ကိုရင်သြ

အိန္ဒိယနိုင်ငံက လကမ္ဘာစူးစမ်းလေ့လာရေး ယာဉ်အဖြစ် ချန်ဒရာယန်း-၂ အမည်ရှိ အာကာသယာဉ်ကို ဇူလိုင် ၂၂ ရက်တွင်လွှတ်တင်မည်ဆိုသော သတင်းတစ်ပုဒ်ကိုကျွန်ုပ် ဖတ်ရှုရသောအခါ “အာကာသ သူရဲကောင်း” နိုင်ငံအဖြစ် စာရင်းဝင်ရန် ဟန်ပြင်လျက်ရှိသော ယင်းနိုင်ငံ၏သိပ္ပံနှင့်နည်းပညာ တိုးတက်မှုအခြေအနေကိုကျွန်ုပ်လေ့လာစေ့ငုမိလေ၏။

အိန္ဒိယနိုင်ငံသည် ကနဦးတွင် ချန်ဒရာ ယန်း-၂ အာကာသယာဉ်ကို ဇူလိုင် ၁၄ ရက်တွင် လွှတ်တင်ရန် စီစဉ်ခဲ့သော်လည်း နည်းပညာပိုင်းဆိုင်ရာ ပြဿနာတစ်ရပ်ကြောင့် အာကာသယာဉ် လွှတ်တင်မည့်အစီအစဉ်ကို ရက်အနည်းငယ်ကြာမျှ ဆိုင်းငံ့ခဲ့ရလေသည်

လွှတ်တင်တော့မည်

ယခုအခါတွင်မူ အိန္ဒိယအာကာသ သုတေသနအဖွဲ့ (အိုင်အက်စ်အာရ်အို)က ဇူလိုင် ၂၂ ရက် ဂရင်းနစ်စံတော်ချိန် ၉ နာရီ ၁၃ မိနစ်တွင် လွှတ်တင်တော့မည်ဆို၏။

အိန္ဒိယနိုင်ငံ၏ ရည်မှန်းချက်ကြီးမားလှသော အာကာသအစီအစဉ်၏ နောက်ဆုံးပေါ် ခြေလှမ်းတစ်လှမ်းဟု ဆိုရအံ့လောက်သော အစီအစဉ်မှာ ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံ ဖြစ်ပါလျက် နည်းပညာအရ ရှေ့တန်းရောက်နေပုံကို ဖော်ကျူးလျက်ရှိသည်

ချန်ဒရာယန်း-၂ အာကာသယာဉ်မှာ နည်းပညာအရ ခက်ခဲရှုပ်ထွေးလှသည့် အဆင့်တွင်ရှိပြီး သိပ္ပံရေးရာ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရန် ရည်ရွယ်သည်။ လ၏ ဂြိုဟ်ပတ်လမ်းအတွင်းသို့ ဝင်ရောက်မည့် ချန်ဒရာယန်း- ၂ မှာ “လဆင်းယာဉ်” တစ်စင်းနှင့် လကမ္ဘာပေါ်တွင် မောင်းနှင်မည့် “ရိုဗာယာဉ်” တစ်စင်းတို့ကို သယ်ဆောင် သွားပေလိမ့်မည်။

လ၏ ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ ရောက်ရှိသည့်အခါ လဆင်းယာဉ်က ပင်မ အာကာသယာဉ်မှ ခွဲထွက်ကာ သက်ဆင်းမည့် သတ်မှတ်နေရာသို့ချိန်ကိုက် ရောက်ရှိစေရန် စနစ်တကျ ဆင်းသက်မည်ဖြစ်သည်။ လ၏ တောင်ဝင်ရိုးစွန်းအရပ်ရှိ မြေမျက်နှာပြင်ပေါ်သို့ ဆင်းသက်ခြင်းကို အိုင်အက်စ်အာရ်အိုသိပ္ပံပညာရှင်များက ထိန်းချုပ်ဆောင်ရွက်သွားမည်ဆို၏။

