မရဘူး စသဖြင့် သည်လိုမရှိစေရဘဲ အဆင့်အတန်းမှာ အားလုံးဆူကြုံနိမ့်မြင့်မရှိ ပကတိတူညီစေရမယ်။

အခွင့်အရေးလည်း တူကြရမယ်

''နောက်အခွင့်အရေး (Equality of Opportunity)မှာလည်း တန်းတူရမယ်။ အဓိပ္ပာယ်က ပညာသင်ကြားကြတဲ့ နေရာမှာ ဥပမာ ဉာဏ်အရည်အချင်းချင်းတူလျှင် ဉာဏ်ရှိသလောက် သူ့ပညာအလိုက် အခွင့်အရေးလည်း ရှိသင့်တယ်။ ဆင်းရဲတဲ့သူက ဆင်းရဲတဲ့အတွက် အခွင့်အရေးမရဘူး။ ချမ်းသာတဲ့ သူသာလျှင် အခွင့်အရေးရမယ်ဆိုတဲ့ သဘောမျိုးမဟုတ်ဘဲ အားလုံးအခွင့်အရေး ပေးတဲ့နေရာမှာ မယူတတ်လျှင် ယူတတ်တဲ့လူမှန်သမျှ အချုပ်အချယ်မရှိဘဲ ယူနိုင်တဲ့ အခွင့်အရေးရှိရမယ်။

ဥပဒေသက်ရောက်မှုတူညီရမယ်

''နောက် ဥပဒေသက်ရောက်မှု Before the Law မှာလည်း တူညီရမယ်။ သဘောကတော့ ဥပဒေရှေ့မှောက်မှာ သမ္မတဖြစ်ဖြစ်၊ တောသားပဲဖြစ်ဖြစ်၊ ဘယ်သူမဆို ဥပဒေ စည်းကမ်းကို ဖောက်ဖျက်လို့ရှိရင် ဖောက်ဖျက်တဲ့အလျောက် ပြစ်ဒဏ်ခံရမယ်။ ကောင်းတာကိုလုပ်လို့ရှိရင်လည်း ကောင်းတဲ့အလျောက် ဥပဒေရဲ့ ချီးမြှင့်ခြင်းခံရမယ်။ သည်လိုဥပဒေ ရှေ့မှောက်မှာဆိုရင် ဘယ်သူမဆို မင်းဖြစ်ဖြစ်၊ ဆင်းရဲသား ဖြစ်ဖြစ် အားလုံးဟာ တန်းတူဖြစ်ရမယ်။

အခြေခံလွတ်လပ်ခွင့်

''အဲဒီလိုလူမှုရေးရာ၌ လည်းကောင်း၊ စီးပွားရေးရာ၌ လည်းကောင်း၊ နိုင်ငံရေးရာ၌လည်းကောင်း၊ တရားမျှတမှုရှိလျက် အခွင့်အရေး၊ ဥပဒေသက်ရောက်မှုတို့တွင် ဆူကြုံနိမ့်မြင့်မရှိ ပကတိတူညီစေရမည့်အပြင် တရားဥပဒေနှင့်သော်လည်းကောင်း၊ အများပြည်သူတို့ စောင့်စည်းအပ်သော အကျင့်သိက္ခာ အရသော်လည်းကောင်း၊ မဆန့်ကျင်သမျှ လွတ်လပ်စွာကြံစည် ပိုင်ခွင့်၊ ထုတ်ဖော်ပြောဆိုပိုင်ခွင့်၊ ယုံကြည်ပိုင်ခွင့်၊ ဘာသာတရားကိုးကွယ်ပိုင်ခွင့်၊ ဝတ်ပြုပိုင်ခွင့်၊ ပရိယေသနရှာမှီးပိုင်ခွင့်၊ စည်းရုံးပိုင်ခွင့်၊ ပြုမူဆောင်ရွက်ပိုင်ခွင့်တို့ ရရှိတည်မြဲစေရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အခိုင်အလုံ သတ်မှတ် ထားရှိရမယ်။

ကျွန်တော်ရေးရပါလိမ့်မယ်

''ဒါကတော့ ပြည်သူ့လွတ်လပ်ရေးပါရမည်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ နောက် ကျွန်တော်တို့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေရေးဆွဲတဲ့အခါကျလျှင် ကျကျနန ရှင်းရှင်းလင်းလင်း ကျွန်တော် ရေးရပါလိမ့်မယ်။ အဲသည်အခါကျရင် ဥပဒေသဘော ရေးရပါလိမ့်မယ်။ အခုက ညွန်ကြားခြင်းမျှသာ ဖြစ်ပါတယ်။

