ဒေါက်တာမြတ်မိုး
သက်မွေးပညာရပ်ဟူသည် လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများတွင်ပါဝင်သော နည်းပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှု Technical Skill တစ်ခုပင်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာသည့် အညွှန်းကိန်းများတွင် အလုပ်လက်မဲ့ ညွှန်းကိန်းတစ်ခုလည်း အပါအဝင်ဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံတွင် အလုပ်လုပ်နိုင်သည့် လုပ်သားစွမ်းအားစုများ များပြားနေလျက်နှင့် အလုပ်အကိုင်နေရာလွတ်များ ဆက်လက်မြင့်မားနေသည်ဆိုလျှင် အနုတ်လက္ခဏာဆောင်သည်ဟု ဆိုရပါမည်။ မိမိတို့လို ဖွံ့ဖြိုးဆဲ နိုင်ငံတစ်နိုင်ငံတွင် တက္ကသိုလ်ဘွဲ့ရရှိမှုမှာ လေးရာခိုင်နှုန်းသာရှိသောကြောင့် လူငယ်များ၏ အသက်မွေးဝမ်း ကျောင်းပညာကို တက္ကသိုလ်ပညာနည်းတူ တန်ဖိုးထားပြီး လုပ်ကိုင်နိုင်သည့် အခွင့်အရေးပေးအပ်ရန် လိုအပ်သည်ကို သတိပြုမိပါသည်။ ကမ္ဘာ့ဘဏ်၏ ၂၀၁၉ ခုနှစ် အစီရင်ခံမှုတစ်ခု၌ ကမ္ဘာတွင် အနာဂတ်လုပ်ငန်းခွင်များ၌ အသက်မွေးဝမ်းကျောင်း ပညာရပ်များ၏ အရေးပါမှုသည် ပိုမိုမြင့်မားလာကြောင်း၊ လုပ်သားဈေးကွက် အနေအထားကလည်း ပြောင်းလဲလာပြီဖြစ်၍ နည်းပညာမြင့်မားတိုးတက်သည့် လုပ်သားထု၏ အခန်းကဏ္ဍသည် ပိုမိုအရေးပါလာကြောင်း ထောက်ပြသွားသည်ကို လေ့လာမိပါသည်။ ကမ္ဘာတွင် နည်းပညာအလိုက် ကျွမ်းကျင်လုပ်သား Skilled Labour နှင့် ပညာရှင်များ Professionals ကို အထူးအလေးပေး မွေးထုတ်ပေးနိုင်ရန် fVocational Education ဟုခေါ်သည့် အသက်မွေးဝမ်းကျောင်း ပညာရေးကို အထူးအလေးပေးကြပါသည်။ ကမ္ဘာတွင် နည်းပညာကျောင်းဆင်း လူငယ်များကို ကောလိပ်၊ တက္ကသိုလ်အကယ်ဒမီများရှိ သက်ဆိုင်ရာ နည်းပညာနှင့် ဘာသာရပ်များသို့ ကူးပြောင်းချိတ်ဆက်နိုင်သည့် စနစ်များ ထားရှိကြပါသည်။
အလုပ်အကိုင်အခွင့်အလမ်းပြဿနာအတွက် အဓိကဖြေရှင်းပေးသည့်ကဏ္ဍ
