သတင်းဆောင်းပါး . . ရဲခေါင်ညွန့်၊ ဓာတ်ပုံ . . ဖိုးထောင်

အင်္ဂလိပ်အစိုးရလက်ထက် မြင်းစီးပုလိပ်များ အကြမ်းဖက်နှိမ်နင်းသဖြင့် ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် ကျဆုံးရာနေရာ၊ လွတ်လပ်ရေးရရှိရန် ကြိုးပမ်းခဲ့ကြသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးရာနေရာ၊ အင်္ဂလိပ်လက်ထက် ယူနီယံဂျက်အလံကိုဖြုတ်ချ၍ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးအလံကို ပထမဆုံး လွှင့်ထူခဲ့ရာနေရာ၊ မြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတ စဝ်ရွှေသိုက် သမ္မတအဆောင်အယောင် အခမ်းအနားကို ရယူခဲ့ရာနေရာ...။

ထိုနေရာကား ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ အတွင်းဝန်ရုံးဟောင်း (ယခင်ဝန်ကြီးများရုံး) ဖြစ်သည်။ အဆိုပါ အတွင်းဝန်ရုံးဟောင်း၌ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက် စနေနေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန် ဝန်ကြီးများ အစည်းအဝေး ကျင်းပနေစဉ် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရ၍ ကျဆုံးခဲ့ရသည်။

လွတ်လပ်ရေးရရှိရန် ကြိုးပမ်းခဲ့သည့် ခေါင်းဆောင်ကြီးများကျဆုံးခဲ့သည့် ဇူလိုင် ၁၉ ရက်ကို အာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့ပြီး ယခုဆိုလျှင်(၇၂) နှစ်ရှိခဲ့ပြီဖြစ်သည်။ လုပ်ကြံမှုကြောင့် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဒီးဒုတ် ဦးဘချို၊ ဦးဘဝင်း၊ မိုင်းပွန်စော်ဘွားစဝ်စံထွန်း၊ မန်းဘခိုင်၊ ဦးရာဇတ်၊ အတွင်းဝန် ဦးအုန်းမောင်နှင့် ဦးရာဇတ်၏ သက်တော်စောင့် ရဲဘော်ကိုထွေးတို့ အတွင်းဝန်ရုံးအတွင်း သွေးမြေခကျဆုံး ခဲ့ရသည်။

(၇၂) နှစ်မြောက် အာဇာနည်နေ့ အလံတင်အလေးပြု ခြင်းအခမ်းအနားကို အာဇာနည်များကျဆုံးရာ အတွင်းဝန်ရုံးဟောင်းတွင် ကျင်းပခဲ့သည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် နိုင်ငံတော်အလံနှင့် အာဇာနည် ခေါင်းဆောင် အထိမ်းအမှတ် ကျောက်စာတိုင်အား မျက်နှာမူ နေရာယူထားကြသည်။

အာဇာနည်ခေါင်းဆောင်များအား ဂါရဝပြုရန် တက်ရောက်လာသူ ရန်ကုန်အရှေ့ပိုင်း သူနာပြုသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်ခင်သန်းလဲ့က “နိုင်ငံ ခေါင်းဆောင်ကြီးတွေကို လွမ်းဆွတ်သတိရခြင်း အမှတ်တရနဲ့ လာတာပါ။ ကျွန်မနဲ့အတူ ဆရာ ဆရာမတွေနဲ့ ဒုတိယနှစ် သင်တန်းသူ ၁၇ ဦး ပါပါတယ်။ နိုင်ငံခေါင်းဆောင်ကြီးတွေသာ သက်ရှိထင်ရှားရှိနေရင် ကျွန်မတို့နိုင်ငံက ခေတ်မီဖွံ့ဖြိုးပြီး တိုးတက်တဲ့နိုင်ငံကြီးဖြစ်နေပြီး ဗိုလ်ချုပ်ချမှတ်ခဲ့တဲ့ လမ်းစဉ် တွေနဲ့အတူ ကျွန်မတို့မျှော်မှန်းထားတဲ့ ပြည်သူလူထုရဲ့ဘဝ တွေကိုလည်း မြှင့်တင်နိုင်မှာပါ”ဟု ပြောသည်။