လမ်းပေါ်ကိုယ်တုံးလုံးနဲ့ပြေးလို့မရဘူး

''အဲဒီလိုညွန်ကြားတဲ့နေရာမှာ ဒီလိုလွတ်လပ်မှုတွေကို ပေးတဲ့နေရာမှာ (Subject to Law and Public Morality) တရားဥပဒေနှင့်သော်လည်းကောင်း၊ အများ ပြည်သူတို့၏ စောင့်စည်းအပ်သော အကျင့်သိက္ခာနှင့်သော်လည်းကောင်း၊ မဆန့်ကျင်သမျှ၊ ကျွန်တော်တို့ နောက်ကျလို့ရှိရင် တိုင်းပြည်က လူတွေက တင်မြှောက်လိုက်တဲ့ လွှတ်တော်တို့၊ အဲဒီလွှတ်တော်က လုပ်ထားတဲ့ဥပဒေ၊ နောက်ပြီးတော့ ဥပဒေမဟုတ်ပေမယ့် ကျွန်တော်တို့ လူ့ထုံးစံမှာ မလုပ်အပ်တဲ့ သဘောတရားတွေ ရှိသေးတယ်။ အများပြည်သူ စောင့်စည်းအပ်တဲ့ အကျင့်သိက္ခာနှင့်သော်လည်းကောင်း၊ မဆန့်ကျင်သမျှ ဥပမာဆိုလို့ရှိရင် လွတ်လပ်ရေး ရပြီဆိုပြီးတော့၊ လွတ်လပ်စွာ ပြုမူဆောင်ရွက်ပိုင်ခွင့်ရှိတယ်ဆိုပြီးတော့၊ လူတစ်ယောက်ဟာ ကိုယ်တုံးလုံးနဲ့ လမ်းမပေါ်မှာလျှောက်ပြီး ပြေးချင်တိုင်းပြေးနေလို့ မဖြစ်နိုင်ဘူးဆိုတာဟာ အများပြည်သူတို့ စောင့်စည်းအပ်တဲ့အကျင့်သိက္ခာနဲ့ ဆန့်ကျင်နေတယ်။

အကျင့်သိက္ခာနဲ့ဆန့်ကျင်လာရင်

''အမှန်တော့ ဒီလိုသတ်မှတ်ထားတာ မရှိဘူးဆိုရင်၊ ပြုမူ ဆောင်ရွက်ပိုင်ခွင့်အတိုင်းဆိုရင်၊ ကျွန်တော်တို့ လက်ပိုက် ကြည့်နေကြရမယ်။ ဘာဖြစ်လို့လဲဆိုရင် ဘယ်သူမှလည်း သွားမထိခိုက်ဘူး။ သူ့ဟာသူ လွတ်လွတ်လပ်လပ်နဲ့ ပြုမူဆောင်ရွက်ပိုင်ခွင့်အတိုင်း လုပ်တာဖြစ်နေလို့ပဲ။ အဲဒီလို တရားလွန်လာတဲ့ ကိစ္စမျိုးတွေကျတော့ အများပြည်သူတို့ စောင့်စည်းအပ်သော ကျင့်ဝတ်သိက္ခာနဲ့ ဆန့်ကျင်လျှင် ကျွန်တော်တို့ စဉ်းစားကြရတော့မယ်။

စည်းကမ်းရှိမှ လွတ်လပ်မှုဖြစ်နိုင်တယ်

''အများပြည်သူ စောင့်စည်းအပ်သော အကျင့်သိက္ခာနဲ့ ဆန့်ကျင်တယ်ဆိုလို့ရှိရင်၊ သည်လိုနေရာမျိုးမှာ လွတ်လပ်မှုဆိုတိုင်း တကယ့်လွတ်လပ်မှုမခေါ်နိုင်ဘူး။ လွတ်လပ်မှုဆိုတာ ဟာ အမှန်စင်စစ်စည်းကမ်းရှိမှ လွတ်လပ်မှုဖြစ်နိုင်တယ်လို့ ကျွန်တော်ယူဆတယ်။ အဲဒီလို စည်းကမ်းသတ်ပြီးတော့ လူတိုင်းအတွက် လွတ်လပ်မှုတွေကို သတ်မှတ်ပေးလို့ ညွန်ကြား ထားခြင်းဖြစ်ပါတယ်။

