ကျော်ဆွေ (ခင်ဦး)
၁၉၉၈ ခုနှစ်က ကျွန်တော် အင်ဂျင်နီယာမှူးအဖြစ် တာဝန်ထမ်းခဲ့တဲ့ မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးကို ပြီးခဲ့သည့်လက ရောက်ဖြစ်ပါတယ်။ မိတ္ထီလာကို မကြာခဏ ပြန်ဖြစ်သော်လည်း အနှစ် ၂၀ အတွင်းမှာ တတိယအကြိမ် ရုံးကို ရောက်ဖြစ်တာပါ။ ရုံးရောက်တော့ စည်ပင်ဥက္ကဋ္ဌ ဆရာမကြီးက မိတ္ထီလာကန်ရေကို တိုက်ရိုက်ဖြန့်နေတဲ့အနေအထားမှာ အီကိုလိုင်းပါတဲ့အကြောင်း ပြောပါတယ်။ တကယ်တော့ မိတ္ထီလာမြို့ ရေပေးရေးလုပ်ငန်းမှာ အနှေးသဲရေစစ်ကန် ရေသန့်စင်တဲ့စနစ် ရှိပြီးဖြစ်ပါတယ်။ သို့သော် သန့်စင်နိုင်တဲ့ရေပမာဏက မြို့ကို ဖြန့်ရတဲ့ ရေပမာဏထက် နည်းတဲ့အတွက် ကန်ရေကို တိုက်ရိုက်ဖြည့်ပြီး ဖြန့်ဝေပေးနေရတာ ဖြစ်ပါတယ်။ ဒါနဲ့ ဆရာမကြီးကို အီကိုလိုင်းက ရောဂါပိုးမဟုတ်ဘဲ ရေထဲမှာ အီကိုလိုင်းပါရင် လူကို ရေကြောင့် ရောဂါဖြစ်စေတဲ့ ဗက်တီးရီးယားများ (ဥပမာ- ဝမ်းပျက်ဝမ်းလျှောရောဂါပိုး) တွေ့ရှိနိုင်တဲ့အတွက် အီကိုလိုင်းပါဝင်မှုကို စစ်ရကြောင်း ပြောပြဖြစ်ပါတယ်။
ကျွန်တော်တို့ မြို့သူမြို့သားတွေက ကန်ရေသောက်သော်လည်း ရောဂါမဖြစ်ပွားရခြင်းက ရေထဲမှာပါတဲ့ ဗက်တီးရီးယားကို ခံနိုင်ရည်ရှိနေလို့ဖြစ်ပြီး ကိုယ်ခံအားနည်းတဲ့အချိန်မှာတော့ ရောဂါဖြစ်နိုင်ကြောင်းနှင့် ဒေသခံမဟုတ်တဲ့ နိုင်ငံခြားသားတစ်ဦးဦး သောက်သုံးမိပါက ရောဂါတစ်ခုခု ရနိုင်ကြောင်း၊ ရေမဖြန့်ဝေခင် ဆေးခတ်သင့်ကြောင်း ရှင်းပြဖြစ်ပါတယ်။ အီကိုလိုင်းပါတဲ့ မိတ္ထီလာကန် ရေကိုသောက်ပြီး လူတွေဘာကြောင့် ရောဂါမဖြစ်တာကို သိတဲ့သူ အတော်နည်းမယ် ထင်ပါတယ်။
ရေရရှိရေးလုပ်ငန်းများဆောင်ရွက်
