နိုင်ငံတစ်နိုင်ငံအနေဖြင့် ခေတ်နှင့်အညီ ရင်ပေါင်တန်းလိုက်ပါနိုင်ရေး၊ ကမ္ဘာ့ယဉ်ကျေးမှုစီးကြောင်းတွင် အရှိန်အဟုန်မပျက် သွက်လက် ထက်မြက်စွာ ဖြတ်သန်းနိုင်ရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံ တည်ဆောက်ရေးတို့တွင် လူငယ်လူရွယ်များ၏ ကိုယ်စွမ်းကိုယ်စနှင့် စွမ်းပကားများ အထူးလိုအပ်ပါသည်။
ဇူလိုင်လ ၁၇ ရက်နေ့က Yangon Innovation Centre (ရန်ကုန်ဆန်းသစ်ဖန်တီးမှုဗဟိုဌာန) ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က "စတုတ္ထမြောက် စက်မှုခေတ် (Industry 4.0) ပဲဖြစ်ဖြစ်၊ ဘယ်ခေတ် ဘယ်ကာလမှာပဲဖြစ်ဖြစ် အဓိကအရေးအကြီးဆုံးက ကျွန်မတို့ရဲ့ လူသားအရင်းအမြစ်ဖြစ်တဲ့ ကျွန်မတို့ ပြည်သူလူထုတွေပဲ ဖြစ်ပါတယ်။ လူကြီး၊ လူငယ်မရွေး နိုင်ငံသားတိုင်း တန်ဖိုးရှိပါတယ်။ လူသာအဓိကဖြစ်တဲ့အတွက် ကျွန်မတို့ ကြိုးစားကြဖို့ အရေးကြီးပါတယ်။ စတုတ္ထမြောက် စက်မှုခေတ်အပြင် နောင်လာမယ့် ပဉ္စမမြောက်၊ ဆဋ္ဌမမြောက်တွေကို ကူးပြောင်းရာမှာတော့ ကျွန်မတို့ရဲ့ လူငယ်တွေရဲ့ အင်အားက အဓိကဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။
မျက်မှောက်ကာလ မြန်မာနိုင်ငံ၏ဖွံ့ ဖြိုးတိုးတက်မှုသည် နိုင်ငံ တကာအလယ်တွင် နောက်ကျနေသည်ဟု ဆိုရမည်ဖြစ်သည်။ နှစ်ပေါင်း များစွာ မငြိမ်းချမ်းခြင်းသည် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျရခြင်း၏ အကြောင်း တစ်ချက်ဖြစ်သည်။ သို့သော် နိုင်ငံသူ နိုင်ငံသားများ အထူး သဖြင့် လူငယ်လူရွယ်၏ စွမ်းပကားများကို အစွမ်းကုန်ထုတ်သုံးပြီး ညီညီ ညွတ်ညွတ် ကြိုးပမ်းဆောင်ရွက်ကြလျှင် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုမှာ နောက်မကျသေးဟု ဆိုနိုင်ပါသည်။
မကြာသေးမီ နှစ်များအတွင်းက မြန်မာနိုင်ငံ နည်းပညာတက္ကသိုလ်မှ ကျောင်းသားတစ်စုသည် မလေးရှားနိုင်ငံတွင် ကျင်းပသည့် ASEAN Makerthon ပြိုင်ပွဲတွင် ကမ္ဘာ့ထိပ်တန်းနိုင်ငံကြီးဖြစ်သည့် တရုတ်နိုင်ငံမှ ကျောင်းသားများနှင့်အပြိုင် ဒုတိယဆုရရှိခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံ ကိုယ်စားပြု ကျောင်းသားအဖွဲ့သည် ၂၀၁၇ ခုနှစ် ကမ္ဘာ့စက်ရုပ် စိန်ခေါ်မှု ပြိုင်ပွဲတွင် အဆင့်(၆)ရရှိခဲ့ရာ မြန်မာနိုင်ငံလူငယ်များမှာ တီထွင်ဖန်တီး နိုင်စွမ်းရှိနေသည်။
ယနေ့အချိန်အခါတွင် မြန်မာနိုင်ငံအတွင်း သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာများ အလွန်မြင့်မား တိုးတက်လျက်ရှိရာ မိုဘိုင်းဆက်သွယ် လွှမ်းခြုံနိုင်မှုတွင် နည်းပညာများ၊ တီထွင်ဆန်းသစ်မှုများ အချိန်တိုအတွင်း ခုန်ပျံကျော်လွှား တိုးတက်မြင့်မားလာသည်ကို တွေ့ရ သည်။ မြန်မာနိုင်ငံအနေဖြင့် ဖွံ့ဖြိုးမှုနောက်ကျသော်လည်း တိုးတက် နေသည့်နိုင်ငံများကို လေ့လာပြီး အားနည်းချက်၊ အားသာချက်၊ လိုအပ် ချက်များကို ဟန်ချက်ညီညီ ဖြည့်ဆည်းကာ ရှေ့သို့အလျင်အမြန် တက်လှမ်းနိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။
ထိုသို့ကြိုးပမ်းရာတွင် တိုးတက်ပြောင်းလဲ ဆန်းသစ်နေသည့် ကမ္ဘာကြီးနှင့် လိုက်လျောညီထွေ ရပ်တည်နိုင်စွမ်း ရှိရန်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပညာရေးစနစ်ကို အဆင့်မြှင့်တင် စတင် အကောင်အထည်ဖော် နေပြီဖြစ်သည်။ ဆက်လက်၍ အသက်မွေးဝမ်း ကျောင်းလေ့ကျင့်ရေးစနစ်ကို ခေတ်မီအောင် ပြုပြင်ပြောင်းလဲ ဆောင်ရွက်လျက်ရှိပြီး တစ်ဆက်တည်းတွင် နည်းပညာနှင့် တီထွင် ဆန်းသစ်မှုကဏ္ဍကို အားပေးမြှင့်တင်ရမည်ဖြစ်သည်။
ယခုအခါ မြန်မာနိုင်ငံမှ လူငယ်လူရွယ်များအတွက် နည်းပညာနှင့် တီထွင်ဆန်းသစ်မှုကို အားပေးမြှင့်တင်နိုင်ရန် Yangon Innovation Centre (ရန်ကုန်ဆန်းသစ်ဖန်တီးမှုဗဟိုဌာန)ကို အခြားနိုင်ငံများနည်းတူ ဖွင့်လှစ်ပေးလိုက်နိုင်သည်။ သို့ဖြစ်ရာ ကိုယ်စွမ်းကိုယ်စရှိပြီး မြန်မာနိုင်ငံမှ လူငယ်လူရွယ်များအနေဖြင့် နိုင်ငံတော်အစိုးရ၏ ပံ့ပိုးကူညီပေးမှုများကို ရယူပြီး နိုင်ငံဖွံ့ဖြိုးအောင် ကြိုးပမ်းစွမ်းဆောင်နိုင်လိမ့်မည်ဟု ယုံကြည် ပါသည်။ ။
ကြေးမုံ