တိုင်းရင်းသားတွေအတွက် အကာအကွယ်ပေးရမယ်

''နောက်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲတဲ့အခါမှာ လူနည်းစု (တိုင်းရင်းသား) တွေအတွက် လုံလောက်သော ကာကွယ်ခြင်းများ ထည့်သွင်းပြဋ္ဌာန်းထားရှိစေရမယ်။ အဲဒီမှာလည်း လူမျိုးရေးအတွက် လူနည်းစုဆိုတာ ရှိပါသေးတယ်။ သူတို့တစ်တွေအတွက်လည်း လုံလောက်တဲ့ ကာကွယ်ချက်များ ထည့်သွင်းပြဋ္ဌာန်းထားဖို့လိုပါတယ်။ နောက်ကော်မတီတွေ ဖွဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားဆွေးနွေးကြဖို့ ဖြစ်ပါတယ်။

တိုင်းရင်းသားတွေကို အဓိကထားတယ်

''အခုရေးဆွဲကြမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ လူနည်းစုတိုင်းရင်းသားတွေအတွက် လုံလောက်တဲ့ ကာကွယ်ချက်တွေ ထည့်သွင်းပြဋ္ဌာန်းဖို့ အဓိကထားပါတယ်။ ဒီကိစ္စ တွေဟာအထူးတလည်ပဲ ရေရေလည်လည် ဆွေးနွေးစဉ်းစား ကြရမယ့်အချက်တွေ ဖြစ်ပါတယ်။

ဗမာပြည်ရဲ့ လက်ငင်းအခြေအနေ

''အခု ကျွန်တော်တို့ ဗမာပြည်ရဲ့ လက်ငင်းအခြေအနေကို သုံးသပ်ကြဖို့လိုပါတယ်။ အခုလက်ငင်းဖြစ်နေတဲ့ ဗမာပြည်ရဲ့ အခြေအနေဟာဆိုလို့ရှိရင် အခုဖွဲ့စည်း စည်းဝေးနေတဲ့ တိုင်းပြည်ပြု လွှတ်တော်ကြီးဟာ အချုပ်အခြာအာဏာနဲ့ ပြည့်စုံတဲ့လွှတ်တော်လို့ ယူဆတယ်။

လွှတ်တော်မှာ အာဏာမရှိသေးဘူး

''ဒီအတိုင်းလည်း ဆောင်ရွက်နေပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ ဒီတိုင်းပြည်ပြု လွှတ်တော်ကနေပြီးတော့ ဗမာပြည်လွတ်လပ်ရေးကို ဆုံးဖြတ်ပြီးတဲ့နောက် လွတ်လပ်တဲ့ နိုင်ငံတည်ထောင်ဖို့ ရောက်တဲ့အခါကျတော့၊ တကယ့်လက်တွေ့ရောက်တဲ့အခါကျတော့ အာဏာဟာ ဒီတိုင်းပြည်ပြုလွှတ်တော်ထဲမှာ မရှိသေးဘူး။

ဘိလပ်ပါလီမန်က အုပ်ချုပ်နေဆဲ

''ဘာဖြစ်လို့မရှိသေးလဲဆိုရင်၊ ဒီတိုင်းပြည်ကို အုပ်ချုပ်နေတာ ဘိလပ်ပါလီမန်က အုပ်ချုပ်နေတော့၊ ဘိလပ်ပါလီမန်ကနေပြီး ဒီတိုင်းပြည်အပေါ်မယ် အချုပ်အခြာအာဏာပိုင်တဲ့ သဘောမျိုးအဖြစ်နှင့် စိုးမိုးအုပ်ချုပ်ခြင်းခံရတော့၊ ဘိလပ်ပါလီမန်ကအုပ်ချုပ်နေခြင်း ရပ်စဲပစ်ရမယ်။ ရပ်စဲပြီးတဲ့နောက် ကျွန်တော်တို့တိုင်းပြည်က အချုပ်အခြာအာဏာပိုင် နိုင်ငံတော် အဖြစ်ရောက်မယ်။ အခုကျွန်တော်တို့ (The States of the Constituent Assembly is that of a sovereign body) အဆင့်အတန်းအားဖြင့်၊ ဒီတိုင်းပြည်ပြုလွှတ်တော်ဟာ အချုပ်အခြာအာဏာနှင့် ပြည့်စုံတဲ့လွှတ်တော်လို့ ယူဆတယ်။ သို့သော်လည်း အာဏာပါဝါကျတော့ မရှိသေးဘူး။ အခွင့်အရေးကတော့ မရှိသေးဘူး။