ပြီးခဲ့တဲ့အပတ်ကလည်း ရေပေးရေးတာဝန် ယူထားတဲ့ အင်ဂျင်နီယာညီငယ်တစ်ဦး အိမ်ကို အလည်လာပါတယ်။ အခုလုပ်နေတာက ကျွန်တော်နေလာတဲ့ ဌာနလည်းဖြစ်တော့ သူတို့ကြုံတွေ့နေရတာတချို့ကိုလည်း ပြောပြပါတယ်။ ကျွန်တော် တို့ဌာနက တစ်နိုင်လုံးမှာရှိတဲ့ ရွာတွေကို ရေရရှိရေးဆောင်ရွက်လျက်ရှိရာမှာ ဖြစ်နိုင်ခြေရှိတဲ့ ရွာတိုင်းကို အိမ်တိုင်ရာရောက် ရေပေးရေးလုပ်ငန်းတွေ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိပါတယ်။ မြန်မာပြည် အလယ်ပိုင်းက ရေရှားတဲ့ရွာတွေကတော့ သောက်သုံးရေရနိုင်တဲ့ စက်ရေတွင်းရရင်ပဲ ပျော်နေကြတာပါ။ အဆိုပါဒေသက အိမ်တိုင်ရာရောက် ရေပေးရေးလုပ်ငန်းတွေ လုပ်ပြီးတဲ့ ရွာတချို့မှာ အိမ်ထဲအထိ သွယ်ထားတဲ့ သုံးမတ်ပိုက်၊ ငါးမူးအရွယ်ပိုက် ရေတိုင်လေးက ရေကျနေ တာလေးတွေကို အဘိုးကြီး အဘွားကြီးတွေ ပီတိလေးနဲ့ပြုံးပြီး စောင့်ကြည့်နေကြတာကို မကြာခဏ တွေ့ရပါတယ်။
သို့သော် မိုးများတဲ့ဒေသ မြေပေါ် နဲ့ မြေ ောက်ရေ အလွယ်တကူရနိုင်တဲ့ တချို့ဆင်းရဲတဲ့ ရွာတွေမှာတော့ အိမ်တိုင်ရာရောက်ရေပေးရေးကို မလုပ်လိုကြဘူးလို့ ပြောပါတယ်။ အမှန်တော့ ရွာတွေမှာ စင်မြင့်ရေလှောင်ကန်တွေ တည်ဆောက်ပြီး အိမ်သွယ်ရေတိုင်နဲ့ ရေပေးတဲ့ အိမ်တိုင် ရာရောက် ရေပေးရေးတွေ ဆောင်ရွက်ပေးနေတာဟာ အဓိကက သန့်ရှင်းတဲ့ သောက်သုံးရေ လုံလုံလောက်လောက် ရရှိဖို့ ဖြစ်ပါတယ်။ သို့မှသာ ရွာသူရွာသားတွေရဲ့ ကျန်းမာရေး မြင့်မားကောင်း မွန်လာမှာဖြစ်ပါတယ်။ ပုဂ္ဂလိကနဲ့ လူအများဝိုင်းဝန်းသုံးစွဲကြတဲ့ မြေပေါ်မြေအောက် ရေအရင်းအမြစ်များ (ဥပမာ- ကန်ရေ၊ ချောင်းရေ၊ တွင်းရေ) ဟာ ကျန်းမာရေးနဲ့မညီတာ များပါတယ်။ ဒါ့ကြောင့် ရေလွယ်ကူစွာရတဲ့ ရွာတွေမှာလည်း ရေအရည်အသွေးကို ထိန်းနိုင်တဲ့ အိမ်တိုင်ရာရောက် ရေပေးရေးစနစ် ရှိသင့်ပါတယ်။ ဒါပေမယ့် ဒီရွာတွေမှာ ရေဖိုးကျခံရမှာစိုးတဲ့အတွက် မလုပ်လိုတဲ့သူတွေလည်း ရှိပါတယ်။
ရေသုံးစွဲမှုအခြေအနေ