လမျက်နှာပြင်ပေါ် လဆင်းယာဉ်ဆင်းသက်ခြင်းကို သိပ္ပံပညာရှင်များ၏ အဆိုအရ “သိမ်မွေ့ညင်သာစွာ ဆင်းသက်ခြင်း” (ဝါ) Soft Landing  ဟု ခေါ်သည်။

ယခင် ဆိုဗီယက်ပြည်ထောင်စု၊ အမေရိကန်နှင့် တရုတ်နိုင်ငံတို့သာလျှင် ပိုင်ဆိုင်ထားသေးသော နည်းပညာအဖြစ် “သိမ်မွေ့ညင်သာစွာ ဆင်းသက်ခြင်း” နည်းပညာကိုပိုင်ဆိုင်ရန် အိန္ဒိယနိုင်ငံ တာစူလျက်ရှိနေ လေပြီ

ပြီးခဲ့သည့် ဧပြီလက အစ္စရေးသိပ္ပံပညာ ရှင်အဖွဲ့ တစ်ဖွဲ့က သူတို့၏ “ဘာရီရှိ” (Beresheet) အမည်ရှိ လဆင်းယာဉ်ကို လမျက်နှာပြင်ပေါ် ဆင်းသက်နိုင်စေရန် ကြိုးပမ်းခဲ့လင့်ကစား အောင်မြင်မှုမရခဲ့ချေ။ သို့ဖြစ်ရကား ဤနည်းပညာမှာ သိမ်မွေ့နက်နဲခက်ခဲလှသည့် နည်းပညာတစ်ရပ်ဟု ဆိုရ လောက်ပေသည်။

အကယ်၍သာ ချန်ဒရာယန်း-၂ အာကာသ ယာဉ်သည် အစီအစဉ်အတိုင်း လမျက်နှာပြင်ပေါ် အောင်မြင်စွာ ဆင်းသက်နိုင်မည်ဆိုပါက အိန္ဒိယတစ်နိုင်ငံလုံးအတွက် ဂုဏ်ယူစရာကောင်းလှသည့် သိပ္ပံရေးရာ အောင်မြင်မှုတစ်ရပ် ဖြစ်လာပေလိမ့်မည်

ဝင်ငွေရရှိစေ

အိန္ဒိယနိုင်ငံက အာကာသရေးရာ စူးစမ်းလေ့လာမှုများ ပြုလုပ်နေခြင်းသည် သိပ္ပံနှင့်နည်းပညာ တိုးတက်ရေးမျှသာမဟုတ်၊ နိုင်ငံအတွက်ဝင်ငွေ ရရှိစေနိုင်သော အာကာသနည်းပညာလုပ်ငန်းကို အားပေးမြှင့်တင်ရန်လည်း ရည်ရွယ်ပေသည်။

အနာဂတ် မျိုးဆက်သစ်သို့တိုင် အကျိုးကျေးဇူးများ ရရှိစေရန် ရည်ရွယ်လျက်အာကာသရေးရာ စူးစမ်းလေ့လာမှုများ ပြုလုပ်လျက်ရှိကြောင်း အိုင်အက်စ်အာရ်အိုဥက္ကဋ္ဌ ကေလာဆာဗာဒီဗူးဆီဗန်က ပြောကြားလေသည်။

အာကာသနည်းပညာကို “စီးပွားဖြစ်သည်အထိ” လုပ်နိုင်ဖို့ဆိုလျှင် ကုန်ကျစရိတ် သက်သက်သာသာဖြင့် အာကာသ ဒုံးပျံယာဉ်များကို လွှတ်တင်နိုင်ရန် လိုအပ်ပေလိမ့်မည်။

ဇူလိုင် ၂၂ ရက်တွင် လွှတ်တင်ရန်စီစဉ်ထားသော ချန်ဒရာယန်း-၂ အာကာသယာဉ်မှာ အခြားနိုင်ငံများမှ ထုတ်လုပ်သော အလားတူ အာကာသယာဉ်များနှင့် နှိုင်းယှဉ်ပါက စရိတ်စက ပိုမိုသက်သာလှပြီး အမေ ရိကန်ဒေါ်လာ ၁၄၁ သန်းမျှသာ ကုန်ကျသည် ဆို၏။