လွှတ်တော်က လွတ်လပ်ပါတယ်

''ဒီတိုင်းပြည်ပြုလွှတ်တော်ထဲမှာ ပြောဆိုတဲ့စကားတွေဟာ လွတ်လွတ်လပ်လပ် ပြောဆိုနိုင်တယ်လို့ ကျွန်တော်ယူဆတယ်။ ယူဆပင်ယူဆငြားသော်လည်းပဲ (Legal Sanc-tion) ခေါ်တဲ့ ဥပဒေအခွင့်အရေး ဆုံးဖြတ်တဲ့ကိစ္စတွေကလည်း ဆုံးဖြတ်တော့ ဆုံးဖြတ်နိုင်တယ်။ ဒီလိုဆုံးဖြတ်တဲ့ နေရာမှာ ဘယ်သူမှလာပြီးတော့ မတားဆီးနိုင်ဘူး။ မနှောင့်ယှက်နိုင်ဘူး။ ကျွန်တော်တို့ကိုယ်တိုင် ဆုံးဖြတ်နိုင်တယ်။ ဒီလွှတ်တော်မှာဆိုရင် ကျွန်တော်တို့ ဥက္ကဋ္ဌကြီးက ရှင်ဘုရင်ပဲ။ သူအာဏာအရှိဆုံးပဲ။ သူကနေပြီးတော့ အစည်းအဝေး လုပ်တဲ့နေရာမှာ အဆုံးအဖြတ် သဘောမျိုးနဲ့ ကြည့်ရှုဆုံးဖြတ် သွားရမယ်။

အာဏာလွှဲပြောင်းမှ အလုပ်ဖြစ်မယ်

''ဒီတော့ကာ လွှတ်တော်မှာ အမတ်တွေကလည်းဘာမဆို ဆုံးဖြတ်နိုင်ကြတယ်။ ဆုံးဖြတ်ပြီးတဲ့နောက် ဆုံးဖြတ်ချက်အတိုင်းဖြစ်အောင် ကိစ္စကတော့ ဘိလပ်ပါလီမန်က အဲဒီလို လိုက်ပြီးတော့ ခင်ဗျားတို့ကို ကျုပ်တို့အာဏာလွှဲပါတယ်ဆိုတဲ့သဘောမျိုး ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်၊ ဘယ်လို ဥပဒေနဲ့ဖြစ်ဖြစ် လုပ်ရလိမ့်မယ်။

စကားမများရဘဲ လွှဲပြောင်းပေးရန်

''အဲဒါကတော့ ရိုးရိုးနည်းအတိုင်းဖြစ်ပုံကို ကျွန်တော် ပြောပြတာပါ။ ဒါက တစ်ယောက်နဲ့တစ်ယောက်၊ တစ်ဦးနဲ့တစ်ဦး၊ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အကျယ်အကျယ်စကားမများ ကြဘဲ မိတ်ဆွေသဘောဖြင့် တစ်ဦးနဲ့တစ်ဦး အာဏာလွှဲပြောင်းပေးမယ့် အခြေအနေဖြစ်ရမယ့် သဘောပြောပြ ခြင်းဖြစ်ပါတယ်။

တစ်နည်းတစ်လမ်းစဉ်းစားကြဖို့

အဲဒီတော့ အာဏာလွှဲပြောင်းတဲ့ကိစ္စမှာ စကားများပြီး အကျယ်အကျယ်တွေ ဖြစ်လာကြရင်၊ အာဏာလွှဲပြောင်းမှု အခက်အခဲတွေ ဖြစ်လာကြရင်တော့၊ ဒီ့ပြင်တစ်နည်း တစ်လမ်း စဉ်းစားတန် စဉ်းစားရပါလိမ့်မယ်။

အာဏာအတင်းအဓမ္မယူတဲ့နည်း

ဒီလိုစဉ်းစားတဲ့အခါမှာ တိုင်းပြည်ပြုလွှတ်တော်ကနေ ပြီးတော့ ကျုပ်တို့ဟာ အချုပ်အခြာအာဏာပိုင်တဲ့ အဖွဲ့အစည်း ဖြစ်တဲ့အတွက် ကျုပ်တို့ပဲ ဒီအာဏာကိုရယူမယ်ဆိုပြီး အတင်း ယူတဲ့နည်းလမ်းရှိပါတယ်။ အခုအဆို တင်သွင်းနေတဲ့ ကိစ္စကတော့ ဒီလိုအတင်းယူဖို့ကိစ္စကို မတိုက်တွန်းသေးပါဘူး။ ဘာကြောင့် မတိုက်တွန်းသေးသလဲဆိုတော့ တိုင်းပြည်တစ်ပြည်လုံးမှာဖြစ်နေတဲ့ အခြေအနေတွေကို ထောက်ပြီးတော့၊ အကြည်အသာအားဖြင့် မိတ်ဆွေသဘောနဲ့ အာဏာလွှဲပြောင်း ယူသွားနိုင်ဖို့က အနည်းငယ်စောင့်ဆိုင်းပြီးတော့ အကြည်အသာ အာဏာလွှဲပြောင်းမှုရအောင် လုပ်မယ်ဆိုတဲ့သဘောနဲ့ ကျွန်တော်ဒီအဆိုကို တင်နေခြင်းဖြစ်တယ်။