ဒီနေရာမှာ ရွာတွေမှာ သောက်သုံးရေအတွက် ရေဖိုးရေခတွေ ဘယ်လောက်ကုန်ကျနေလဲဆိုတာကို သိသင့်ပါတယ်။ ကန်ရေသုံးတဲ့ရွာတွေ၊ မြေအောက်ရေက တွင်းတိမ်တူးလို့ရတဲ့ ရွာတွေ၊ ရေထိပ်နီးတဲ့ရွာတွေမှာ ရေဖိုးရေခမပေးရဘဲ ရေသယ်တဲ့လုပ်အားခ ဒါမှမဟုတ် ရေစည်လှည်း တိုက်ခသာ ကုန်ကျတဲ့ရွာတွေလည်း ရှိပါတယ်။ သို့သော် ထိုရွာတွေမှာပင် ရေဂါလန် ၅၀ ဆံ့တဲ့ ရေစည်လှည်းတိုက်ခက ငွေကျပ် ၅၀ဝ ခန့် အနည်းဆုံးရှိတဲ့အတွက် ရေတစ်ယူနစ် (တစ်ကုဗမီတာ) ရေဂါလန် ၂၂၀ ကို ငွေကျပ် ၂၂၀ဝ ကျပါတယ်။ တစ်နေ့ကို မိသားစုတစ်စုက ရေနှစ်စည်ခန့် အနည်းဆုံးလိုပါတယ်။ ဒါ့ကြောင့် မိသားစုတစ်စုမှာ ရေဖိုးမပေးရရင်ပင် ရေသယ်ခတစ်လ ငွေကျပ် ၃၀ဝဝဝ ခန့်ရှိပါတယ်။ ရေသယ်ခကို တစ်ရက်ချင်း ပေးရရင်ဖြစ်စေ၊ မိမိအိမ်က လှည်းနွားနဲ့ လူစိုက်ပြီး ဖြစ်စေ၊ ကိုယ်တိုင်လုပ်အားစိုက်ကာ ထမ်းရွက်ပြီး ရေသယ်ကြတဲ့အတွက် ရေသယ်ယူစရိတ် ကုန်ကျမှုကို မမှန်းဆမိကြတာ ဖြစ်ပါတယ်။ အပူပိုင်းဒေသ ရေရှားတဲ့ ရွာတွေမှာတော့ စက်ရေတွင်းတွေမှာ ရေသွားခပ်ပါက ရေဂါလန် ၅၀ ပါ ရေတစ်စည်ကို ငွေကျပ် ၂၀ဝ အနည်းဆုံးပေးကြရပါတယ်။
ရေစည်တိုက်ခနဲ့ဆို ရေတစ်စည် ငွေကျပ် ၇၀ဝ ပေးရပါတယ်။ ရေတစ်ယူနစ် (ရေဂါလန် ၂၂၀) ကို ငွေကျပ် ၃၀၈၀ ပေးရပါတယ်။ ဒါကြောင့် အပူပိုင်းဒေသက အညာကျေးလက်ဒေသတွေမှာ ကျေးရွာပိုင် စက်ရေတွင်းကရေကို ဝယ်သုံးရတဲ့ မိသားစုအတွက် တစ်လရေဖိုး အနည်းဆုံး ငွေကျပ် ၄၆၂၀ဝ ကျပါတယ်။ ရန်ကုန်၊ မန္တလေးတို့လို မြို့ကြီးတွေမှာ စည်ပင်သာယာရေးအဖွဲ့တွေကို တစ်လရေ ၁၅ ယူနစ်ခန့်သုံးတဲ့ မိသားစုတစ်စုအတွက် ရေဖိုးပေးရတာ ငွေကျပ် ၁၀ဝဝဝ အောက်မှာ ပဲရှိတဲ့အတွက် ရွာမှာနေသူတွေဟာ မြို့မှာနေသူတွေထက် ရေဖိုးလေးဆခန့် ပိုပေးနေရပါတယ်။
အိမ်တိုင်ရာရောက်ရေပေးရေး