ဖော်ပြပါ ငွေကြေးပမာဏမှာ “ရော့ကက်” ဒုံးပျံယာဉ် တည်ဆောက်စရိတ်၊ ဂြိုဟ်ပတ်ယာဉ် တည်ဆောက်စရိတ်၊ လဆင်းယာဉ်တည်ဆောက်စရိတ်၊ လမျက်နှာပြင်ပေါ် စုန်ချည်ဆန်ချည် ကူးလူးသွားလာနိုင်မည့် “ရိုဗာ”ယာဉ် တည်ဆောက်စရိတ်နှင့် သိပ္ပံရေးရာ စူးစမ်းလေ့လာရေး ကိရိယာများ တည်ဆောက်စရိတ်တို့ အကျုံးဝင်ပါရှိသည်။

ကုန်ကျစရိတ် သက်သက်သာသာဖြင့် တည်ဆောက်မှု ပြုလုပ်နိုင်ခဲ့သည် ဆိုသည့်တိုင် လက်တွေ့တွင်ဖော်ပြပါ ငွေကြေးပမာဏထက် ကျော်လွန်သော အသုံးစရိတ်များလည်း ရှိနိုင်ပေသည်။

မည်သို့ပင်ဆိုစေ ချန်ဒရာယန်း-၂ အာကာသယာဉ် အစီအစဉ်အတွက် အိုင်အက်စ်အာရ်အို ကျခံရသည့် ငွေကြေးပမာဏမှာ အမေရိကန်၏ စပေ့စ်အိပ်က် (Space X) အာကာသယာဉ် တည်ဆောက်စရိတ်နှင့် နှိုင်းယှဉ်ပါက ဒေါ်လာ ၉ သန်းသာ ပိုမိုလျော့နည်းသည်။

ဒုံးပျံယာဉ် ဆုံးရှုံး

စပေ့စ်အိပ်က် အာကာသယာဉ်အတွက် ဒုံးပျံယာဉ်တည်ဆောက်ကာ စမ်းသပ်မှုများ ပြုလုပ်ခဲ့ရာတွင် မအောင်မမြင်ဖြစ်ရမှုများလည်း ရှိခဲ့သည်။ ၂၀၁၆ ခုနှစ်က ဖယ်လ်ကွန်-၉ အမည်ရှိ ဒုံးပျံယာဉ်ကို စမ်းသပ်ပစ်လွှတ်ရာတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ဒုံးပျံယာဉ်တစ်စင်း ဆုံးရှုံးခဲ့ရသည်ဆို၏။

အိန္ဒိယနိုင်ငံသည် ဒုံးပျံယာဉ်များကို စီးပွားဖြစ်လွှတ်တင်သည့် ဝန်ဆောင်မှုလုပ်ငန်းတွင် ပါဝင်နိုင်ရန် စပေ့စ်အိပ်က်နည်းတူ ကြိုးပမ်းလျက်ရှိသည်။ ဒုံးပျံယာဉ်လွှတ်တင်မှုကို စီးပွားဖြစ်ပြုလုပ်နိုင်ရေးမှာ အိန္ဒိယအစိုးရအဖွဲ့၏ မူဝါဒတစ်ရပ်အဖြစ်ယခုအခါ ပီပြင်လာလေပြီ

အိန္ဒိယနိုင်ငံ၏ အာကာသနည်းပညာ ဆိုင်ရာ ကုမ္ပဏီအဖြစ် “နယူးစပေ့စ် အိန္ဒိယ လီမိတက်”ကို ပြည်သူပိုင်ကုမ္ပဏီအဖြစ် ထူထောင်လိုက်ပြီဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး နီမာလာ စီသာရာမန်က ဇူလိုင် ၅ ရက် ရသုံးမှန်းခြေငွေစာရင်း (ဘတ်ဂျက်) ဆိုင်ရာ မိန့်ခွန်းတွင် ထည့်သွင်းပြောကြား ခဲ့သည်

