ကလျာမိုးမြင့်

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်ဟာ အက်ဖ် ၃၅ တိုက်ခိုက်ရေးလေယာဉ်တွေကို တူရကီဆီ ရောင်းချတော့မှာမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။ အကြောင်းကတော့ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းမှာ တူရကီက ရုရှားလုပ် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်ကာကွယ်ရေးစနစ်ကို ဝယ်ယူလိုက်တာကြောင့်ပါပဲ။ ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်တဲ့အနေနဲ့ ကွန်ဂရက်လွှတ်တော်အတွင်းမှာရှိကြတဲ့ အများစုက လုပ်ချင်နေကြတဲ့ အရေးယူဒဏ်ခတ် ပိတ်ဆို့မှုတွေကို ရှောင်ရှားနိုင်ဖို့အတွက်တော့ တူရကီကို အကူအညီပေးလိုတယ်လို့ သမ္မတထရမ့်က ဆိုနေပါတယ်။

အတူယှဉ်တွဲပိုင်ဆိုင်ဖို့ မဖြစ်နိုင်

ဒါက တူရကီဟာအတော်လေးတင်းမာတဲ့ အခြေအနေတစ်ခုထဲကို ရောက်ရှိနေတာလို့ ဆိုရမှာဖြစ်ပြီး တကယ်တမ်းတော့ သိပ်ပြီးမျှတမှုမရှိဘူးလို့ ထရမ့်က ပြောပါတယ်။ တူရကီ ကာကွယ်ရေးဝန်ကြီးဌာနဟာ အန်ကာရာမြို့အပြင်ဘက် လေတပ်အခြေစိုက်စခန်းမှာ ရောက်ရှိနေတဲ့ ရုရှားဒုံးခွင်းစနစ် အစိတ်အပိ်ုင်းတွေရဲ့ ပုံရိပ်တွေကို တွစ်တာပေါ်မှာ မကြာခဏ ဆိုသလို ဖော်ပြခဲ့ပါတယ်။ တူညီတဲ့ ကွန်ရက်တစ်ခုအတွင်းမှာ အက်ဖ် ၃၅ ဂျက်လေယာဉ်ရယ်၊ ရုရှားဒုံးကျည်တွေရယ် နှစ်မျိုးလုံးအတူတကွ လုပ်ငန်းဆောင်ရွက်လို့ မရဘူးဆိုပြီး အမေရိကန် တပ်မတော်နဲ့ ထောက်လှမ်းရေး အာဏာပိုင်တွေက လပေါင်းများစွာကြာအောင် သတိပေး ခဲ့ပြီးဖြစ်ပါတယ်။

အချက်အလက်တွေ ပေါက်ကြားမှုဖြစ်နိုင်

ကယ်၍ အက်ဖ် ၃၅ နဲ့ အက်စ် ၄၀ဝ နှစ်မျိုးလုံးကို တူရကီက ရယူမယ်ဆိုရင် မကြာခင်အချိန်အတွင်းမှာ နေတိုးအဖွဲ့နဲ့ တခြားသော မိတ်ဖက်နိုင်ငံတွေရဲ့ လေကြောင်း အင်အားစုအတွက် ကြံ့ကြံ့ခံတဲ့စက်ကိရိယာ တစ်ခုလို ဖြစ်လာတော့မယ့် ဖိုက်တာဂျက် လေယာဉ်ကို အနိုင်တိုက်ဖို့ လိုအပ်တဲ့ အရေးကြီး သတင်းအချက်အလက်တွေ ရုရှားဆီ ရောက်သွားမယ့် အဖြစ်မျိုးကို အမေရိကန်က အကြီးအကျယ် စိုးရိမ်နေတာကလည်း အကြောင်းတစ်ခုပါ။ ရုရှားကာကွယ်ရေးလုပ်ငန်းတွေနဲ့ သိသာထင်ရှားတဲ့ ပတ်သက်ဆက်ဆံမှုမျိုး လုပ်တာကနေ နိုင်ငံအများအပြားကို ကန့်သတ် မှုပြုလုပ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေက တစ်ဆင့် အမေရိကန်ရဲ့ ရန်သူတွေကို ရင်ဆိုင်တဲ့ ၂၀၁၇ ခုနှစ် ဥပဒေအရ တူရကီဟာ အရေးယူ ပိတ်ဆို့မှုတွေကိုလည်း ရင်ဆိုင်ရဖို့ ရှိနေပါသေးတယ်။