အကယ်၍ ဒီလိုအကြည်အသာ မိတ်ဆွေသဘောမျိုးနဲ့ အာဏာလွှဲပြောင်းမှုကို မလိုလားဘူးဆိုရင် ဒီတိုင်းပြည်ပြု လွှတ်တော်ကြီးကနေ ယာယီအမျိုးသားအစိုးရဖွဲ့စည်းပြီး လုပ်စရာရှိတာတွေကို အတင်းလုပ်ဖို့ ကျွန်တော်အဆိုတင်သွင်းမယ်။ ဒီလိုအတင်းလုပ်တဲ့အခါကျတော့ လက်ရှိ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ အင်္ဂလိပ်အစိုးရနဲ့ အကျယ်အကျယ်မငြိမ်း ဖွယ်တွေဖြစ်မယ်။ ဒီလိုမဖြစ်ချင်ပေမယ့်လည်း ဆယ်ရေးတစ်ရေး ကိုးရေးတစ်ရာဆိုသလို ဒီလိုလုပ်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားကြဖို့တော့ လိုပါလိမ့်မယ်။

တိုင်းရင်းသားတွေကို အသုံးချသွားလိမ့်မယ်

ကျွန်တော် ဒီကိစ္စနဲ့ပတ်သက်လို့ ပွင့်ပွင့်လင်းလင်းပဲ ပြောချင်တယ်။ အာဏာလွှဲပြောင်း ပေးဖို့ကိစ္စမှာဆိုရင်၊ တောင်တန်းဒေသက လူနည်းစုတိုင်းရင်းသားတွေကို အင်္ဂလိပ် အစိုးရက အသုံးချသွားမှာပဲဆိုတာ ကျွန်တော် ပွင့်ပွင့်လင်းလင်းပြောထားလိုပါတယ်။

ဖွဲ့စည်းပုံဆွဲတဲ့နေရာမှအခက်အခဲများ

''ဘာပြုလို့လဲဆိုရင် အခု နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲတဲ့နေရာမှာ တွေ့ကြုံရတဲ့အခက်အခဲတွေကို ဘယ်လိုကျော်လွှားရတယ်ဆိုတာ၊ ဒီအရေး ဒီကိစ္စကလွဲပြီး ဒီ့ပြင်ကိစ္စဘာမှမရှိဘူး။ မြန်မာပြည်မှာဆိုရင် သူတို့က ကရင်တွေကို မြှောက်ပေးမှာပါပဲ။ တောင်တန်းကိုယ်စားလှယ်တွေကိုလည်း မြှောက်ပေးမှာပါပဲ။

ဦးတည်ရာအတိုင်း မှန်မှန်သွားမယ်

''ကျွန်တော်တို့ကတော့ အားလုံးစဉ်းစားပြီးသားပဲ။ ဘယ်သူက ဘယ်သူကို မြှောက်ပေးမြှောက်ပေး၊ ကျွန်တော်တို့ သွားရမယ့်လမ်းကို မှန်မှန်ကြီးလျှောက်သွားမှာပဲ။ ရှုပ်လို့လည်း ပိုရမှာမဟုတ်ဘူး။ ခြောက်လို့လည်း ပိုရမှာမဟုတ်ဘူး။ ဘယ်လိုလုပ်လုပ်သွားမယ်ဆိုတဲ့ လမ်းအတိုင်း မှန်မှန်ကြီး သွားမယ်။ နောက်ဆုံးတစ်နေ့မှာ ကျွန်တော်ရဲ့စိတ်စေတနာအရင်းနဲ့ လုပ်ကိုင်သွားတာကို ရှုပ်ချင်ကြတဲ့လူတွေရှိရင် သဘောအတိုင်းရှုပ်နိုင်ကြတယ်။

