ညီထွန်းလတ်
ခွင့်အခါကြုံလို့ ဆုံခဲ့ရသည့်သူများပါပေ။ ဒီတစ်ခေါက် တရုတ်နိုင်ငံသို့ရောက်တော့ တရုတ်နိုင်ငံသူ အမျိုးသမီးလေး လေးဦးနဲ့ ဆုံခဲ့ပါသည်။ တရုတ်ပြည်မှာ တွေ့ဆုံခဲ့ရသူတွေကတော့ အမျိုးသား၊ အမျိုးသမီး အများကြီးပါ။ သို့သော် အဲဒီအထဲကမှ ထူးထူးခြားခြား သတိထားမိသူတွေက သူတို့လေးဦးဖြစ်ပါသည်။
(၁)
ပထမတစ်ဦးကတော့ ကျွန်တော်တို့အဖွဲ့ကို လိုက်လံ ရှင်းလင်းပြသပေးသည့် Tour Guide တရုတ်မကလေး ဖြစ်ပါသည်။ သူ့နာမည်က ဂျူလီ။
အသက်အားဖြင့် ၂၅ နှစ် နှင့် ၃၀ အကြား ရှိမည်ဟု ထင်ပါသည်။ သွက်သွက် လက်လက်၊ ဖျတ်ဖျတ်လတ်လတ်၊ သပ်သပ်ရပ်ရပ်၊ သန့်သန့်ရှင်းရှင်း။ အင်္ဂလိပ်စကားကို အများနားလည်အောင် အလွန်ပြေပြစ်စွာ ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်သည်။
မည်သည့်ဘာသာကိုမှ ကိုးကွယ်ခြင်းမရှိဟု သိရသည်။ သို့ပေမယ့် ကျွန်တော်တို့အား ရှန်ဟိုင်းရှိ ဗုဒ္ဓဘာသာဆိုင်ရာ အဆောက်အအုံတစ်ခုသို့ လိုက်လံရှင်းလင်း ပြသရာမှာတော့ ဗုဒ္ဓဘာသာဆိုင်ရာ ရုပ်တုတွေအကြောင်းကို ဘာသာတရားဆိုင်ရာ အဆုံးအမ၊ အသုံးအနှုန်းတွေ၊ ရာဇဝင်တွေနှင့် ကျကျနန ရှင်းလင်းပြောပြပေးနေပြန်ပါသည်။
ကြိုတင်ရေးဆွဲထားသည့် တစ်နေ့တာ လည်ပတ်ကြည့်ရှုကြမည့် နေရာများအတိုင်း အချိန်မီ ရောက်ရှိစေရန်လည်း ကျွန်တော်တို့အဖွဲ့ကို တွန်းတွန်းတိုက်တိုက်၊ တက်တက်ကြွကြွဖြင့် ဦးစီးခေါ်ဆောင်သွားနိုင်သည်။ (ကျွန်တော်တို့အဖွဲ့ထဲမှာက အေးအေးဆေးဆေး၊ လေးလေးကန်ကန် အသက်ကြီးအဖွဲ့သားများလည်း ပါလာသေးသည်ကိုး)
ဂျူလီသည် အလွန်စိတ်ရှည်သည်ကို တွေ့ရသည်။ မေးသမျှကို ဖြေပေးသည်။ နှေးနေသည်ကို တွန်းပေးသည်။ အထက်စီးပုံစံမျိုးဖြင့်လည်း မဆက်ဆံပါ။ ကျွန်တော်တို့အား သူ့အလုပ်ရှင်များ (သူ့ကို အလုပ်ပေးသူများ) ကဲ့သို့ လေးလေးစားစား ဆက်ဆံပါသည်။
ဤတရုတ်မကလေးသည် သူ့အလုပ်ကိုသူသိသည်။ ကျွမ်းကျင်သည်။ တန်ဖိုးထားသည်။ တာဝန်သိသည်။ တာဝန်ကျေအောင် ဆောင်ရွက်သည်။ Professional ပါပေသည်။ ဤကဲ့သို့ ချီးကျူးနေသည်ကို အထင်မလွဲစေလိုပါ။ သူ့အသက်အရွယ်သည် ကျွန်တော့်သမီးအရွယ်သာသာပဲ ရှိပါသည်။