အစိုးရ၊ ပြည်သူနှင့် အာဇာနည်နေ့ ဆက်စပ်မှုကို ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီဝင်၊ စာရေးဆရာမ သန်းမြင့်အောင်က “အာဇာနည်ခေါင်းဆောင်ကြီးတွေ အကြောင်းကို အမြဲသိနေဖို့ လေ့လာရမယ်။ စာဖတ်ရမယ်။ ဒီလိုဝမ်းနည်းစရာနေ့မှာ ပိုပြီးစိတ်လှုပ်ရှားတယ်။ ဒီနေရာရဲ့ အငွေ့အသက်တွေကို မြင်ရတဲ့အခါ ဇာတိသွေး ဇာတိမာန် တက်ကြွပြီး တိုင်းပြည်အတွက် စွန့်လွှတ်ချင်တဲ့စိတ်ဓာတ်တွေ ပေါ်လာကြတယ်။ ဒါဟာ မမေ့နိုင်တဲ့ နေ့တစ်နေ့ပါ” ဟု ဆိုသည်။

 

mdn

 

အတွင်းဝန်ရုံးဟောင်းအား အများပြည်သူများ ကြည့်ရှုနိုင်ရန်အတွက် အာဇာနည်နေ့ ဇူလိုင် ၁၉ ရက် မှ ၂၁ ရက် အထိ ဖွင့်လှစ်ပေးထားပြီး ဝင်ပေါက်အဖြစ် သိမ်ဖြူလမ်းဘက်မှ ဝင်ရောက်၍ ထွက်ပေါက်အဖြစ် ဗိုလ်အောင်ကျော် လမ်းဘက်အား သတ်မှတ်ပေးထားသည်။

အဆိုပါရုံးအား ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ခွင့် ရရှိထားသည့် အနော်မာစီမံကိန်းတာဝန်ခံ ဦးမျိုးမင်းဝင်းက “တိုင်းပြုပြည်ပြု လွှတ်တော်ပါလီမန် သမိုင်းခန်းမမှာဆို ကလေးပန်းချီနဲ့ အရေးကြီးတဲ့ သမိုင်းဆိုင်ရာ အချက်အလက်တွေလေ့လာနိုင်ပါတယ်။ အနောက်ဘက်အခြမ်း မှာတော့ အမျိုးသားပြတိုက်မှာထားရှိတဲ့ ဗိုလ်ချုပ်ကျဆုံးစဉ်က ကျန်ရစ်ခဲ့တဲ့ပစ္စည်း ၂၈ မျိုးကို TV  နှစ်လုံးနဲ့ ပြသထားတယ်။ ဗိုလ်ချုပ်နဲ့ အာဇာနည်ခေါင်းဆောင်တွေ ကျဆုံးစဉ်က အခန်းကိုတော့ မူလအတိုင်း ပြင်ဆင်လျက်ရှိတာကို ပရိုဂျက်တာနဲ့ပြသထားပါတယ်။ ကြံ့ခိုင်မှုအရ အပေါ်ကိုတော့ ပေးမတက်ပါဘူး” ဟု ပြောသည်။

ရုံးအတွင်းတွင် စာမျက်နှာ (၅၆) မျက်နှာ ပါဝင်သည့် အာဇာနည်နေ့ အမှတ်တရစာအုပ်များကို လိုက်လံဝေငှပေးနေပြီး စာအုပ်နောက်ကျောတွင်မူ ပြန်ကြားရေးဝန်ကြီးဌာနမှ အခမဲ့ထုတ်ဝေသည်ဟု ပါရှိသည်။ ထို့အတူ FGN ကုမ္ပဏီကလည်း ပဝါနှင့် Mask Cover များကို ဝေငှပေး နေသည်။

အထက(၅) ဗိုလ်တထောင်ကျောင်းအုပ်ကြီး ဒေါ်နန်းစန္ဒာအောင်က “ဗိုလ်တထောင် အထကကျောင်း ငါးကျောင်း က အလံတင်အခမ်းအနားမှာ လာရောက်ဂါဝရပြု၊ အလေး ပြုခွင့်ရပါတယ်။ ဗိုလ်ချုပ်နှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေကျဆုံးတာကို စာအုပ်ထဲမှာတွေ့ရတဲ့ အနေအထားကနေ ကိုယ်တိုင်လာရောက် လေ့လာကြခြင်း ဖြစ်ပါတယ်။ နောက်အာဇာနည်နေ့အကြောင်း ဟောပြောပွဲတွေလုပ်ထားတော့ နိုင်ငံခေါင်းဆောင်ကြီးတွေ ကျဆုံးတဲ့ အထိမ်းအမှတ်အခမ်းအနားတစ်ခုကို အခုလိုတက်ရောက်ခွင့်ရတော့ စိတ်လှုပ်ရှားနေကြတယ်” ဟု ပြောသည်။