ယနေ့ကမ္ဘာတွင် လူငယ်များသည် Online မှနေ၍ အသက်မွေးဝမ်းကျောင်း ပညာအမျိုးမျိုးကို သင်ယူမှုများရေပန်းစားလာပြီး Hard Skill အပြင် လိုအပ်သော Soft Skill ကိုပါ တွဲဖက်သင်ယူသည့် အခွင့်အလမ်းများ ရရှိလာကြသည်ကို တွေ့ရှိရပါသည်။ ဖွံ့ဖြိုးပြီးနိုင်ငံအချို့မှာပင် တက္ကသိုလ်ဘွဲ့ရများတွင် နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များရှိနေပြီး လုပ်ငန်းခွင်၏ လက်တွေ့လိုအပ်ချက်ကို အပြည့်အဝ မဖြည့်ဆည်းနိုင်သည့်အခါ ၎င်းဘွဲ့ရလူငယ်မှာ အလုပ်လက်မဲ့ဖြစ်ပြီး တတ်မြောက်ထားသည့် ပညာရပ်သည် တိုင်းပြည်၏ လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်ဘဲ အဟောသိကံဖြစ်သွားရသည်ကို သိရှိရပါသည်။ နည်းပညာဖြင့် ထုဆစ်ထားသော လူ့စွမ်းအား အရင်းအမြစ်အားသာချက်သည် ယနေ့ခေတ်ကဲ့သို့ ပြိုင်ဆိုင်မှုကြီးမားသော စီးပွားရေးနယ်ပယ်တွင် မိမိဘက်ကို အသာစီးရရှိစေပါသည်။ နည်းပညာချို့တဲ့သည့် နိုင်ငံတစ်နိုင်ငံကို မည်သည့်နိုင်ငံကမျှ သူတို့၏ တန်ဖိုးကြီးသော အရင်းအနှီးများကို လာရောက်၍ ရင်းနှီးမြှုပ်နှံလိုကြမည်မဟုတ်၍ စီးပွားရေးဖွံ့ဖြိုးမှုတွင် အဓိက သော့ချက်ဖြစ်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍကိုလည်း ထိခိုက်နိုင်ပါသည်။ အစိုးရနှင့် ကျောင်းသားမိဘများက ငွေကြေးမြောက်မြားစွာ ကုန်ကျခံပြီး အချိန်နှင့်အား စိုက်ထုတ်၍ တက္ကသိုလ်ပညာများ သင်ကြားထားကြသော ကျောင်းသားများအနေဖြင့် အလုပ်လုပ်ကိုင်ခွင့်မရလျှင် အားလုံးအတွက် ဆုံးရှုံးမှုကြီးဖြစ်ပါသည်။ ကိုယ့်ပြည်တွင်းတွင် အလုပ်အကိုင်အခွင့်အလမ်းမရှိ၍ လူငယ်များ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကြရာတွင်လည်း လက်ခံနိုင်လောက်သည့် ကျွမ်းကျင်မှုမျိုးမရှိသည့်အတွက် သင့်တင့်လျောက်ပတ်စွာဖြင့် သိက္ခာရှိသော အလုပ်အကိုင်မျိုးရရှိရန် ခဲယဉ်းပြန်သည်။ နည်းပညာဖြင့် အသက်မွေးပညာရပ်ကို လူငယ်များ စနစ်တကျ သင်ယူတတ်မြောက်ကြပါက မိမိကိုယ်ပိုင်လုပ်ငန်းကိုလည်း တည်ထောင်နိုင်ကြမည်ဖြစ်ပြီး စွန့်ဦးတီထွင်လုပ်ငန်းရှင်များအဖြစ်လည်း အိပ်မက်မက်၍ ရနိုင်ပါသည်။
ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွင် ဦးစားပေး လုပ်ငန်းတစ်ရပ်ဖြစ်
နိုင်ငံတော်အစိုးရ၏ ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှု ဦးစားပေးလုပ်ငန်းများတွင် “နည်းပညာနှင့် သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးပညာရပ်များကို တက္ကသိုလ် နည်းပညာရပ်များ၏ ပညာရပ်များနှင့် တန်းတူဖွံ့ဖြိုး တိုးတက်စေရန်ဆောင်ရွက်ပေးခြင်း” ဟူသော