ရုရှားအက်စ် ၄၀ဝ ဒုံးကျည်ကို တူရကီ ဝယ်ယူမှုနဲ့ပတ်သက်ပြီး သမ္မတထရမ့်ရဲ့ မှတ်ချက်က ပထမဆုံးအကြိမ်အဖြစ် အများပြည်သူဆိုင်ရာ ဖော်ပြချက်တွေကို ကိုယ်စားပြုခဲ့ပါတယ်။ အမေရိကန်သမ္မတဟာ ပြည်ပသို့ လက်နက်ရောင်းချမှုကို ၎င်းရဲ့ နိုင်ငံခြားရေး မူဝါဒထဲမှာ အဓိကကျတဲ့ အစိတ်အပိုင်းတစ်ခု အဖြစ် ထည့်သွင်းသတ်မှတ်ထားတဲ့ သူတစ်ဦ လည်း ဖြစ်ပါတယ်။ လွှတ်တော်အတွင်းမှာ ရှိကြတဲ့ အမေရိကန်ဥပဒေပြု လွှတ်တော်အမတ်တွေဟာဆိုရင် အက်စ် ၄၀ဝ ဒုံးကျည်ကာကွယ်ရေးစနစ် ဝယ်ယူလိုက်တဲ့ တူရကီရဲ့ဆုံးဖြတ်ချက်အပေါ် ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်နေပြီး ဒီကိစ္စနဲ့ပတ်သက်လို့ ပြင်းပြင်းထန်ထန်နဲ့မြန်မြန် ဆန်ဆန်တုံ့ပြန်ဖို့ သမ္မတထရမ့်ကို တိုက်တွန်းနေကြပါတယ်။

အဖိုးအခ

ရုရှားနိုင်ငံကနေ အက်စ် ၄၀ဝ ဒုံးကျည် ကာကွယ်ရေးစနစ်ပေးပို့မှုကို လက်ခံလိုက်ခြင်းအားဖြင့် သမ္မတ အာဒိုဂန်ဟာ တူရကီရဲ့ လုံခြုံရေးဆိုင်ရာအတွက်၊ စီးပွားရေးဆိုင်ရာ အကျိုးအမြတ် အတွက်နဲ့ နေတိုးမဟာမိတ်အဖွဲ့ရဲ့ ပြည့်စုံမှုအတွက် အဖိုးအခအနေနဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ အန္တရာယ်ကြီးတဲ့ မိတ်ဖက်ဆက်ဆံမှုတစ်ခုကို ရွေးချယ်လိုက်တာပဲလို့ ဆီးနိတ်လွှတ်တော် လက်နက်ဝန်ဆောင်မှုနဲ့ ပြည်ပဆက်ဆံရေး ကော်မတီရဲ့ ဒီမိုကရက်တစ်နဲ့ ရီပတ်ဘလစ်ကန် လွှတ်တော်အမတ်တွေက ပြီးခဲ့တဲ့ရက်ပိ်ုင်းအတွင်း သမ္မတထရမ့်ဆီ ရေးသားပေးပို့ခဲ့တဲ့ ပေးစာတစ်စောင်ထဲမှာ ပါရှိပါတယ်။