လ စူးစမ်းလေ့လာရေးအစီအစဉ ်အောင်မြင်ရန်ဟူသော အိုင်အက်စ်အာရ်အို၏ ရည်မှန်းချက်သည် ၂၀၂၅ ခုနှစ်ထက်နောက်မကျဘဲ ဒေါ်လာ ၅ ထရီလီယံ ငွေကြေးလည်ပတ်မှုရှိသော အာကာသနည်းပညာဆိုင်ရာ စီးပွားရေးလုပ်ငန်း ကဏ္ဍတစ်ရပ်ကိုထူထောင်ရန် ရည်မှန်းချက်နှင့်အညီ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးကဆိုသည်

အာကာသနည်းပညာဆိုင်ရာ စီးပွားရေး လုပ်ငန်းကဏ္ဍသည် အိန္ဒိယနိုင်ငံအတွက် ထွန်းသစ်စ စီးပွားရေးလုပ်ငန်းကဏ္ဍသစ်ဟု ဆိုနိုင်သည့်တိုင်အောင် ယင်းနိုင်ငံအနေဖြင့် အာကာသစက်မှုလုပ်ငန်းကဏ္ဍမှ နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၇ ဘီလီယံအထိ ရရှိနေပြီဖြစ်သည်။

ကမ္ဘာ့အာကာသနည်းပညာ စက်မှုလုပ်ငန်းသည် လတ်တလောတွင် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ဘီလီယံ ၃၅၀ ရရှိနေရာမှ၂၀၄၀ ပြည့်နှစ်ထက် နောက်မကျဘဲဒေါ်လာ ၁ ဒသမ ၁ ထရီလီယံအထိ ရရှိလာမည်ဟု ခန့်မှန်းကြောင်း အမေရိကန်မော်ဂန်စတန်လေဘဏ် သုတေသနဌာနက ဆိုသည်။

ချန်ဒရာယန်း-၁

လ စူးစမ်းရေးအစီအစဉ်အတွက် ပထမ ခြေလှမ်း အကောင်အထည်ဖော်မှုအဖြစ် အိန္ဒိယနိုင်ငံသည် ၂၀ဝ၈ ခုနှစ်တွင်ချန်ဒရာယန်း-၁ အာကာသယာဉ်ကိုလွှတ်တင်ခဲ့သည်။ သို့ရာတွင် အဆိုပါ အစီအစဉ်အရ လမျက်နှာပြင်ပေါ်သို့ဂြိုဟ်ဆင်းယာဉ် သက်ဆင်းနိုင်ခြင်း မရှိခဲ့ပေ။ သို့ရာတွင် လမျက်နှာပြင်ပေါ်၌ ရေရှာဖွေသည့်လုပ်ငန်းကို ရေဒါများအသုံးပြု၍ အသေးစိတ်အကျဆုံး ပထမအကြိမ် လေ့လာနိုင်ခဲ့သည့် အတွေ့အကြုံကို ရရှိခဲ့လေသည်။

ချန်ဒရာယန်း-၂ အာကာသ စီမံကိန်းအတွက် နှစ်နိုင်ငံရှိ အာကာသအေဂျင်စီများ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တစ်ရပ်ကို ၂၀ဝ၇ ခုနှစ် နိုဝင်ဘာ ၁၂ ရက်တွင် ရုရှားဖက်ဒရယ်အာကာသ အေဂျင်စီ(ရော့စ်ကော့စမော့စ်) နှင့် အိုင်အက်စ်အာရ်အိုတို့ လက်မှတ်ရေးထိုးခဲ့ကြသည်။