နည်းပညာ သက်မွေးဆိုင်ရာ ဦးစားပေးလုပ်ငန်းတစ်ရပ်လည်း ပါဝင်သည်ကို တွေ့ရှိရပါသည်။ မြန်မာနိုင်ငံ၏ လူမှုရေးနှင့်စီးပွားရေး ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတွင် နည်းပညာကဏ္ဍ၊ သက်မွေးပညာရေးကဏ္ဍတို့သည် အခြေခံကျကျမှ ပါဝင်နေသည်ဆိုခြင်းကို ခံယူထားသောကြောင့်လည်း ဖြစ်ပါသည်။ ရေရှည်ဖွံ့ဖြိုးရေးတွင် အဓိကကျသည့်စိုက်ပျိုးရေး၊ စွမ်းအင်၊ ကုန်ထုတ်လုပ်မှု၊ သတင်းအချက်အလက်၊ နည်းပညာနှင့် လျှပ်စစ်ပိုင်းဆိုင်ရာ လုပ်ငန်း၊ ဆောက်လုပ်ရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းနယ်ပယ်များ၌ လာမည့်ကာလများတွင် ကျွမ်းကျင်လုပ်သားအများအပြား လိုအပ်လာမည်ဖြစ်သောကြောင့် ဖြစ်ပါသည်။ လိုအပ်သည့် ကျွမ်းကျင်မှုအရင်းအမြစ်များသည် လူငယ်တို့က စိတ်ဝင်စားသော အလုပ်အကိုင် မျှော်မှန်းချက်များ ပေါက်မြောက်အောင်မြင်ရေး ရည်မှန်းချက်များနှင့်အတူ တစ်ထပ်တည်းကျရပေမည်။
ဒေသဆိုင်ရာ လိုအပ်ချက်များနှင့် စီမံခန့်ခွဲမှု
လိုအပ်ချက်ကား နည်းပညာ၊ အသက်မွေးပညာရေး နှင့် လေ့ကျင့်ရေးဆိုင်ရာများတွင် ပညာအရည်အသွေး အာမခံမှုရှိရမည့် ပိုမိုထိရောက်သည့် စီမံခန့်ခွဲမှု စနစ်ကောင်းတစ်ခုပင် ဖြစ်ပါသည်။ သို့မှသာ ယင်းပညာရေးနှင့် လေ့ကျင့်ရေးအစီအစဉ်များတွင် သင်ယူလိုသူများအနေဖြင့် ပိုမိုတက်ရောက် လေ့လာနိုင်ခွင့်များလည်း ရရှိလာမည်ဖြစ်သလို နိုင်ငံ၏ ဖွံ့ဖြိုးမှုနည်းပါးနေသည့် စီးပွားရေးကဏ္ဍများတွင် ကိုယ်ပိုင်လုပ်ငန်း Family Business တည်ထောင်လိုသူများ၊ အလုပ်အကိုင် ရှာဖွေနေသူများအတွက်လည်း အရင်းအမြစ်များစွာ ဖန်တီးပေးလာနိုင်မည် ဖြစ်ပါသည်။ စီးပွားရေးဖွံ့ဖြိုးမှုအတွက် အားနည်းချက်တစ်ရပ်ဖြစ်နေသော အရည်အချင်းပိုင်းဆိုင်ရာအတွက် အရည်အသွေးမြင့်မားသော ကျွမ်းကျင်လုပ်သားအင်အားစုကို အာဆီယံနိုင်ငံများ အပါအဝင် နိုင်ငံတကာနှင့်အညီ ရင်ပေါင်တန်း မွေးထုတ်ပေးနိုင်ရန် လိုအပ်နေပါသည်။ အချို့ဒေသများတွင် ပညာရေးဆုံးခန်းမတိုင်ဘဲ ကျောင်းပြင်ပ ရောက်နေသူများစွာ ရှိပါသည်။ အခြေအနေအရ လုပ်ငန်းခွင်တွင် ဝင်ရောက်လုပ်ကိုင်နေ ကြရသည့် လုပ်ငန်းကျွမ်းကျင်မှုမရှိ၊ အရည်အသွေး အားနည်းနေသူများအတွက် ကာလတိုသင်တန်းများအား စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးရန်လည်း လိုအပ်ပါသည်။