တူရကီငြင်းပယ်

တူရကီသမ္မတ ရီဆက်တေယစ်အာဒိုဂန်ရဲ့ အခုလုပ်ဆောင်ချက်တွေအတွက် နောက်ဆက်တွဲ ပြဿနာရပ်တွေ ရှိကိုရှိလာလိမ့်မယ်လို့ ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက်တစ်အမတ်တွေက စာထဲမှာ ရေးသားဖော်ပြထားပါတယ်။ တူရကီအနေနဲ့ ၎င်းရဲ့လေပိုင်နက်ကို အက်ဖ် ၃၅ ဂျက် လေယာဉ်နဲ့ ပက်ထရီယော့ လေကြောင်းကာကွယ် ရေးစနစ်တွေနဲ့ ကာကွယ်ရေးဖြစ်မြောက်အောင် လုပ်ဆောင်ရင်း တစ်ချိန်တည်းမှာ အမေရိကန်နဲ့ မဟာဗျူဟာကျတဲ့ ဆက်ဆံရေးကို ထိန်းသိမ်းစေဖို့ အမေရိကန်ဘက်က ကြိမ်ဖန်များစွာကြိုးစားခဲ့သမျှကို သမ္မတအာဒိုဂန်က ငြင်းပယ်လိုက်တာပဲဖြစ်တယ်လို့ အမတ်တွေက ဆိုထားပါတယ်။

သမ္မတ အိုဘားမား လက်ထက်တုန်းက ရုရှားလုပ် အက်စ် ၄၀ဝ ဒုံးကျည်ကာကွယ်ရေးစနစ်အစား အမေရိကန်လုပ် ပက်ထရီယော့ ဒုံးခွင်းစနစ်ကိုဝယ်ဖို့ တူရကီကို အခြေအနေတွေအများကြီး ပေးခဲ့ပြီးတဲ့နောက် သမ္မတထရမ့် လက်ထက်မှာ အင်မတန်မှ ပေကတ်ကတ်နိုင်တဲ့ အခြေအနေ တစ်ခုကို ဆက်ပြီးရင်ဆိုင်နေရကြောင်း ထရမ့်က ပြောခဲ့ဖူးပါတယ်။

ဆက်မလုပ်ဖို့သတိပေး

မကြာသေးခင်လများအတွင်း တူရကီအနေနဲ့ အက်စ် ၄၀ဝ ဒုံးကျည်ကာကွယ်ရေးစနစ်ဝယ်မယ့် ကိစ္စကို ဆက်မလုပ်ဖို့ ဝါရှင်တန်က သတိပေးခဲ့ပါတယ်။ ဖြစ်နိုင်ဖွယ်ရှိတဲ့ အရောင်းအဝယ် စာချုပ် နဲ့ပတ်သက်ပြီး သတိပေးချက်တစ်ခုအနေနဲ့ အက်ဖ် ၃၅ ဂျက်လေယာဉ်တွေနဲ့တကွ ဆက်စပ်ပစ္စည်းတွေ သင်္ဘောနဲ့ ပို့ဆောင်မှုကိုလည်း အမေရိကန်က ပြီးခဲ့တဲ့ဧပြီလမှာ ရပ်နားလိုက်ပါတယ်။ အရောင်းအဝယ်ကိစ္စကို နောက်ပြန်မလှည့်နိုင်ဘူးလို့ သမ္မတအာဒိုဂန်က အလေးအနက် ပြောဆိုလိုက်ပြီးနောက်မှာ ခိုင်မာပြတ်သားတဲ့ ဆုံးဖြတ်ချက်ကို ချလိုက်တဲ့ပုံစံပါပဲ။

ပင်တဂွန်စစ်ဌာနချုပ်က လာမယ့် ၂၀၂၀ ပြည့်နှစ်မှာ တူရကီ ရောင်းချသူတွေဆီက အက်ဖ် ၃၅ ဂျက်လေယာဉ် အစိတ်အပိုင်းတွေ ဝယ်ယူမှုကို ရပ်စဲကြောင်း ဇွန်လအတွင်းက ကြေညာခဲ့တာဖြစ် ပါတယ်။ မအောင်မြင်တဲ့ အာဏာသိမ်းမှုဖြစ်ပွားပြီး နောက်ပိုင်းမှာ သဘောထားတင်းမာတဲ့ တူရကီ သမ္မတဟာ တူရကီအရပ်ဘက် အဖွဲ့အစည်းတွေအပေါ် ပြင်းထန်တဲ့ နှိမ်နင်းနှိပ်ကွပ်မှုတွေ လုပ်ဆောင်ခဲ့ပြီး ရုရှားနဲ့ အီရန်အစိုးရအဖွဲ့တွေနဲ့လည်း နီးကပ်တဲ့ မဟာမိတ်ဆက်ဆံရေး ထူထောင် ခဲ့ပါတယ်။