ကျွန်တော် မကွေးတိုင်းဒေသကြီးမှာ ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ တာဝန်ထမ်းဆောင်စဉ် ကာလမှာ တိုင်းဒေသကြီးအတွင်းက ရွာတွေကို စီမံကိန်း (CDD)၊ ပြည်တွင်း ပြည်ပက အလှူငွေတွေနဲ့ ဆောင်ရွက်ကြရာမှာ ၂၀၁၉ ခုနှစ်အထိ မကွေးတိုင်းဒေသကြီးထဲမှာ ကျေးရွာ ၆၇၀ ကျော်အထိ အိမ်သွယ်ရေတိုင်ရေပေးရေး ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အိမ်သွယ်ရေတိုင်စနစ်မှာ မြို့ရေပေးရေးထက် ကျေးရွာရေပေးရေးက ရေလေလွင့်ဆုံးရှုံးမှုနည်းပြီး ရေအရည်အသွေး ထိန်းသိမ်းရပိုလွယ်ပါတယ်။
ကျေးရွာအတော်များများက အိမ်ခြေ ၈၀ နဲ့ ၂၀ဝ ကြားဖြစ်တဲ့အတွက် ပြင်ဆင်ထိန်းသိမ်းရ တာလည်း လွယ်ပါတယ်။ ထူးခြားတာကတော့ ရွာတစ်ရွာရဲ့ တစ်ရက်ရေလိုအပ်ချက်က နည်းတဲ့ အတွက် တချို့ရွာတွေမှာ နေရောင်ခြည်ကနေ လျှပ်စစ်ထုတ်သုံးတဲ့ ရေစုပ်စက် (Solar Pump) တွေ သုံးလာနိုင်ပြီး ရေစုပ်တင်ရာမှာ လိုတဲ့စက်သုံး ဆီဖိုးနဲ့ လျှပ်စစ်ဓာတ်အားခတွေ မကုန်တော့တဲ့ အတွက် ရေတစ်ယူနစ်တန်ဖိုးက ငွေကျပ် ၃၀ ခန့် သာ ကုန်ကျပါတယ်။
သောက်သုံးရေအခက်အခဲ
မကွေးတိုင်းဒေသကြီးအတွင်းမှာ စက်ရေတွင်း အနက်ပေ ၁၀ဝဝ ကျော်တဲ့အထိ တူးရတဲ့ တွင်းတွေ အတော်များပြီး မြန်မာနိုင်ငံမှာ သောက်သုံးရေရရှိဖို့ ခက်ခဲတဲ့ဒေသဖြစ်ပါတယ်။ အဆိုပါ ဒေသက အနက်ဆုံးတွင်းတွေကနေ ရေစုပ်တင်ပြီး အိမ်တိုင်ရာရောက် ရေပေးရေးလုပ်တဲ့ရွာတွေကို စစ်တမ်း ကောက်ကြည့်တဲ့အခါမှာ ရေခွန်ရေခ ကောက်တဲ့လုပ်အားခနဲ့ စက်သုံးဆီဖိုးအပါအဝင် ရေတစ်ယူနစ် (ရေဂါလန် ၂၂၀)ကို ငွေကျပ် ၂၀ဝ ထက် မပိုတာ တွေ့ရပါတယ်။
ဒါ့ကြောင့် တစ်လမှာ ရေ ၁၅ ယူနစ်ခန့်သုံးတဲ့ မိသားစုအတွက် တစ်လရေဖိုး ငွေကျပ် ၃၀ဝဝ ခန့် သာ ကျပါတယ်။ စက်ရေတွင်းက ရေဝယ်သုံးရတာနဲ့ နှိုင်းယှဉ်ပါက တစ်လရေဖိုး ငွေကျပ် ၄၃၀ဝဝ ကျော်သက်သာတာကို တွေ့ရပြီး တစ်နှစ်မှာ ငွေကျပ် ၅၁၆၀ဝဝ သက်သာပါတယ်။ အိမ်ခြေ ၁၀ဝ ပျမ်းမျှရှိတဲ့ ရွာတစ်ရွာအတွက် တစ်နှစ်လျှင် ရေဖိုး ငွေကျပ် ၅၁၆ သိန်းခန့် သက်သာမှာဖြစ်ပါတယ်။ အိမ်သွယ်ရေတိုင်ရှိတဲ့ ရွာ ၄၈၀ နဲ့ အကြမ်းဖျင်းခန့်မှန်းကြည့်ပါက တစ်နှစ်ရေဖိုးသက်သာငွေက ကျပ် ၂၄၇၆၈ သန်းရှိပါတယ်။