ဂြိုဟ်ပတ်ယာဉ်နှင့် ရိုဗာယာဉ်တို့ကို အိုင်အက်စ်အာရ်အိုက တာဝန်ယူထုတ်လုပ်ရန်၊ ဂြိုဟ်ဆင်းယာဉ်ကို ရော့စ်ကော့စမော့စ်က တာဝန်ယူထုတ်လုပ်ရန် အဆိုပါ သဘောတူညီချက်တွင် ဖော်ပြထားသည်။

သဘောတူညီ

လလေ့လာရေး အစီအစဉ်ကိုအကောင်အထည်ဖော်ရန် ထိုစဉ်က ဝန်ကြီးချုပ်ဖြစ်သူ မန်မိုဟန်ဆင်း ဦးဆောင်သော အိန္ဒိယပြည်ထောင်စုအစိုးရအဖွဲ့က ၂၀ဝ၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်တွင် သဘောတူညီခဲ့သည်။

ဂြိုဟ်ဆင်းယာဉ် တည်ဆောက်မှုလုပ်ငန်းကို ရုရှားက အချိန်ဇယားနှင့်အညီ ဆောင်ရွက်နိုင်ခြင်းမရှိသဖြင့် လစူးစမ်း လေ့လာရေးအစီအစဉ်ကို မူလက ၂၀၁၃ ခုနှစ် ဇန်နဝါရီလတွင် ပြုလုပ်ရန် စီစဉ်ခဲ့ရာ မှ ၂၀၁၆ ခုနှစ်သို့ ရွှေ့ဆိုင်းခဲ့ရသည်။

အင်္ဂါဂြိုဟ်သို့ စေလွှတ်သည့် “ဖိုးဘော့စ်- ဂရန့်” အာကာသယာဉ် လွှတ်တင်သည့်အစီအစဉ် မအောင်မမြင်ဖြစ်ခဲ့ရပြီးနောက် ရုရှားက အိန္ဒိယအတွက် ဂြိုဟ်ဆင်းယာဉ် တည်ဆောက်ရေးလုပ်ငန်းကို နောက်ဆုတ်ခဲ့ရာ အိန္ဒိယနိုင်ငံအနေဖြင့် လစူးစမ်းရေး အစီအစဉ်ကို တစ်နိုင်ငံတည်းအနေဖြင့် လွတ်လွတ်လပ်လပ် ဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့လေသည်။

နည်းပညာဆိုင်ရာ အခက်အခဲအမျိုးမျိုးနှင့် တွေ့ကြုံခဲ့ရပြီးနောက် ပြီးခဲ့သည့်ဇူလိုင် ၁၄ ရက်တွင် ချန်ဒရာယန်း-၂ ကိုလွှတ်တင်ရန် စီစဉ်ခဲ့သည်။ သို့ရာတွင်နည်းပညာဆိုင်ရာ ပြဿနာတစ်ရပ်ကြောင့် အာကာသယာဉ် လွှတ်တင်မှုကို ဇူလိုင် ၂၂ ရက်အထိ ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။

လမျက်နှာပြင်ပေါ် “သိမ်မွေ့ညင်သာစွာ ဆင်းသက်ခြင်း” ပြုလုပ်ရန်လည်းကောင်း၊ လမျက်နှာပြင်ပေါ် စက်ရုပ်နည်းပညာသုံး “ရိုဗာ” ယာဉ်မောင်းနှင်ရန်လည်းကောင်း ကြီးမြတ်ထည်ဝါလှသည့် အာကာသရည်မှန်းချက် ချမှတ်ထားသော အိန္ဒိယနိုင်ငံအနေဖြင့် ယခုတစ်ကြိမ်တွင် နည်းပညာဆိုင်ရာ စိန်ခေါ်မှုများကိုကျော်လွှား လွန်မြောက်နိုင်ပါစေဟု ကျွန်ုပ်ဆုတောင်းပတ္တနာပြုမိရင်း “လကမ္ဘာစခန်း ချန်ဒရာယန်း မြန်းလုလု”ဟု ကျူးရင့်မိပါ သတည်း။ ။ 

 

ကြေးမုံ