၎င်းတို့အတွက် ပညာသင်ဆုနှင့် ပညာသင်ထောက်ပံ့ကြေးများ ပိုမိုပေးဆောင်ခြင်းသည် သင်ယူလိုသူများအတွက် ဆွဲဆောင်မှုတစ်ခု ဖြစ်စေပါသည်။ မြို့တွင်နေထိုင် သူများအတွက်သာမက တောရွာကျေးလက်နေ ပြည်သူများအတွက်ပါ အခွင့်အလမ်းများ တန်းတူရှိသင့်ပါသည်။ နည်းပညာနှင့် သက်မွေးပညာကျောင်းများ အဆင့်တစ်ခုနှင့်တစ်ခု ကူးပြောင်းချိတ်ဆက် သင်ကြားနိုင်မည့် အခွင့်အလမ်းများ ထားရှိရန်လည်း လိုအပ်ပါသည်။ ကျွမ်းကျင်မှု စံနှုန်းများရရှိနိုင်မည့် အခြေပြုသင်ရိုးညွှန်းတမ်းများသည် အရည်အသွေးအတွက် အာမခံမှုများဖြစ်ပါသည်။ ခေတ်မီသည့် သင်ထောက်ကူပစ္စည်းများ ပံ့ပိုးပေးရမည့်အပြင် လုပ်သားဈေးကွက် လိုအပ်ချက်နှင့်လည်း ကိုက်ညီမှုရှိနေရပါမည်။
ဒေသလိုအပ်ချက်နှင့်လည်းကိုက်ညီသော ပုံမှန်သင်တန်း၊ ကာလတိုသင်တန်းများ ဖွင့်လှစ်နိုင်လျှင်ဖြင့် ဒေသရှိ လူငယ်ထုအတွက်လည်း ပိုမိုအကျိုးရှိနိုင်ပါသည်။ ဥပမာ အော်တိုကားပြင်သင်တန်း၊ ပန်းရန်၊ လက်သမား၊ ဂဟေဆက်သင်တန်းများ၊ လျှပ်စစ်မော်တာများ ထိန်းသိမ်းခြင်း၊ လယ်ယာသုံး စက်ကိရိယာများ ပြင်ဆင်ထိန်းသိမ်းမှု၊ ခရီးသွားဧည့်သည်များအတွက် ဟိုတယ်ဝန်ဆောင်မှုစသည့် သင်တန်းများသည် အများအားဖြင့် ဒေသတွင်းလုပ်ငန်းများနှင့်လည်း ဆက်စပ်မှုရှိနေတတ်သော လူငယ်တို့၏ လိုအပ်ချက်များဖြစ်ပါသည်။ ဥပမာ-သား၊ ငါး၊ ပုစွန်မွေးမြူသည့်ဒေသများတွင် ယင်းတို့နှင့် ဆက်စပ်သည့်သင်တန်းများ၊ ဆားထုတ်လုပ်သည့်နေရာတွင် ဆားနှင့်ပတ်သက်သောသင်တန်း၊ ဆိုင်ကယ်ပြုပြင်သည့် သင်တန်းမျိုးကအစ တောင်းဆိုမှုများ ရှိနေနိုင်ပါသည်။
ခေတ်မီ အသက်မွေးပညာရပ်များအတွက် သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အာရုံစိုက်ရမည်ဖြစ်သလို အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရန်နှင့် နိုင်ငံတကာ အထောက်အကူပြု အဖွဲ့အစည်းများ၏ပံ့ပိုးမှုကို စနစ်တကျ စီမံခန့်ခွဲနိုင်ရန်လည်း အရေးကြီးလှပါသည်။ လက်တွေ့ကျသော သက်မွေးပညာရပ်များပေါ်ထွန်းစေရန် အကြံပေး အဖွဲ့များရှိသင့်သလို သက်ဆိုင်ရာကဏ္ဍများ၊ ဝန်ကြီးဌာန အဖွဲ့အစည်းများအကြား ညှိနှိုင်းမှုအားကောင်းနေရန်လည်း