ခြောက်လည်းမကြောက်၊ မြှောက်လည်းမမြောက်

''ကျွန်တော်တို့ကတော့၊ ကျွန်တော်တို့ သဘောအရ ပြဋ္ဌာန်းထားတဲ့ အတိုင်းသွားမှာပဲ။ အဲဒီလိုသွားတဲ့အခါမှာလည်း ဘယ်လိုအခက်အခဲတွေနဲ့ တွေ့နေတွေ့နေ အဲဒီအခက်အခဲတွေကို ကျော်နင်းပြီးသွားမယ်။ ခြောက်လည်းကျွန်တော်တို့ မကြောက်ဘူး။ မြှောက်လည်းမမြောက်ဘူး။ ချော့လည်းမပြော့ဘူး။ လမ်းမှန်အတိုင်း မှန်မှန်သွားမယ်။ ကျွန်တော်တို့ လိုလားတဲ့ ပန်းတိုင်ရောက်အောင် ကျွန်တော်တို့သွားမယ်။

ကျွန်တော်တို့ အဲဒီလိုသွားတဲ့အခါမှာ ကျွန်တော်တို့ အတွက်ကတော့ စဉ်းစားဆုံးဖြတ်ပြီးသားရှိလို့ ရှေ့ကိုဘယ်လို အခက်အခဲတွေတွေ့ဦးမယ်။ ဘယ်လိုဖြစ်မယ်ဆိုတာအားလုံး စဉ်းစားပြီးသား ဖြစ်တယ်။

ရာဇဝင်အရ သွေးချင်းသားရင်းများ

''သို့သော်လည်း၊ ကျွန်တော်တို့ တောင်တန်းဒေသဘက်က မိတ်ဆွေတွေ၊ ရှမ်းအစရှိသည့်အပြင် အားလုံးကိုပြောချင်တာက၊ မိတ်ဆွေသဘောသာမက၊ ကျွန်တော်တို့နှင့် သွေးချင်း သားရင်းဆိုလည်း မှန်ပါတယ်။ ဘာပြုလို့လဲဆိုတော့ ရှေးကတည်းက ရာဇဝင်အရ မောင်ဂိုလီယံအဆက်အနွှယ်က ဆင်းသက်လာတဲ့ လူမျိုးများဖြစ်ပါတယ်။ အဲဒီသွေးသားချင်း တူနေကြတဲ့လူတွေနဲ့ သွေးချင်းသားချင်း မတူတဲ့လူတွေမှာ ဘယ်သူကနေပြီးတော့ ဘယ်သူ့ပေါ်မှာ စေတနာပိုမည် ဆိုတာကို သေသေချာချာ စဉ်းစားဖို့လိုတယ်။ နောက်တစ်ချက် က ကျွန်တော်ကနေပြီးတော့ အခုလိုဆောင်ရွက်နေတဲ့ကိစ္စတွေဟာ ခင်ဗျားတို့ တောင်တန်းနယ်က လူတွေအတွက် ကောင်းကျိုးလား၊ ဆိုးကျိုးလားဆိုတာ စဉ်းစားဖို့လိုပါတယ်။

မရေရာသေးတဲ့ဘဝမှာတောင် ကူညီခဲ့

''လွန်ခဲ့တဲ့ လေးငါးလတုန်းက ဘာမျှအခြေအနေမရေမရာတဲ့ တောင်တန်းဒေသဆိုတဲ့နယ်တွေကို အခြေအနေတွေ ရေရေရာရာဖြစ်အောင်၊ ကျွန်တော်တို့ ဝင်ရောက်ကူညီ ဆောင်ရွက်ပေးခဲ့တယ်။ ဒီလိုလုပ်လာတာတွေဟာ ကျွန်တော်တို့စေတနာနဲ့ လုပ်တာပဲ။ စေတနာနဲ့ လုပ်တာလား၊ ဝေဒနာနဲ့ လုပ်တာလားဆိုတာ စဉ်းစားကြဖို့ လိုတယ်။

အလင်းထဲကနေ အမှောင်ထဲပြန်ချင်တယ်ဆိုရင်

''အမှောင်ထဲကနေပြီး အလင်းရောက်အောင် ဆောင်ရွက်လာတဲ့ဟာကို၊ အလင်းအောက်ကနေ အမှောင်ထဲပြန်ရောက်အောင် ပြန်သွားချင်တယ်ဆိုရင် ကျွန်တော်တို့မှာ တားပိုင်ခွင့်မရှိဘူး။ ကျွန်တော်မြင်တဲ့အတိုင်း ပြောရလျှင်၊ ကျွန်တော်တို့က ဆွေကြီးမျိုးကြီး သွေးချင်းသားရင်း ဝတ္တရားရှိသလို ဆောင်ရွက်တန်သလောက်ဆောင်ရွက်ခဲ့တယ်။ အလင်းရောင်ကနေ အမှောင်ထဲပြန်သွားချင်တယ်ဆိုရင် ကျွန်တော်တို့မတတ်နိုင်တော့ဘူး။ အဲဒီတော့၊ ကျွန်တော်တို့အဖို့မှာတော့ ဘယ်အထိ စေတနာရှိတယ်ဆိုတာ ကျွန်တော်တို့ အခြေခံ ဥပဒေ ရေးဆွဲထားတဲ့နောက်မှာလည်း စိတ်ကူးထားတာတွေ အမြောက်အမြား ရှိပါသေးတယ်။