အထက (၅) ဗိုလ်တထောင်မှ နဝမတန်းကျောင်းသူ မစုမြတ်နိုးက “အာဇာနည်နေ့နဲ့ ပတ်သက်တဲ့ စာတွေတော့ ဖတ်ဖြစ်တယ်။ အာဇာနည်နေ့က နိုင်ငံလွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့တဲ့ အာဇာနည်ခေါင်းဆောင် (၉) ဦး ကျဆုံးတဲ့နေ့ပါ။ ဝမ်းနည်းစရာနေ့တစ်နေ့ဖြစ်ပါတယ်။ ခေါင်းဆောင်တွေကို လာရောက်ဂါရဝပြုရတဲ့အတွက် ပီတိဖြစ်မိပါတယ်။ ကျန်တာတွေတော့ သိပ်မသိဘူး” ဟု သူသိထားသလောက် ဆိုသည်။

အတွင်းဝန်ရုံးဟောင်းအတွင်းသို့ ဝင်ခွင့် စတင်ခွင့်ပြုသည့် နံနက် ၉ နာရီတွင်မူ ပြည်သူများ တဖွဲဖွဲဝင်ရောက်လာနေသလို ဝန်ကြီးများရုံးပတ်လည်ရှိ သိမ်ဖြူလမ်း၊ အနော်ရထာလမ်းနှင့် မဟာဗန္ဓုလလမ်းတို့တွင် ဝင်ခွင့်ရရန် တန်းစီစောင့်ဆိုင်းလျက်..။

လှိုင်သာယာမြို့နယ် အမေ့အိမ်စာသင်ကျောင်းမှ ကျောင်းဆရာ ဆရာတာ တစ်ယောက် ကျောင်းသား၊ ကျောင်းသူများကို ဦးဆောင်ကာ အတွင်းဝန်ရုံးဟောင်းအတွင်းရှိ ပါလီမန် အဆောက်အဦအတွင်းသို့ ဝင်ရောက်လာသည်။

“ဒီနေရာကို အရင်ကလည်း ကျွန်တော်ရောက်ဖူးတယ်။ အသစ်အဆန်း မဟုတ်ပေမယ့် မရောက်ဖူးတဲ့ ကျောင်းသား ကျောင်းသူတွေအတွက် ရည်ရွယ်တယ်။ ဒါကြောင့် သူတို့ကို လိုက်လံပြသတာပါ။ ကျောင်းသား ကျောင်းသူ ၃၀ဝ ကို ခေါ်လာတာပါ။ အာဇာနည်နေ့က လူတိုင်းသိပေမယ့် ကလေးတွေ ပိုသိလာအောင်ပါ။ ပြတိုက်နဲ့ ဗိုလ်ချုပ်ကြေးရုပ်ကိုလည်း လိုက်ပို့ဦးမယ်။ အခုလိုလုပ်ပေးတဲ့အတွက် အာဇာနည်နေ့က ဘယ်လိုလဲဆိုတာ ကလေးတွေအပါအဝင် အားလုံး ဂဃနဏ မြင်ဖူးတွေ့ဖူးအောင်ပါ “ ဟု ဆရာတာက ပြောသည်။ အတွင်းဝန်ရုံးဟောင်း၏ ပါလီမန် အဆောက်အဦတွင် အာဇာနည်ခေါင်းဆောင်များအကြောင်း ဗီနိုင်းပိုစတာများ၊ ကလေးပန်းချီများ၊ အစည်းအဝေးခန်းမ၊ မြန်မာနိုင်ငံတွင် ပြောင်းလဲ အသုံးပြုခဲ့သည့် အလံများနှင့် အတွင်းဝန်ရုံးဟောင်း၏ သမိုင်းဝင်ဖြစ်ရပ်များ အကြောင်းကို ပြသထားသည်။ အတွင်းဝန်ရုံးဟောင်း အနောက်ဘက် ဗိုလ်ချုပ်နှင့် အာဇာနည်များ ကျဆုံးရာနေရာ ခန်းမအောက်တွင် ပရိုဂျက်တာဖြင့် ပြသထားသည့် အစည်းအဝေးခန်းမနှင့် လုပ်ကြံခံရသည့်အချိန်တွင် ကျန်နေရစ်သည့် ပစ္စည်းများကို စိတ်ဝင်တစားကြည့်ရှုနေသည့် သားအမိနှစ်ယောက်အား လာရောက်ရသည့် ရည်ရွယ်ချက်ကို မေးကြည့်သောအခါ ယခုကဲ့သို့ ဖြေဆိုသည်။ “သမီးလေးကို လိုက်ပို့တာပါ။ သမီးက အာဇာနည်နေ့ အကြောင်း စာတော့သင် ရတယ်။ ‘ဒါပေမယ့် တကယ့်လက်တွေ့ မှာ ကလေးတွေရဲ့ရင်ထဲမှာလည်း အာဇာနည်ခေါင်းဆောင် ကြီးတွေဘယ်လိုသက်စွန့်ကြိုးပမ်းခဲ့သလဲ။ ဒါသည် မြန်မာလူမျိုးတွေရဲ့ သမိုင်းဝင်နေ့ တစ်နေ့..။ ရင်ထဲမှာ အမြဲငိုနေ ရတဲ့နေ့..။ ဒါကို အမေတွေက လက်ဆင့်ကမ်းပြီး သမီးကို ပြောပြချင်လို့ ခေါ်လာခဲ့တာပါ။ အာဇာနည်ပုဂ္ဂိုလ်ကြီးတွေသာ သက်ရှိထင်ရှားရှိနေရင် နိုင်ငံက အလွန်တိုးတက်နေမယ်လို့ ထင်ပါတယ်။ သူတို့သာရှိခဲ့မယ်ဆိုရင် တိုင်းပြည်က စည်းကမ်း တွေလည်းရှိမယ်”ဟု ကြည့်မြင်တိုင်တွင်နေထိုင်သည့် ဆရာမ ဒေါ်ခင်လှဝင်းက ပြောသည်။