လိုအပ်ပါသည်။ အရေးကြီးသည်မှာ မူဝါဒချမှတ်မှုအပိုင်း ဖြစ်ပါသည်။ ရရှိထားသော သတင်းအချက်အလက်များကို သေချာစွာဆန်းစစ်ပြီး သုတေသနပြုလုပ်ထားသော အချက်အလက်များကို အသုံးချကာ ပြည့်စုံသော သတင်းအချက်အလက်များကို စနစ်တကျ စီမံခန့်ခွဲမှုစနစ်ရှိမှသာ မူဝါဒချမှတ်သူများအနေဖြင့် ကောင်းမွန်သော ဆုံးဖြတ်ချက်များကို ချမှတ်နိုင်မည်ဖြစ်ပါသည်။ ဆရာ ဆရာမများ၏ အရည်အသွေး မြှင့်တင်ရေးနှင့် သက်မွေးပညာသင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်နိုင်ရေးကိုအမှန်တကယ် ဦးတည်နိုင်ရန်အတွက် ရန်ပုံငွေနှင့် ဘတ်ဂျက်ကဏ္ဍသည်လည်း အရေးကြီးသည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါသည်။ အနာဂတ်လူငယ်များ၏ အလုပ်အကိုင် အခွင့်အလမ်းပြဿနာကို ဖြေရှင်းရန်အတွက် အဓိက ရည်မှန်းချက်ထားသည်ဖြစ်၍ ဘဏ္ဍာငွေအတွက် အစိုးရ အဖွဲ့အစည်းများမှသာမက အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး အဖွဲ့အစည်းများ၊ NGO၊ INGO အဖွဲ့အစည်းများ၏ အကူအညီကိုလည်း အလေးအနက်ထားရမည် ဖြစ်ပါသည်။ ရံဖန်ရံခါ ဒေသတစ်ခုတွင် လူငယ်များသည် သင်တန်းတက်ချင်သည့်ဆန္ဒ ရှိသော်လည်း မိသားစုစားဝတ်နေရေး အခက်အခဲကြောင့် သင်တန်းမတက်ရောက်နိုင်လျှင် ရွေ့လျားသင်တန်းများ ဖွင့်လှစ်သင်ယူနိုင်သည်အထိ စဉ်းစားဆောင်ရွက်ပေးနိုင်လျှင်လည်း လက်တွေ့ကျသည်ဟု ဆိုရမည်ဖြစ်ပါသည်။ လူသားအရင်းအမြစ် တည်ဆောက်သော လုပ်ငန်းတစ်ခုဖြစ်၍ ပုဂ္ဂလိကကဏ္ဍအားကိုလည်း လိုအပ်ပါသည်။ အချို့သောသင်တန်း အမျိုးအစားများတွင် ပုဂ္ဂလိကကဏ္ဍနှင့် အစိုးရပူးပေါင်း ဆောင်ရွက်ပြီး PPP ပုံစံဖြင့် ဆောင်ရွက်ပါက ပိုမိုထိရောက်အောင်မြင်နိုင်သည့် အခြေအနေများလည်း ရှိနိုင်ပါသည်။
နိုင်ငံအချို့၏ ဥပမာ
တိုးတက်ပြီးနိုင်ငံအချို့ကို လေ့လာကြည့်လျှင် အထက်တန်းကျောင်းသားများ၏ အသက်မွေးပညာရပ် လေ့လာသင်ယူမှုနှုန်းများ မြင့်မားနေသည်ကို တွေ့ရှိရပါသည်။ ကိုရီးယားသမ္မတနိုင်ငံတွင် အထက်တန်း ကျောင်းသား ၄၀ ရာခိုင်နှုန်းက လိုအပ်သော ကျွမ်းကျင်မှုပညာရပ်များကို သင်ယူနေကြပြီး ကျောင်းသင်ရိုးညွှန်းတမ်း၏ ၇၀ ရာခိုင်နှုန်းကို သက်မွေးပညာသင်ရိုးများက နေရာယူထားကြပါသည်။ ရုရှားနိုင်ငံတွင် G 10 နှင့် G 11 