ပြည့်စုံတဲ့အခြေခံဥပဒေဆိုတာမရှိဘူး

''အဲဒီဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေဆိုတာဟာလဲ၊ အမှန်စင်စစ်တော့ဖြင့် လူတွေရဲ့စေတနာ၊ လူတွေရဲ့ရည်ရွယ်ချက်၊ လူတွေရဲ့ လိုလားချက်အားလုံးကို၊ ဘယ်နည်းနဲ့မှကုန်စင်အောင် မထည့်နိုင်ဘူး။ ဘယ်ဥပဒေမှာမှ ပြည့်ပြည့်စုံစုံရှိတဲ့ ဥပဒေမျိုး မရှိနိုင်ဘူး။ (No Constitution is the World is Perfect) ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ ဘယ်ဖွဲ့စည်းပုံဥပဒေမှာမှ ပြည့်ပြည့်စုံစုံဥပဒေရယ်လို့မရှိဘူး။ အမှားအယွင်းမရှိတဲ့ ဥပဒေ ရယ်လို့လည်း လုံးဝမရှိသေးဘူး။ အဲဒီတော့ကာ ဖွဲ့စည်းပုံဥပဒေ ထဲမှာ လိုသမျှအချက်တွေအကုန်လုံး ကျွန်တော်တို့ မထည့် နိုင်ဘူး။ တချို့ဟာတွေကို ထည့်နိုင်ပေမယ့်၊ တချို့ဟာတွေကို မထည့်နိုင်ဘဲ ရှိတယ်။

အခြေခံဥပဒေနှစ်မျိုးရှိ

''ဖွဲ့စည်းပုံအခြေခံဥပဒေကို လုပ်တဲ့နေရာမှာလည်းပဲ (The Letter of the constitution and the spirit of the constitution) နှစ်မျိုးရှိတယ်။ ဥပဒေမှာ စာလုံးတွေကို လိုက်ပြီးတော့ ကတ်သီးကတ်သတ် ဝိနည်းလွတ်ရုံလောက် အဓိပ္ပာယ်ကောက်တဲ့နည်းက တစ်မျိုး။ အဲဒီဥပဒေကိုလုပ်တဲ့ အခါတုန်းက (Spirit of the Constitution) ကျွန်တော် တို့မှာရှိတဲ့ စေတနာစိတ်ထားအတိုင်း လုပ်လာတဲ့ အခြေခံဥပဒေကို ဖတ်လိုက်တဲ့အခါမှာ၊ ဒီဟာ လူမျိုးအချင်းချင်း၊ ခိုင်ခိုင်လုံလုံ၊ ညီညီညွတ်ညွတ်နဲ့ ပေါင်းသင်းသွားပြီးတော့ကာ အလုပ်လုပ်ဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါလားလို့၊ အဲဒီလို (Spirit) စိတ်သဘောထားမျိုး ပေါ်လာအောင် ရေးဆွဲတဲ့ ဥပဒေမျိုးဆိုလို့ရှိရင်၊ ဒီဥပဒေမျိုးအရ၊ အဲဒီဥပဒေစိတ်ဓာတ်အရ (Spirit of Constitution)၊ ကျွန်တော်တို့ ဒီစိတ်ဓာတ်အတိုင်း၊ နောက်အလုပ်လုပ်သွားကြတဲ့အခါကျတော့ (Extra Constitution understanding and Convention) ဒီဥပဒေပေါ်မှာ တစ်ယောက်နဲ့တစ်ယောက် နားလည်ပြီး ယုံယုံကြည်ကြည်လုပ်တဲ့ လုပ်ငန်းတွေ၊ နောက်ပြီး ထုံးတမ်းစဉ်လာ အမြောက်အမြားတွေ လုပ်ရမယ်။ ဒီအခါကျလို့ရှိရင်လည်း ကျွန်တော်တို့ရဲ့ စေတနာကို တွေ့ရပါလိမ့်မယ်။ အခုအထိ ကျွန်တော်တို့ပြလာတဲ့ စေတနာတွေကိုသာ သိစေချင်တယ်။ သည်တော့ကာ ကျွန်တော်တို့ကတော့ သွေးချင်းသားရင်း အဖြစ်နဲ့ ဒီလိုစေတနာပြခဲ့ပါတယ်။