အဓိက ပြောချင်တာကတော့ အလုပ်နှင့်ပတ်သက်သည့် သူတို့၏ သဘောထား၊ ခံယူချက်တွေ။ ပြီးတော့ တက်တက်ကြွကြွနှင့် ကြိုးကြိုးစားစား အလုပ်လုပ်သည့် သူတို့၏ပုံစံကိုပါ။ လွန်ခဲ့သည့် နှစ်အစိတ် သုံးဆယ်ခန့်က ကျွန်တော် တရုတ်နိုင်ငံသို့ ရောက်ခဲ့စဉ် တွေ့ရသည့် ပုံစံများနှင့် လုံးဝ ခြားနားနေခဲ့ပါပြီ။
(၂)
ဒုတိယတစ်ယောက်ကတော့ ကျန်းစုပြည်နယ် Zhenjiang Shipyardက အင်ဂျင်နီယာမလေး ဂျူဟောင်လီပါ။ အသက်အားဖြင့် ၃၀ ဝန်းကျင်သာရှိမည်ဟု ခန့်မှန်းမိပါသည်။
သူကလည်း ဒီလို နိုင်ငံတကာအဆင့်မီ သင်္ဘောကျင်းကြီးမှာ အမျိုးသားတွေနဲ့ အတူ ရင်ပေါင်တန်း အလုပ်လုပ်နေသူတစ်ဦးပါပဲ။ သူကတော့ တည်တည်ငြိမ်ငြိမ်၊ ရင့်ကျက်သည့်ပုံစံပါ။ ဒါပေမယ့် ဖျတ်ဖျတ်လတ်လတ်၊ တက်တက်ကြွကြွ၊ ပေါ့ပေါ့ ပါးပါးအမူအရာကိုလည်း တွေ့ မြင်နေရပါသည်။
ကျွန်တော်တို့ တက်ရောက်ကြည့်ရှုခဲ့ရသည့် သင်္ဘောရေချပွဲ (Floating Dock) အခမ်းအနားမှာ ရှန်ပိန်ပုလင်းကို ခွဲပေးခဲ့သူလေးပါ။ (မှတ်ချက်- အစဉ်အလာ ဓလေ့ ထုံးတမ်းအရ တည်ဆောက်ပြီးသည့် ရေယာဉ်သင်္ဘောတွေကို ရေချသည့် အခမ်းအနား (Launching Ceremony) မှာ ရှန်ပိန်ပုလင်းကို ရေယာဉ်ကိုယ်ထည်နဲ့ တိုက်ပြီးခွဲလေ့ရှိပါသည်။ ပြီးတော့ အဆိုပါ ရှန်ပိန်ပုလင်းခွဲသည့် အလုပ်ကိုလည်း အမျိုးသမီးတစ်ဦးကသာ ပြုလုပ်ရပါသည်။)
သူနဲ့စကားပြောကြည့်တော့ သူတို့နိုင်ငံအတွက် (သူတို့ကုမ္ပဏီအတွက်) အလုပ်လုပ်ရာမှာ ထားရှိသည့် ခံယူချက်၊ ယုံကြည်ချက်တို့သည် အလွန်မြင့်မားသည်ကို တွေ့ခဲ့ရပါသည်။
ကျွန်တော်ဆုံခဲ့ရသည်က တရုတ်ပြည်က အင်ဂျင်နီယာမလေးတစ်ဦးမျှသာပါ။ ကျန်သော အတတ်ပညာရှင်၊ အသိပညာရှင် တရုတ်လူငယ်များစွာလည်း ရှိနေဦးမည်သာပင်။
ဒီလိုတက်ကြွထက်မြက်တဲ့ အတတ်ပညာရှင်၊ အသိပညာရှင် လူငယ်တွေသည် တိုင်းပြည်ရဲ့ စီးပွားရေးကို တွန်းတင်ပေးမယ့် ပင်နယန်တွေပါပဲလားလို့ မြင်တွေ့ခဲ့ရ ပြန်ပါသည်။
(၃)
နောက်တစ်ဦးကတော့ စားသောက်ဆိုင်တစ်ဆိုင်မှဖြစ်သည်။ ပိုင်ရှင်လည်း သူ၊ မန်နေဂျာလည်း သူ၊ ဝန်ထမ်းအလုပ်ကိုလည်း ဝင်လုပ်တတ်သည့် တရုတ်မကလေး တစ်ဦးပါ။
သူသည်လည်း အသက် ၃၀ ဝန်းကျင်သာ ရှိလိမ့်ဦးမည်ဟု ဆိုနိုင်ပါသည်။ ရုပ်ရည်သန့်ပြန့်ပြီး နှစ်လိုဖွယ်အဆင်းရှိသူ။ ကျန်းမာသန်စွမ်းပုံရပြီး သွက်လက်ချက်ချာသူ လေးပါ။