မကွေး၊ နတ်မောက်ဇာတိ ရန်ကုန်ပညာရေးတက္ကသိုလ်မှ နောက်ဆုံးနှစ် ကျောင်းသူ မယဉ်မာမိုးက “ရန်ကုန် ပညာရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂက ဦးဆောင်ပြီး လာတာပါ။ သူငယ်ချင်း အယောက် ၅၀ လောက်ပါတယ်။ ဒီနှစ်က ကျောင်းနောက်ဆုံးနှစ်ဆိုတော့ မရောက်ရောက်အောင်လာတာ။ ပထမဆုံးရောက်ဖူးတာဆိုတော့ တစ်မျိုးကြီးပဲ။ ရင်ထဲမှာ ခံစားရတာ ပြောမပြတတ်ဘူး။ ကြည်နူးသလိုလို၊ ဝမ်းနည်းသလိုလိုပဲ။ ကျောင်းဆရာမ လုပ်ရမှာ ဆိုတော့ ညီမတို့ရဲ့ ကျောင်းသား ကျောင်းသူ ကလေးတွေကို အာဇာနည်နေ့အကြောင်း အများကြီးပြောပြမယ်။ များသောအားဖြင့် အာဇာနည်နေ့ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းပဲ သိကြတာ။ ဗိုလ်ချုပ်တင်မဟုတ်ဘဲ အာဇာနည် ကိုးဦးအကြောင်း ပြောပြပြီး သူတို့လမ်းစဉ်ကို လိုက်နာနိုင်အောင် သင်ပေး မှာပါ” ဟု ပြောသည်။

အတွင်းဝန်ရုံးဟောင်း အဆောက်အဦ မဟာဗန္ဓုလလမ်းဘက်အခြမ်းကို အင်္ဂလိပ်လက်ထက် ၁၈၈၉ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ၁၉၀၂ ခုနှစ်တွင် ပြီးစီးခဲ့သည်။ အင်္ဂလိပ်အုပ်ချုပ်ရေးယန္တရားကို တည်ဆောက်ရန် မလုံလောက်သောကြောင့် ၁၉၀၂ ခုနှစ်တွင် ပင် သိမ်ဖြူလမ်းနှင့် ဗိုလ်အောင်ကျော် လမ်းဘက်ခြမ်းကို ဆက်လက်တည် ဆောက်ခဲ့ပြီး ၁၉၀၅ ခုနှစ်တွင် ပြီးစီးသည်။ အနော်ရထာလမ်းဘက်မှ မြင်ရသည့် မြင်းဇောင်းများကို ၁၉၀ဝ ပြည့်နှစ်ကျော်တွင်ပင် ဆက်လက် တည်ဆောက်ခဲ့ပြီး တိုင်းပြုပြည်ပြု လွှတ်တော် ပါလီမန်ကို ၁၉၂၇ ခုနှစ် နောက်ပိုင်းတွင် ဆက်လက်တည် ဆောက်ခဲ့သည်ဟု မှတ်တမ်းများအရ သိရှိရကြောင်း အနော်မာစီမံကိန်း တာဝန်ခံ ဦးမျိုးမင်းဝင်းက ပြောသည်။ မကြာမီကာလအတွင်း ပြတိုက်အဖြစ် တွေ့ မြင်ရမည့် အတွင်းဝန်ရုံး ဟောင်းသည် စကားမပြောသည့် သမိုင်းသက်သေများ တည်ရှိနေသလို လွတ်လပ်ရေးကြိုးပမ်းခဲ့သူ အာဇာနည် သူရဲကောင်းတို့ရှိခဲ့ရာ အရပ်ဖြစ်ပေသည်။ ။

မြန်မာ့အလင်း