အမှောင်ထဲပြန်သွားချင်တဲ့လူတွေ

''ဒီလိုပြခဲ့တဲ့နေရာမှာလည်းပဲ ကျွန်တော်တို့က အမှောင်က အလင်းရောက်သည်ထက်ရောက်အောင် စေတနာသန့်သန့်နဲ့ လုပ်ခဲ့တာပါပဲ။ အလင်းကနေပြီး အမှောင်သွား စေလိုတဲ့ စေတနာမရှိပါဘူး။ သို့သော်လည်း အလင်းကနေပြီး အမှောင်ကိုသွားချင်လို့ ရည်ရွယ်နေတဲ့လူတွေလည်း ရှိပါတယ်။

လွတ်လပ်တဲ့ဗမာနိုင်ငံထဲမနေချင်သူတွေ

''တစ်နေ့က စာတစ်စောင် ဖတ်လိုက်ရပါတယ်။ နယ် တစ်နယ်က ဖြစ်တယ်။ အင်္ဂလိပ်လက်အောက်ကနေပြီး လွတ်လပ်တဲ့ ဗမာနိုင်ငံထဲမှာ မနေချင်ဘူးဆိုတဲ့ အစီရင်ခံစာ ကိုတွေ့ရပါတယ်။ ဒီလိုအင်္ဂလိပ်လက်အောက်နေချင်ကြတယ် ဆိုလျှင်လည်း သဘောပဲ။ ကျွန်တော်တို့က မတားဆီးပါဘူး။ ကျွန်တော်တို့က အင်္ဂလိပ်လက်အောက်မှာလည်း မနေချင်ဘူး။ ဘယ်လူမျိုး ဘယ်နိုင်ငံခြားလူမျိုးလက်အောက်မှာမှ မနေဘူး။ကျွန်တော်တို့ လွတ်လွတ်လပ်လပ်နေချင်တယ်။

သွားချင်ရာသွားသဘောအတိုင်းပဲ

''ကျွန်တော် အတိအလင်းကြေညာလိုပါတယ်။ အဲဒီလို လွတ်လပ်တဲ့နိုင်ငံအဖြစ်နဲ့ ကျွန်တော်တို့နေနိုင်အောင်ဆိုပြီးတော့ ဒီအဆိုကိုတင်သွင်းတဲ့အခါမှာ အလင်းရောင်ထဲမှာ နေချင်ကြတဲ့လူတွေဟာ ကျွန်တော့်အဆိုကို ထောက်ခံကြပါ။ အလင်းကနေပြီး အမှောင်ထဲ သွားချင်တဲ့ လူတွေကတော့ သဘောအတိုင်းပါပဲဆိုတာ ဒီအဆိုကိုတင်သွင်းရင်း ကျွန်တော် ပြောခဲ့ပါတယ်။''

ဗိုလ်ချုပ်၏ လမ်းညွန်မိန့်ကြားချက်

၁၉၄၇ ခုနှစ် ဇွန်လ ၁၀ ရက်နေ့က စတင်ကျင်းပသော တိုင်းပြည်ပြုလွှတ်တော်တွင် မြန်မာ့လွတ်လပ်ရေးအတွက် ပဏာမပြင်ဆင်မှု ညီလာခံဆုံးဖြတ်ချက်နှင့်အညီ ရေးဆွဲမည့် မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲရေး အစည်းအဝေးတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း လမ်းညွန်မိန့်ကြားချက်ကို၊ မိမိကိုယ်တိုင် တက်ရောက်သတင်းယူရင်း တွေ့မြင်ကြားနာ မှတ်သားခဲ့ရသည်တို့ကို ယနေ့ ၇၂ - နှစ်မြောက် အာဇာနည်နေ့အတွက် ပြန်လည်တသ သတိတရ ရေးသားတင်ပြအပ်ပါသည်။

ပြည့်ဝသောစေတနာဆန္ဒဖြင့်

ဤဗိုလ်ချုပ်လမ်းညွန်ချက်များသည် ယနေ့ အကောင်အထည်ဖော် တည်ဆောက်ကြမည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော်သစ်ကြီး အကောင်အထည်ဖော်ရေး၌ တစ်ထောင့်တစ်နေရာမှ အထောက်အကူပြုနိုင်ပါစေဟု စေတနာအပြည့်ဖြင့် ဆန္ဒပြုလိုက်ရပါသည်။ ။