ကိုယ်တိုင်လည်း စားပွဲထိုး၊ အခြားဝန်ထမ်းတွေကိုလည်းကွပ်ကဲ။ လက်ထဲမှာလည်း တက်ဘလက်တစ်ချပ်နဲ့ မှာယူတဲ့ စားသောက်စရာစာရင်းတွေ ရေးမှတ်လို့။ ဒါ့အပြင် စားဖိုဆောင်ထဲကိုလည်း ဝင်ချည်ထွက်ချည် ပျားတစ်ကောင်လို လူးလာခတ် နေပါသည်။
သူအလုပ်လုပ်နေလိုက်ပုံက ကျွန်တော်တို့လို မိဘအရွယ်တစ်ဦးအနေဖြင့် ကြည့်ရင်း ပီတိဖြစ်ရသလို နောင်ရေးအတွက် စိတ်ပူစရာမလိုသည့် သားသမီးပေပဲလို့ ဝမ်းမြောက်ကြည်နူးမိပါသည်။
ကျွန်တော်တို့အဖွဲ့ထဲက တစ်ဦးက ဟင်းလျာတွင်ပါသည့် အသီးအနှံတစ်မျိုးကို ဘာလဲဟု သိချင်၍ မေးရာ ကိုယ်တိုင်ပင် စားဖိုဆောင်ထဲဝင်သွားပြီး ထိုအသီးကို ယူလာ၍ ပြသပေးပါသည်။ အဲသလို စိတ်ရှည်ပေးသူပါ။
စကားစပ်မိရင်း ဘာလို့ အဲသလောက် အလုပ်တွေ လုပ်နေရတာလဲလို့ မေးကြည့်လိုက်တော့ တရုတ်တွေမှာ စကားပုံတစ်ခုရှိကြောင်း၊ သူဌေးမိသားစု မျိုးဆက်ဟာ သုံးဆက်အထိသာ ခံကြောင်း၊ သူဌေးသားသမီးတွေဟာ ဇိမ်ခံသုံးဖြုန်းနေကြလို့ နောက်ဆုံး သုံးဆက်မြောက်မှာ မွဲသွားလေ့ရှိတယ်လို့ ဆိုလိုကြောင်း၊ အဲဒီစကားပုံကို သူတို့လက်ထက်မှာမှားကြောင်း ပြသနိုင်ဖို့ ကြိုးစားသွားမှာဖြစ်ကြောင်း အားရပါးရ ပြောပြပါသည်။
သြော်၊ အားရစရာကောင်းလိုက်တဲ့ လူငယ်တွေဟု ကျွန်တော် တွေးမိပါသည်။
(၄)
ယခု နောက်ဆုံးပြောပြမယ့် တစ်ယောက်ကတော့ ထူးခြားသည်။
သူက မြန်မာပြည်မှာ အလုပ်လုပ်နေသည်မှာ ၁၀ နှစ်ခန့် ရှိနေပြီဖြစ်သော တရုတ်မကလေးပါ။ အသက် ၂၅ နှစ်က မြန်မာပြည်ကို ရောက်လာတာဆိုတော့ အခု အသက်က ၃၅ နှစ်ရှိပါပြီ။ နာမည်က မြန်မာအမည် ‘မရွှေရည်ပွင့်’ ပါတဲ့။
မြန်မာစကားကို ကောင်းကောင်းပြောတတ်သည့် ပေကျင်းသူစစ်စစ်ပေါ့။ အမြဲလိုလို ရွှင်ပြုံးနေတတ်သော သူ၏မျက်နှာက ပီဘိကလေးတစ်ယောက်လိုပင်။ ခင်မင် ချင်စရာကောင်း၏။
သူ့အမျိုးသားသည် ကျွန်တော်တို့အဖွဲ့ရဲ့ Coordinator (တရုတ်နိုင်ငံသား၊ အင်္ဂလိပ်လိုသာတတ်သူ) ဖြစ်ပြီး အလုပ်က South-East Asia Crude Oil Pipeline ကုမ္ပဏီလက်အောက်ရှိ Department တစ်ခုမှာ Supervisor အဖြစ် တာဝန်ထမ်းဆောင်ပါသည်။