ဘီလီယံနဲ့ ပြောပါက ငွေ ၂၄ ဒသမ ၇ ဘီလီ ယံကျော်ဖြစ်ပါတယ်၊ ဒီငွေပမာဏကို ရွာသူ ရွာသားတွေက ငွေသား၊ မိမိလုပ်အားနဲ့ မိမိပိုင်လှည်းနွားကို အရင်းအနှီးပြုရတဲ့ တန်ဖိုးတွေ သက်သာသွားတာဖြစ်ပါတယ်။ ဒါဟာ မကွေးတိုင်း ဒေသကြီးအတွင်းရှိတဲ့ ရွာအရေအတွက်ရဲ့ ၁၀ ရာခိုင်နှုန်းမျှသာ ဖြစ်ပါတယ်။ တစ်တိုင်းလုံးမှာရှိတဲ့ ရွာအားလုံးသာ အိမ်သွယ်ရေတိုင်စနစ် ဆောင်ရွက်နိုင်ပါက မည်မျှသက်သာသွားမလဲဆိုတာ ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။
ဆောင်းပါးကိုချုပ်ရပါက ကျွန်တော်တို့ မြန်မာလူမျိုးများ တဖြည်းဖြည်း အရပ်တွေပုပြီး ခန္ဓာကိုယ် သေးညှက်လာရခြင်းရဲ့ အကြောင်းအရာတွေထဲမှာ နေ့စဉ်သောက်သုံးနေရတဲ့ သောက်သုံးရေ သန့်ရှင်းမှု မရှိတာက တစ်ချက်ပါပါတယ်။ ဒါကြောင့် လူဦးရေအများစုနေထိုင်တဲ့ ကျေးလက်ဒေသက ရွာတွေမှာ ရေအရည်အသွေးကို ထိန်းသိမ်းနိုင်ပြီး သန့်ရှင်းတဲ့ သောက်သုံးရေကို ဖြန့်နိုင်တဲ့ အိမ်သွယ်ရေတိုင်စနစ် မဖြစ်မနေ ဆောင်ရွက်သင့်ပါတယ်။ ဒါ့အပြင် ဝင်ငွေနည်းလို့ ဆင်းရဲမှုဖြစ်ကြရတဲ့အပေါ် နေ့စဉ်သောက်သုံးနေရတဲ့ရေအတွက် ကုန်ကျစရိတ် မများစေဖို့ လိုပါတယ်။ ရွာတွေမှာ အိမ်သွယ်ရေတိုင်စနစ် ဆောင်ရွက်ခြင်းဖြင့် မိသားစုထွက်ငွေကို လျှော့ချဖို့လိုပါတယ်။ မိသားစုတစ်စုမှာ စီးပွားဖြစ်ဖို့ ဝင်ငွေများပြီး ထွက်ငွေနည်းဖို့ လိုပါတယ်။ ဒါကြောင့် ရွာတွေမှာ အိမ်သွယ်ရေတိုင်စနစ်တွေ ဖော်ဆောင်ပေးတာဟာ ရွာမှာရှိတဲ့ မိသားစုအား လုံးရဲ့ ထွက်ငွေကို လျှော့ချတဲ့ စီးပွားရေးလုပ်ငန်း စဉ်တစ်ခုဆိုတာ သတိချပ်ဖို့ လိုပါတယ်။
မြန်မာ့အလင်း