ကျောင်းသားများအတွက် မိမိတို့ရယူလိုသည့် နည်းပညာ၊ မိမိတို့နှစ်သက်သည့် ပညာကို ရွေးချယ်သင်ယူနိုင်ရန် အထွေထွေပညာရေးကဏ္ဍတွင် သက်မွေးဘာသာရပ်များ ထည့်သွင်းပြီး အခွင့်အလမ်းများ ဖန်တီးပေးထားသည်ကို တွေ့ရှိရပါသည်။ အိန္ဒိယတွင်မူမူလတန်း (G 1-8) အဆင့်မှာပင် အလုပ်နှင့်ဆက်စပ်သော ဘာသာရပ်များကို မိတ်ဆက်ပေးထားပြီး အလယ်တန်းအဆင့်တွင် အကြိုသက်မွေးပညာရပ်ဘာသာများကို သင်ကြားပို့ချပေးခြင်းဖြင့် ၎င်းတို့၏ အနာဂတ်လုပ်ငန်းခွင်နှင့် ရင်းနှီးကျွမ်းဝင်အောင် ဖန်တီးပေးထားသည်ကို တွေ့ရှိရပါသည်။
နိဂုံးချုပ်အနေဖြင့် နည်းပညာ၊ အသက်မွေး ဝမ်းကျောင်းပညာရေးနှင့် လေ့ကျင့်မှုခရီး ရောက်သောနိုင်ငံများတွင် လုပ်ငန်းခွင်တွင် အမှန်တကယ်လိုအပ်သော ကျွမ်းကျင်မှု အမျိုးအစားများ ရရှိရန်အတွက် အခြေခံပညာရေးနှင့်ဆက်စပ်သော နည်းပညာ၊ သက်မွေး ဘာသာရပ်များကို ထိထိရောက်ရောက် လေ့ကျင့်သင်ကြားပေးနိုင်စွမ်းရှိသည်ကို တွေ့ရှိရပါသည်။ ယင်းကဏ္ဍကြောင့် တိုင်းပြည်၏ အလုပ်လုပ်ကိုင်နိုင်သော စွမ်းအားစုကို ထုတ်လုပ်မှု စွမ်းအားမြင့်မားသော အလုပ်သမားအင်အားစုအဖြစ် ပြောင်းလဲဖန်တီးနိုင်ပြီး အလုပ်လက်မဲ့ ပြဿနာကိုလည်း ဖြေရှင်းပေးနိုင်နေသည်ကို လေ့လာတွေ့ရှိရပါသည်။ ဖွံ့ဖြိုးမှုအားနည်းသော စီးပွားရေးနယ်ပယ်များနှင့် ကျွမ်းကျင်မှုလိုအပ်သော အလုပ်အကိုင်များအတွက် နည်းပညာမြင့် အသက်မွေး ဝမ်းကျောင်းပညာရေးနှင့် သင်တန်းများသည် အလုပ်လက်မဲ့ ပြဿနာဖြေရှင်းရေးနှင့် အရည်အသွေးချို့တဲ့နေသော အလုပ်သမားအင်အားစု ပြဿနာများကို ဖြေရှင်းရာတွင် ထိရောက်သော မဟာဗျူဟာများအနက် တစ်ခုဖြစ်ပါသည်။ မည်သည့်ပညာရပ်ပင်ဖြစ်ပါစေ သူ့နေရာနှင့်သူ တန်ဖိုးရှိသည်ပင် ဖြစ်ပါသည်။ စနစ်တကျ သင်ကြားလေ့ကျင့်၍ တတ်မြောက်ကာ သက်ဆိုင်ရာနယ်ပယ်တွင် ပြန်လည်အသုံးချခွင့်ရရှိပါမှ၊ တတ်မြောက်ထားသည့်ပညာကို အသုံးချတတ်ပါမှ၊ လူမှန်နေရာမှန်ဖြင့် ဆောင်ရွက်နိုင်ပါမှသာ တိုးတက်အောင်မြင်နိုင်မည် ဖြစ်သောကြောင့် နိုင်ငံသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတွင် နည်းပညာနှင့် အသက်မွေးပညာနယ်ပယ်သည် အရေးပါသည့် အခန်းကဏ္ဍတစ်ခုတွင် ပါဝင်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
ကြေးမုံ