သူသည် ကျွန်တော်တို့ခရီးစဉ် သုံးပုံတစ်ပုံလောက်မှာ ရှန်ဟိုင်းကို နောက်မှရောက်လာခဲ့သူပါ။ ကျန်တဲ့ခရီးစဉ်တွေမှာ သူ့အမျိုးသားနှင့်အတူ လိုက်ပါလာသဖြင့် ကျွန်တော်တို့အဖွဲ့အတွက်တော့ စကားပြန်တစ်ယောက် ထပ်မံအားဖြည့်ပေးလိုက် သလိုပါပဲ။ သူရောက်လာတော့ ကျွန်တော်တို့က မြန်မာလိုပြောပြီး သူကတရုတ်လို တိုက်ရိုက်ဘာသာပြန်ပေးသဖြင့် ပိုမိုအဆင်ပြေ သွက်လက်လာပါတော့သည်။
သူသည် မြန်မာပြည်ရောက်စက မြန်မာစကား သိပ်မပြောနိုင်ပါတဲ့။ ရန်ကုန်ရှိ နိုင်ငံခြားဘာသာ တက္ကသိုလ်မှာ တက်ရောက်ပြီး မြန်မာဘာသာကို သင်ယူတတ် မြောက်ခဲ့သူ ဖြစ်ပါသည်။
ယခုအခါတွင်မူသူသည် မြန်မာနိုင်ငံအခြေစိုက် တရုတ်ကုမ္ပဏီတစ်ခုအတွက် အလုပ်လုပ်ပေးနေပါသည်။ မြန်မာစကားကို ကျွမ်းကျင်စွာပြောတတ်သဖြင့် အတော်နေရာရနေသူတစ်ဦး ဖြစ်နေပါသည်။
ပြောချင်သည်မှာ တရုတ်မကလေးတစ်ဦးရဲ့ နယ်မြေခြားကို သွားရောက် အလုပ်လုပ်ရဲတဲ့ စွန့်စားမှု၊ ထိုးဖောက်မှု၊ ကြိုးစားမှု၊ အောင်မြင်မှုတွေဟာ ယခင်ဆယ်စုနှစ်များနဲ့မတူ၊ လုံးဝ ခြားနားခဲ့ပြီဆိုတာကိုပါ။
ကမ္ဘာအနှံ့ ဖြန့်ကြက်ရောက်ရှိနေကြတဲ့ အဲဒီလိုမျိုး တရုတ်လူငယ်လေးတွေဟာ သူတို့နိုင်ငံအတွက် စီးပွားရေးသံတမန် အသေးစားကလေးတွေလို့ပင် ဆိုနိုင်ပါလိမ့်မည်။
အားကိုးပါရစေ
ဤတရုတ်နိုင်ငံခရီးစဉ်မှာ တွေ့ခဲ့ရတဲ့ တရုတ်မကလေးများဟာ နမူနာ စိုးစဉ်းမျှသာ ဖြစ်ပါသည်။ အမှန်တကယ်တော့ တရုတ်လူငယ်တွေဟာ ကြိုးစားအားထုတ်မှု အပိုင်းမှာ အများကြီး မြင့်တက်လာနေကြပါပြီ။
ဆယ်စုနှစ် သုံးခုအတွင်းမှာ တရုတ်နိုင်ငံကို အမေရိကန်တို့ပင်လျှင် ဂရုစိုက်လာရသည်အထိ ဖြစ်စေသည့် တရုတ်နိုင်ငံ၏ အောင်မြင်မှုတွင် ဤကဲ့သို့သော တရုတ်လူငယ်ကလေးများ၏ အခန်းကဏ္ဍသည် ရှေ့ဆုံးက ပါရှိနေလိမ့်မည်ဟု ကျွန်တော် ယုံကြည်မိပါသည်။
သူတို့လို လူငယ်တွေဟာ တရုတ်ပြည်ရဲ့ အဓိက မောင်းနှင်အားတွေလည်း ဖြစ်ပါလိမ့်မည်။ နိုင်ငံတစ်နိုင်ငံရဲ့ Working Force ဟာ အသက် ၂၀ ကနေ ၄၀ အကြား လူငယ်တွေလို့ ဆိုတယ်မဟုတ်ပါလား။
အားရစရာကောင်းတဲ့ တရုတ်လူငယ်တွေကိုကြည့်ပြီး ကျွန်တော်တို့ရဲ့ မြန်မာလူငယ်တွေလည်း အားကျကြပါတော့၊ အားထုတ်ကြိုးစားကြပါတော့။
‘အားကိုးပါရစေ’ ဟုသာ။ ။