ကုတ်အားတစ်ခုအဖြစ်အသုံးချ

အမေရိကန် မီဒီယာတွေကို ဖြေကြားထားတဲ့ သတင်းအရင်းအမြစ်တွေအရ တူရကီက မကြာသေးခင် ရက်ပိုင်းအတွင်းမှာပဲ ဆီးရီးယား မြောက်ပိုင်း နယ်စပ်တစ်လျှောက် ပိုင်းခြားဇုန် အတွင်းမှာ ကျန်ရှိနေတဲ့ အာရပ်တိုက်ခိုက်ရေး သမားတွေနဲ့ အမေရိကန် ကျောထောက် နောက်ခံပေးထားတဲ့ ကာ့ဒ်အုပ်စုတွေကို တိုက်ခိုက်ချေမှုန်းဖို့ ဆီးရီးယားကို စစ်ရေးအရ ကျူးကျော်ဝင်ရောက်ဖို့ စတင်ပြင်ဆင်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ သမ္မတအာဒိုဂန် အနေနဲ့ သမ္မတထရမ့်အစိုးရအဖွဲ့က လုပ်ဆောင်လာတဲ့ အရေးယူပိတ်ဆို့မှုအသစ်တွေကို ဆန့်ကျင်တဲ့ ကုတ်အားကန်အား တစ်ခုအနေနဲ့ စစ်ရေးအရ ကျူးကျော်တဲ့ဆောင်ရွက်မှုတွေကို အသုံးပြုနိုင်တယ်လို့ တွက်ဆထားပုံပါပဲ။

မတားဆီးနိုင်ခဲ့

သမ္မတထရမ့်ကတော့ ၎င်းရဲ့တူရကီ ဆွေးနွေးဘက် သမ္မတအာဒိုဂန်နဲ့ ကောင်းတဲ့ ဆက်ဆံရေးအခြေအနေတစ်ခု ဖြစ်မြောက်ဖို့ ကြိုးစားခဲ့ပြီး အခုနှစ် အစောပိုင်းမှာတုန်းက ဂျပန်မှာကျင်းပတဲ့ ဂျီ - ၂၀ ထိပ်သီးအစည်း အဝေးမှာတောင် နောက်ထပ်အရေးယူပိတ်ဆို့မှုတွေ တူရကီအပေါ် ကျရောက်မလာစေအောင် တားဆီးဖို့ ကူညီပေးနိုင်တယ်လို့ ဆိုခဲ့ပါသေးတယ်။ သို့သော်လည်းပဲ ရုရှားဒုံးကျည်ကာကွယ်ရေးစနစ်ကို ဝယ်ယူဖို့ တူရကီက လွန်ခဲ့တဲ့ လပေါင်းများစွာကတည်းက ယတိပြတ်ဆုံးဖြတ်ထားပြီးသားဖ စြ်နေတဲ့အတွက် ဒါကို တားဆီးတဲ့ ကိစ္စက အထမမြောက်ခဲ့ပါဘူး။ ပြီးတော့လည်း သမ္မတအာဒိုဂန်က ၎င်းအနေနဲ့ ဒီထက်ပိုပြီး ရှုပ်ထွေးနက်နဲတဲ့ ဒုံးကျည်တွေအထိ ပိုင်ဆိုင်ရဖို့ လုပ်ငန်းဆောင်ရွက်နေတာတွေကို တိုးချဲ့ကောင်း တိုးချဲ့နိုင်တယ်လို့ ပြီးခဲ့တဲ့ မတ်လမှာ ကတည်းက ပြောခဲ့တာဖြစ်ပါတယ်။

ကိုးကား-အေအက်ဖ်ပီ